NUG ဗဟိုဘဏ် အထူးအကြံပေးအဖြစ် ရှောင်တာနဲလ်ကို ခန့်အပ်

စမ်းစမ်းတင် (ဝါရှင်တန်ဒီစီ)
1923.06.07
NUG ဗဟိုဘဏ် အထူးအကြံပေးအဖြစ် ရှောင်တာနဲလ်ကို ခန့်အပ် NLD အစိုးရ စီးပွားရေးအကြံပေး၊ သြစတြေးလျ နိုင်ငံသား မစ္စတာ ရှောင်တားနဲလ်
Milken Institute/Reuters

သြစတြေးလျနိုင်ငံသား စီးပွားရေးပညာရှင် ရှောင်တာနဲလ် (Sean Turnell) ကို ကြားကာလ ဗဟိုဘဏ် အထူးအကြံပေးပုဂ္ဂိုလ်အဖြစ် NUG အမျိုးသားညီညွတ်ရေးအစိုးရက ခန့်အပ်လိုက်ပါတယ်။ NUG ကြားကာလ ဗဟိုဘဏ် ဥက္ကဋ္ဌလည်းဖြစ် စီးပွားရေး၊ ဘဏ္ဍာရေးနဲ့ ရင်းနှီးမြုပ်နှံမှုဝန်ကြီးဌာန ဝန်ကြီးလည်းဖြစ်တဲ့ ဦးတင်ထွန်းနိုင်က ဇွန် ၁၃ ရက်နေ့စွဲနဲ့ လက်မှတ်ထိုးပြီး ထုတ်ပြန်တဲ့ကြညာချက်မှာ အခုလို ဖော်ပြထားတာပါ။

ဒီလို ခန့်အပ်လိုက်တာနဲ့ ပတ်သက်လို့ NUG သမ္မတရုံးပြောခွင့်ရ ဦးကျော်ဇော်က လက်ရှိ တော်လှန်ရေးကာလသာမက မြန်မာနိုင်ငံတော်သစ် ထူထောင်ရေးမှာ နိုင်ငံဖွံ့ဖြိုးတိုးရေးအတွက် မစ္စတာ ရှောင်တာနဲလ်လို ပညာရှင်မျိုး လိုအပ်တယ်လို့ မှတ်ချက်ပေးပါတယ်။

“သမ္မတအမိန့်နဲ့ ဗဟိုဘဏ် အမိန့်ကြော်ငြာစာလည်း ထုတ်ပြီးပြီ၊ ခုမှ ဝန်ကြီး ဦးတင်ထွန်းနိုင်က Mr. Sean Turnell ကို အကြံပေးအဖြစ် ခန့်တယ်ပေါ့နော်။ လွတ်လပ်တဲ့ စီးပွားရေးပညာရှင်အဖြစ် မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အရင်ကတည်းက ပညာရှင်တစ်ယောက်အနေနဲ့ ထဲထဲဝင်ဝင် အကြံပေးလာတဲ့တယ်။ မြန်မာနိုင်ငံအကြောင်းလည်း အကုန်သိတယ်။ ဆိုတဲ့အခါကျတော့ ကျွန်တော်တို့တော်လှန်ရေးအတွက် တော်လှန်ရေးကာလသာမက မြန်မာနိုင်ငံတော်သစ် ဖွံ့ဖြိုးတိုးတက်ရေးမှာ အများကြီး အထောက်အကူပြုမယ်။ ဒါကြောင့် Mr. Sean Turnell လိုမျိုး ပညာရှင်က ကျွန်တော်တို့အတွက် အများကြီးလိုအပ်ပါတယ်။ ဒါကြောင့်လည်း ခန့်အပ်တာ၊ ပြည်သူလူထုအကျိုးစီးပွားအတွက် ဖြစ်ပါတယ်။”

ဦးကျော်ဇော်ပြောတဲ့ ဗဟိုဘဏ်ဆိုင်ရာ အမိန့်ကြေညာစာ အကြောင်း NUG ကြားကာလ ဗဟိုဘဏ် ဥက္ကဋ္ဌ ဦးတင်ထွန်းနိုင် အကျဉ်းချုပ်ရှင်းပြတာကတော့

“Mr. Sean Turnell ကို မခန့်အပ်ခင်မှာ NUG အစိုးရ ယာယီသမ္မတကြီးက လက်မှတ်ရေးထိုးထုတ်ပြန်ထားတဲ့ ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်ဆိုတာ ရှိပါတယ်။ အဲဒါကတော့ ကြားကာလဗဟိုဘဏ် တည်ထောင်ခြင်းနဲ့ စပ်လျဉ်းတဲ့ အမိန့်ဖြစ်ပါတယ်။ ကြားကာလဗဟိုဘဏ်ကို တော်လှန်ရေးလိုအပ်ချက်အရ တည်ထောင်ပါတယ်။ တော်လှန်ရေးရည်ရွယ်ချက်ပေါ့နော်။ ကျွန်တော်တို့ရဲ့ ရန်သူဖြစ်တဲ့ အကြမ်းဖက်စစ်တပ်ရဲ့ ဝင်ငွေရလမ်းတွေကို ထိထိရောက်ရောက်ဖြတ်တောက်နိုင်ဖို့ ဗဟိုဘဏ်ရဲ့ အခန်းကဏ္ဍကို ထိရောက်စွာ ဆောင်ရွက်နိုင်ဖို့ဆိုပြီးတော့ ရည်ရွယ်တယ်။”

ပါမောက္ခ ရှောင်တာနဲလ်ဟာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အစိုးရလက်ထက်မှာ စီးပွားရေးအကြံပေးပုဂ္ဂိုလ်အဖြစ် ဆောင်ရွက်ခဲ့ပြီး စစ်တပ်အာဏာသိမ်းချိန်မှာ ဖမ်းဆီးခံခဲ့ရပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ စီမံဘဏ္ဍာဝန်ကြီး ဦးစိုးဝင်း၊ ဒုတိယဝန်ကြီး ဦးဆက်အောင်၊ စီမံဘဏ္ဍာဝန်ကြီးဟောင်း ဦးကျော်ဝင်းတို့နဲ့အတူ မြန်မာနိုင်ငံ အစိုးရလျှို့ဝှက်ချက်ဥပဒေပုဒ်မနဲ့ တရားစွဲဆိုခံရပြီး ထောင်ဒဏ် သုံးနှစ်ချမှတ်ခံခဲ့ရတာပါ။

ဒါကလည်း ပြည်သူလူထုအကျိုးစီးပွားကို ဆောင်ရွက်တဲ့အတွက် အကျဉ်းကျခဲ့ရတာလို့ ဦးကျော်ဇော်က သုံးသပ်ပါတယ်။

“ပြည်သူလူထု အကျိုးစီးပွားအတွက်လုပ်လို့ ရှင်းရှင်းပြောရရင် စစ်ကောင်စီက ဒဏ်ခတ်တာပါပဲ။ စစ်ကောင်စီဟာ ပြည်သူလူထုရဲ့ အကျိုးစီးပွားကို လုံးဝမလိုလားဘူး။ သူတို့ စီးပွားဥစ္စာရရှိဖို့ပဲ ရည်ရွယ်တယ်။ အဲဒိရည်ရွယ်ချက်နဲ့ ပြောင်းပြန် ပြည်သူ့အကျိုးစီးပွားနဲ့ လုပ်သူက ရန်သူပဲ။ ဒါကြောင့်လည်း Mr. Sean Turnell ဟာ မတရားဖမ်းဆီးချုပ်နှောင်ခံရတာ။”

NLD အစိုးရတက်လာတဲ့နောက် ထိုင်းနဲ့ စင်ကာပူနိုင်ငံက ဘဏ်တွေမှာ အရင်ကထားလေ့ရှိတဲ့ နိုင်ငံခြားအရန်ဘဏ္ဍာငွေတချို့ကို အမေရိကန်ပြည်ထောင်စု နယူးယောက် ဖက်ဒရယ်ဘဏ် Federal Reserve Bank of New York မှာ ထားရှိဖို့ အစီအစဉ်ကို စီးပွားရေးအကြံပေး မစ္စတာရှောင်တာနဲလ်၊ ဗဟိုဘဏ် ဒု ဥက္ကဋ္ဌ ဦးဘိုဘိုငယ်၊ ဦးဆက်အောင်နဲ့ စီမံဘဏ္ဍာ ဝန်ကြီး ဦးစိုးဝင်းတို့က ဦးဆောင်အကောင်အထည်ဖော်ခဲ့ပါတယ်။
၂၀၂၁ ဖေဖော်ဝါရီ မှာ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် ပထမဆုံး လုပ်ဆောင်ချက်တစ်ခုအနေနဲ့ နယူးယောက်ဖက်ဒရယ်ဘဏ်မှာ အပ်နှံထားတဲ့ နိုင်ငံပိုင် နိုင်ငံခြားငွေ ဒေါ်လာ တစ်ဘီလျံကို ရွှေ့ပြောင်းဖို့ ကြိုးစားခဲ့ပါတယ်။

52f7dc4e-abb2-43ec-be23-f3aa9e462784.jpeg
ချားလ်စ်ဘုရင်နှင့် တွေ့ဆုံခဲ့သည့် NLD အစိုးရ စီးပွားရေး အကြံပေး မစ္စတာ ရှောင်တာနဲလ်အား ၂၀၂၃ ခုနှစ် မေလ ၇ ရက်နေ့က တွေ့ရစဉ်။ (Photo: Sean Turnell - Facebook)

ဒီနိုင်ငံပိုင် ဒေါ်လာ တစ်ဘီလျံ အမေရိကန်ဘဏ်မှာ အပ်နှံတဲ့ကိစ္စမှာ မစ္စတာရှောင်တာနဲလ်ကို အဓိက တာဝန်ရှိသူအနေနဲ့ စစ်ကောင်စီက ရှုမြင်ပါတယ်။
ဒါတင်မက မစ္စတာ ရှောင်တာနဲလ်ဟာ တရုတ်ရဲ့ ကြွေးမြီထောင်ချောက်ကနေ ရှောင်ရှားဖို့ NLD အစိုးရကို အကြံပေးခဲ့တယ်လို့ ဂျာမနီနိုင်ငံမှာ နေထိုင်နေတဲ့ လူ့အခွင့်အရေး လေ့လာသူ ကို Nickey Diamond က ပြောပါတယ်။

“NLD အစိုးရရဲ့ စီးပွားရေးအကြံပေး Sean Turnell က တရုတ်ရဲ့ကြွေးမြီထောင်ချောက်တွေ။ စစ်တပ်ရဲ့ နိုင်ငံရေးနဲ့ စီးပွားရေးပေါ် လွှမ်းမိုးမှုတွေကို ဘယ်လိုဖယ်ရှားရမလဲဆိုတာ မဟာဗျူဟာမြောက် အကြံဉာဏ်တွေ ပေးခဲ့တာ။”

သြစတေးလျ စီးပွားရေးပညာရှင်ဟာ ရက်ပေါင်း ၆၅၀ ကျော် အကျဉ်းကျခံခဲ့ရပြီးနောက် ၂၀၂၂ နိုဝင်ဘာ ၇ ရက်နေ့က လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။
သူကိုယ်တိုင် မြန်မာနိုင်ငံက နိုင်ငံရေး အကျဉ်းသမား ဖြစ်ခဲ့ပြီး အင်းစိန်နဲ့ နိုင်ငံတစ်ဝန်းက အကျဉ်းကျနေသူတွေကို ကတိပေးခဲ့အတိုင်း ဗြိတိန်နန်းတက် တတိယမြောက် ချားလ်စ်ဘုရင်နဲ့ မေ ၇ ရက်က တွေ့ဆုံပြီး မြန်မာ့အရေး သတင်းစကားပါးခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။