NLD အစိုးရ စီးပွားရေးအကြံပေး ရှောင်တားနဲလ် ထောင်ချခံရခြင်းရဲ့နောက်ကွယ်

ရဲခေါင်မြင့်မောင် (ဝါရှင်တန် ဒီစီ)
2022.09.30
NLD အစိုးရ စီးပွားရေးအကြံပေး ရှောင်တားနဲလ် ထောင်ချခံရခြင်းရဲ့နောက်ကွယ် စစ်ကောင်စီက ဖမ်းဆီးထိန်းသိမ်းထားသည့် သြစတြေးလျ စီးပွားရေးပညာရှင် မစ္စတာ ရှောင်တားနဲလ်ကို ၂ဝ၂၁ ခုနှစ် ဇူလိုင် ၂၈ ရက်နေ့က အင်းစိန်ထောင်တွင် ကျန်းမာရေးစစ်ဆေးနေစဉ်။
Photo: AFP

နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သြစတြေးလျ နိုင်ငံသား စီးပွားရေး အကြံပေး မစ္စတာ ရှောင်တာနဲလ်၊ NLD အစိုးရ စီမံ/ဘဏ္ဍာ ဝန်ကြီး ဦးစိုးဝင်း၊ ဒုဝန်ကြီး ဦးဆက်အောင်၊ ယခင် စီမံဘဏ္ဍာ ဝန်ကြီးဟောင်း ဦးကျော်ဝင်းတို့ကို စစ်ကောင်စီရဲ့ ထောင်တွင်း အထူးတရားရုံးကနေ နိုင်ငံတော် လျှို့ဝှက်ချက် ဥပဒေ ပုဒ်မ ၃-၁ (ဂ) နဲ့ ထောင်ဒဏ် ၃နှစ်စီ ချမှတ်လိုက်တာဖြစ်ပါတယ်။

မစ္စတာ ရှောင်တာနဲလ်ဟာ လူဝင်မှုကြီးကြပ်ရေး အက်ဥပေဒနဲ့စွဲဆိုထားတဲ့ အမှုအတွက် လည်း ထောင်ဒဏ် သုံးနှစ် တစ်ပေါင်းတည်းကျခံဖို့ အမိန့်ချမှတ်ခံခဲ့ရတာ ဖြစ်ပါတယ်။

မြန်မာ့နိုင်ငံရေး ခေါင်းဆောင်ပိုင်းတွေနဲ့ နီးစပ်ပြီး၊ NLD အစိုးရ အဖွဲ့ဝင်တွေနဲ့ရော၊ စစ်ကောင်စီ အဖွဲ့ဝင်အချို့နဲ့ပါ ထိတွေ့ဆက်ဆံမှုတွေ လုပ်ခဲ့တဲ့ ဘဏ္ဍာရေးနဲ့ စီးပွားရေး ပညာရှင် တစ်ဦးကတော့ စစ်ကောင်စီကနေ မစ္စတာ ရှောင်တာနဲလ်နဲ့ NLD ဝန်ကြီးတွေကို စွဲဆိုထားတဲ့ ပုဒ်မတွေဟာ ဟန်ပြသာဖြစ်ပြီး၊ ဒီပုဂ္ဂိုလ်တွေဟာ မြန်မာနိုင်ငံပိုင် နိုင်ငံခြား အရန်ဘဏ္ဍာငွေ တစ်ဘီလျံကို အမေရိကန်နိုင်ငံမှာ ထားရှိဖို့ အဓိက ဆောင်ရွက်ခဲ့သူတွေ ဖြစ်တဲ့အတွက် အခုလို ဖမ်းဆီးထားတာလို့ RFA ကို ပြောပါတယ်။

မြန်မာနိုင်ငံမှာ NLD အစိုးရ တက်လာပြီးတဲ့နောက်၊ အရင် ထိုင်းနဲ့ စင်္ကာပူ နိုင်ငံက ဘဏ် တွေ မှာ ထားလေ့ရှိတဲ့ မြန်မာနိုင်ငံရဲ့ နိုင်ငံခြား အရန်ဘဏ္ဍာငွေအချို့ကို အမေရိကန် နိုင်ငံ၊ နယူးယောက်မြို့ Federal Reserve Bank of New York မှာ ထားရှိဖို့ အစီအစဉ်ကို စီးပွား ရေး အကြံပေး မစ္စတာ ရှောင်တာနဲလ်၊ ဗဟိုဘဏ် ဒု ဥက္ကဋ္ဌ ဦးဘိုဘိုငယ်၊ ဦးဆက်အောင်နဲ့ စီးပွား စီမံဝန်ကြီး ဦးစိုးဝင်းတို့က ဦးဆောင် အကောင်အထည်ဖော်ခဲ့တာဖြစ်ပြီး၊ မစ္စတာ ရှောင်တာနဲလ်နဲ့ ဦးဆက်အောင်တို့ဟာ ၂၀၁၈ ခုနှစ်ဝန်းကျင်က အမေရိကန် နိုင်ငံကို အကြိမ်ကြိမ် လာရောက်ခဲ့ပြီး အမေရိကန် ဘဏ္ဍာရေးဌာနနဲ့ နယူးယောက် ဖက်ဒရယ် ဘဏ်က တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သူက ပြောပါတယ်။

မြန်မာစစ်တပ်ဟာ ၂၀၂၁ခုနှစ်မှာ အာဏာသိမ်းပြီးတဲ့နောက် ပထမဆုံး လုပ်ဆောင်မှုတစ်ခု အနေနဲ့ နယူးယောက် ဖက်ဒရယ်ဘဏ်မှာ အပ်နှံထားတဲ့ မြန်မာနိုင်ငံပိုင် နိုင်ငံခြား ဘဏ္ဍာ ငွေ ဒေါ်လာ တစ်ဘီလျံကို ရွှေ့ပြောင်းဖို့ ကြိုးစားခဲ့တာဖြစ်ပါတယ်။

စစ်ခေါင်းဆောင်တွေဟာ မစ္စတာ ရှောင်တာနဲလ်ကို မြန်မာနိုင်ငံပိုင် ဒေါ်လာ တစ်ဘီလျံကို အမေရိကန် နိုင်ငံမှာ ထားရှိရာမှာ အဓိက တာဝန်ရှိသူအနေနဲ့ကော၊ ပြန်လည် ထုတ်ယူနိုင် ဖို့ သော့ချက်ကျတဲ့ သူအဖြစ် ရှုမြင်နေပြီး၊ ဒီနိုင်ငံခြားငွေတွေကို မြန်မာနိုင်ငံကိုယ်စားပြုပြီး ထုတ်ယူခွင့်ရသွားမှာကို စိုးရိမ်နေကြောင်း၊ အဲဒီနောက် NUG နဲ့ အာဏာသိမ်း ဆန့်ကျင်ရေး လှုပ်ရှားနေတဲ့ အင်အားစုတွေဆီကို ဒီငွေတွေ ရောက်သွားမှာကို အထူးပဲ စိုးရိမ်ပူပန်နေ တယ်လို့ RFA နဲ့ ဆက်သွယ်ပြောဆိုခဲ့တဲ့ စီးပွားရေးနဲ့ ဘဏ္ဍာရေး ပညာရှင်က ပြောပါတယ်။

အဲဒီ စီးပွားရေးနဲ့ ဘဏ္ဍာရေး ပညာရှင်က သူ့အနေနဲ့ မီဒီယာတွေနဲ့ စကားပြောဆိုခွင့် မရှိတဲ့ အတွက် သူဘယ်သူ ဘယ်ဝါဖြစ်ကြောင်း ဖော်ပြခြင်း မပြုဖို့ကိုလည်း တောင်းဆိုထားပါ တယ်။

အမေရိကန် အခြေစိုက် မြန်မာ့အရေးလှုပ်ရှားမှုအဖွဲ့ Campaign for New Myanmar ရဲ့ ညွှန်ကြားရေးမှူး ဆိုင်မွန် ဘေးလ်နက်ကတော့ NUG နဲ့ လက်နက်ကိုင် တော်လှန်ရေး အင်အားစုတွေဟာ အမေရိကန် အစိုးရက ထိန်းချုပ်ထားတဲ့ ဒေါ်လာတစ်ဘီလျံရဲ့ တစ်စိတ်တစ်ပိုင်းပဲ ရမယ်ဆိုရင်တောင် အာဏာရှင် ဆန့်ကျင်တော်လှန်ရေး လုပ်ငန်းတွေ ကို နောက်နှစ်ပေါင်းများစွာ ဆက်လုပ်နေနိုင်မှာ ဖြစ်တဲ့အတွက် စစ်ခေါင်းဆောင်တွေ အခုလို စိုးရိမ်ပူပန်တာ သဘာဝကျတယ်လို့ သုံးသပ်ပါတယ်။

“အမေရိကန် အစိုးရကနေ ထိန်းချုပ်ထားတဲ့ ဒေါ်လာ တစ်ဘီလျံကို မြန်မာနိုင်ငံရဲ့ တရားဝင် အစိုးရဖြစ်တဲ့ အမျိုးသား ညီညွတ်ရေးအစိုးရ NUG ကို ပဲ ပေးအပ်သင့်ပါတယ်။ ဒါပေမဲ့ NUG အနေနဲ့ ရှေ့ဆက်ပြီး လည်ပတ်နေနိုင်ဖို့ ဒေါ်လာတစ်ဘီလျံလုံး မလိုအပ် ပါဘူး။ မကြာခင်က ထွက်လာတဲ့ လေ့လာသုံးသပ်ချက်တွေအရဆိုရင် PDF နဲ့ တိုင်းရင်း သား လက်နက်ကိုင်အဖွဲ့တွေဘက်က ဒေါ်လာ သန်း ၅၀ လောက် ရမယ်ဆိုရင်တောင် စစ်ကောင်စီကို စစ်ရေးအရ အနိုင်တိုက်ဖို့ ဖြစ်နိုင်မယ်လို့ သုံးသပ်ထားပါတယ်။ ဒါကြောင့်လည်း စစ်ခေါင်းဆောင်တွေဟာ ဒီငွေတွေကို စစ်ကောင်စီ ဆန့်ကျင်ရေး အင်အားစုတွေဘက်က ရသွားမှာကို စိုးရိမ်နေတာ သဘာဝကျပါတယ်။ အထူးသဖြင့် မြန်မာအစိုးရရဲ့ ပိုင်ဆိုင်မှုတွေ၊ ငွေကြေးတွေ ဘယ်မှာရှိပြီး၊ ဘယ်လို ထုတ်ယူလို့ရမလဲ ဆိုတာ မစ္စတာ ရှောင်တာနဲလ်က သိထားတဲ့အတွက် သူ့ကို ပြန်လွှတ်မပေးသေးတာဖြစ် ပါတယ်”

စစ်ကောင်စီဟာ သူတို့ ဖမ်းဆီးထိန်းသိမ်းထားတဲ့ နိုင်ငံခြားသားအချို့ ပြန်လွှတ်ပေးဖို့ အတွက် သက်ဆိုင်ရာ နိုင်ငံတွေက အစိုးရ တာဝန်ရှိသူတွေ၊ ကြားလူတွေနဲ့ ညှိနှိုင်းဆွေးနွေး ခဲ့တာတွေ ရှိခဲ့ပေမယ့်၊ မစ္စတာ ရှောင်တာနဲလ် လွတ်မြောက်ဖို့အတွက်တော့ သြစတြေးလျ အစိုးရနဲ့ စေ့စပ်ညှိနှိဖို့ ကြိုးပမ်းမှု မရှိတာ တွေ့ရတယ်လို့ RFA နဲ့ ဆက်သွယ်ပြောဆိုခဲ့တဲ့ စီးပွားရေးနဲ့ ဘဏ္ဍာရေးပညာရှင်က ပြောပါတယ်။

အမေရိကန်အစိုးရ တာဝန်ရှိသူတွေအနေနဲ့ အမေရိကန် ဘဏ္ဍာရေး ဌာနက ထိန်းသိမ်းထား တဲ့ မြန်မာနိုင်ငံပိုင်ငွေ ဒေါ်လာ တစ်ဘီလျံကို စစ်ကောင်စီနဲ့ NUG တစ်ဘက်ဘက်ဆီကို ပေးအပ်လိုက်တာမျိုး မလုပ်ဘဲ၊ မြန်မာနိုင်ငံဖွံ့ဖြိုးရေးအတွက် အသုံးပြုဖို့ ကော်မတီတစ်ခု ဖွဲ့စည်းပြီး စီမံခန့်ခွဲတာမျိုး လုပ်နိုင်မယ်ဆိုရင်၊ လက်နက်ကိုင် တော်လှန်ရေး လုပ်နေတဲ့ အင်အားစုတွေဆီကို ဒီငွေတွေ ရောက်သွားမှာ စိုးရိမ်နေတဲ့ စစ်ကောင်စီ ခေါင်းဆောင်တွေ ရဲ့ စိုးရိမ်မှု အချို့လျော့ကျသွားပြီး၊ မစ္စတာ ရှောင်တာနဲလ်ကို ပြန်လွှတ်ပေးဖို့ အလားအလာ ရှိလာနိုင်တယ်လို့ မစ္စတာ ရှောင်တာနဲလ်နဲ့ ရင်းနှီးသူ တစ်ဦးလည်း ဖြစ်တဲ့ အဲဒီ ပညာရှင်က ယူဆပါတယ်။

မနေ့က နောက်ဆုံးရ သတင်းတွေအရ မစ္စတာ ရှောင်တာနဲလ်ဟာ ထောင်ထဲမှာ ကိုဗစ် ရောဂါ ကူးစက်ခံထားရပြီး၊ နေပြည်တော် အကျဉ်းထောင်ကနေ ရမည်းသင်းထောင်ကို ပြောင်းရွှေ့ထားတယ်လို့ သိရပါတယ်။

မစ္စတာ ရှောင်တာနဲလ်ရဲ့ ဇနီးဖြစ်သူကလည်း မစ္စတာရှောင်တာနဲလ်ဟာ မြန်မာနိုင်ငံ ဖွံ့ဖြိုး တိုးတက်ရေးအတွက် အားသွန်ခွန်စိုက် အလုပ်လုပ်ပြီး နှစ်ပေါင်း ၂၀ကျော် ထောက်ခံအား ပေးခဲ့သူဖြစ်ကြောင်း၊ အခု ချမှတ်လိုက်တဲ့ ပြစ်ဒဏ်ရဲ့ ၃ ပုံ ၂ ပုံ အချုပ်ထဲမှာ နေခဲ့ရပြီး ဖြစ်တဲ့အတွက် ငဲ့ညှာပြီး ပြည်နှင်ဒဏ်ပေးဖို့ တောင်းဆိုထားပါတယ်။

စစ်ကောင်စီဟာ သူတို့ ဖမ်းဆီးထိန်းသိမ်းထားတဲ့ နိုင်ငံခြားသားအချို့ ပြန်လွှတ်ပေးဖို့ အတွက် သက်ဆိုင်ရာ နိုင်ငံတွေက အစိုးရ တာဝန်ရှိသူတွေ၊ ကြားလူတွေနဲ့ ညှိနှိုင်းဆွေးနွေး ခဲ့တာတွေ ရှိခဲ့ပေမယ့်၊ မစ္စတာ ရှောင်တာနဲလ် လွတ်မြောက်ဖို့အတွက်တော့ သြစတြေးလျ အစိုးရနဲ့ စေ့စပ်ညှိနှိဖို့ ကြိုးပမ်းမှု မရှိတာ တွေ့ရတယ်လို့ RFA နဲ့ ဆက်သွယ်ပြောဆိုခဲ့တဲ့ စီးပွားရေးနဲ့ ဘဏ္ဍာရေးပညာရှင်က ပြောပါတယ်။ မြန်မာနိုင်ငံလိုပဲ၊ တာလီဘန်တွေ သိမ်းပိုက် အုပ်ချုပ်မှုအောက် ရောက်နေတဲ့ အာဖဂန်နစ္စတန်နိုင်ငံဟာလည်း ပြည်ပမှာ အပ်နှံထားတဲ့ နိုင်ငံခြား အရံဘဏ္ဍာငွေ ဒေါ်လာ ၇ ဘီလျံကျော်ရှိနေပြီး၊ ဒီငွေကို အမေရိကန်နဲ့ မိတ်ဖက်နိုင်ငံတွေက frozen လုပ်ပြီး ယာယီသိမ်းဆည်းထားပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၄ရက်ကတော့ ဒီ အာဖဂန်နစ္စတန် နိုင်ငံပိုင် ဘဏ္ဍာငွေတွေထဲက ဒေါ်လာ ၃.၅ ဘီလျံကို ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာ အခြေစိုက် Bank for International Settlements ဘဏ်မှာ ရွှေ့ပြောင်းအပ်နှံပြီး၊ အာဖဂန် ပြည်သူတွေရဲ့ အကျိုးအတွက် အသုံးပြုမယ့် Fund for the Afghan People ရန်ပုံငွေအဖြစ် တည်ထောင်လိုက်တဲ့ အကြောင်း ဂျိုးဘိုင်ဒင် အစိုးရက ကြေညာခဲ့တာ တွေ့ရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။