CDM မလုပ်တဲ့ အစိုးရထိပ်တန်းအရာရှိတွေကို အရေးယူဖို့ NUG ပြင်ဆင်နေ

CDM မလုပ်ဘဲ စစ်ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့ အစိုးရထိပ်တန်းအရာရှိတွေကို ပြည်သူတွေနဲ့ ပူးပေါင်းဖို့ နောက်ဆုံးအနေနဲ့ သတိပေးထားပြီး မလိုက်နာရင် ဖမ်းဝရမ်း ထုတ်သွားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေး ဝန်ကြီး ဦးလွင်ကိုလတ်က စက်တင်ဘာ ၁၁ ရက်နေ့က RFA ကို ပြောပါတယ်။
NUG ပြည်ထဲရေးနဲ့ လူဝင်ကြီးကြပ်ရေးဝန်ကြီးဌာနဟာ ပြည်သူ့ရဲတပ်ဖွဲ့ ဥပဒေပုဒ်မ ၁၄ (ခ) အရ စစ်ကိုင်းတိုင်းထဲက ကလေး၊ တမူးနဲ့ ဝက်လက်မြို့နယ်တွေမှာ ပြည်သူ့ရဲတပ်ဖွဲ့ တွေကို ဖွဲ့စည်းထားကြောင်းလည်း စက်တင်ဘာ ၁ ရက်နေ့မှာ NUG က ထုတ်ပြန်ခဲ့ပါတယ်။
"အခုလက်ရှိလုပ်နေတဲ့ NUG က ဖွဲ့စည်းလိုက်တဲ့ ရဲတပ်ဖွဲ့ကတော့ မှန်မှန်ကန်ကန် ဆောင်ရွက်နေတယ်လို့ မြင်ပါတယ်"
ဒီလိုဖွဲ့စည်းတာဟာ CDM မလုပ်ဘဲ စစ်ကောင်စီနဲ့ ပူးပေါင်းနေတဲ့ ဝန်ထမ်းတွေကို အရေး ယူဖို့ စနစ်တကျစီစဉ်တာလို့ NUG ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ဦးလွင်ကို လတ်က ပြောပါတယ်။
“ဒီရဲတပ်ဖွဲ့တွေ၊ လုံခြုံရေးတပ်ဖွဲ့၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) တပ်ဖွဲ့တွေကို ဒီကာလမှာ သီးခြားတာဝန်ပေးထားတာကတော့ ဒီ စကစ အကြမ်းဖက်စစ်ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့ Non CDM ဝန်ထမ်းအကြီးပိုင်းတွေပေါ့နော်၊ ဒီဟာတွေကို နောက်ဆုံးအနေနဲ့ CDM လုပ်ကြဖို့၊ ပြည်သူနဲ့ ပူးပေါင်းဖို့ နှိုးဆော်ထားတယ်။ ဒီနှိုးဆော် မှုတွေကို မလိုက်နာဘူးဆိုရင်တော့ သူတို့ကို အကြမ်းဖက်ဥပဒေတွေနဲ့ တရားစွဲပြီးတော့ ဖမ်းဝရမ်းထုတ်ပါမယ်”
NUG အစိုးရဟာ တရားစီရင်ရေးအတွက်လည်း မြို့နယ်ဆယ်ခုလောက်မှာ တရားသူကြီး အဖွဲ့တွေ ဖွဲ့စည်းပြီး ဒုစရိုက်မှုတွေကို စတင်တရားစီရင်နေပြီလို့လည်း ဦးလွင်ကိုလတ်က ပြောပါတယ်။
စစ်ကောင်စီလက်အောက်ခံ ပြည်ထဲရေးဝန်ကြီးဌာနကနေ CDM လုပ်ထားတဲ့ ရဲဝန်ထမ်း တစ်ဦးကတော့ NUG အနေနဲ့ ခြေကုပ်စခန်းမရှိဘဲ ပြည်သူ့လုံခြုံရေး ရဲလုပ်ငန်းကဏ္ဍကို အကောင်အထည်ဖော်ဖို့ဆိုတာ လက်တွေ့မှာ ခက်ခဲနိုင်တယ်လို့ ပြောပါတယ်။
“ဒီတိုင်းဖွဲ့စည်းတာတော့ ကောင်းပါတယ်။ သူဘာသာ ဖွဲ့စည်းထားတာပေါ့။ ဒါပေမဲ့ အခြေစိုက် မြို့လေးရှိမှ၊ ဥပမာတစ်ခုပေါ့နော် ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်တယ်။ ဘယ်မှာ ချုပ်မှာလဲ။ ဘယ်မှာထားမှာလဲ။ ကျွန်တော်တို့မှာ စိုးမိုးနယ်မြေဆိုတာလည်း မရှိသေး ဘူးလေ”
NUG အစိုးရအနေနဲ့ အစိုးရတစ်ရပ်ရဲ့ အခန်းကဏ္ဍတွေကို ထိထိမိမိ အကောင်အထည် ဖော်နိုင်ဖို့အတွက် ခြေကုပ်နယ်မြေ မဖြစ်မနေ လိုအပ်တယ်လို့လည်း သူက ဆိုပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလကတော့ NUG ဟာ တစ်နှစ် အတွင်း မြန်မာနိုင်ငံရဲ့ မြို့နယ်ပေါင်း ၃၃၀ အနက် ၂၅၀ ကျော်မှာ မြို့နယ်အခြေပြု ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (ပကဖ) တွေ ဖွဲ့စည်းနိုင်ခဲ့ပြီး၊ နယ်မြေတော်တော်များများကို ထိန်းချုပ် လာနိုင်ပြီလို့ စက်တင်ဘာ ၇ ရက်နေ့က ကျရောက်တဲ့ ပြည်သူ့ခုခံတော်လှန်စစ် တစ်နှစ် ပြည့်မိန့်ခွန်းမှာ ပြောထားပါတယ်။
NUG သမ္မတရုံး ပြောခွင့်ရ ဦးကျော်ဇော်ကတော့ ဥပေဒစိုးမိုးရေးနဲ့ တရားစီရင်ရေးတွေ လက်တွေ့ဆောင်ရွက်နိုင်ဖို့အတွက် စိုးမိုးနယ်မြေတချို့မှာ အကျဉ်းထောင်လို ပုံစံမျိုးကို စတင်ဆောင်ရွက်နေပြီလို့ စက်တင်ဘာ ၁၁ ရက်နေ့က RFA ကို ပြောပါတယ်။
“ကျွန်တော်တို့ရဲ့ သင့်တော်တဲ့ စိတ်ချလုံခြုံရတဲ့နေရာတွေမှာ အကျဉ်းထောင်လိုမျိုး စပြီးတော့ ဆောင်ရွက်နေပါပြီ။ ကျွန်တော်တို့ တိုင်တာတောတာရှိလို့၊ စစ်ဆေးမေးမြန်း လို့ အထောက်အထား ခိုင်လုံတယ်၊ အရေးယူဖို့ လိုတယ်ဆိုတဲ့နေရာမှာ အဲဒီလူတွေကို ဖမ်းဆီးချုပ်နှောင်တဲ့ ကဏ္ဍတွေ ရှိလာမယ်။ အဲဒီအတွက် ကျွန်တော်တို့တွေ အချုပ် ထောင်တွေ ဘာတွေ စတင်စီစဉ် ဆောင်ရွက်နေပါပြီ”
ဝက်လက်မြို့နယ်မှာ တာဝန်ထမ်းနေတဲ့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ NUG အစိုးရရဲ့ ရဲတပ်ဖွဲ့ဝင်တစ်ဦးကလည်း စစ်ကိုင်းတိုင်း တမူး၊ ကလေး၊ ဝက်လက်မြို့နယ်တွေမှာ ပြည်သူ့လုံခြုံရေးကို သူတို့အဖွဲ့တွေက စတင်ဆောင်ရွက်နေပြီမို့ ပြည်သူလူထုအနေနဲ့ အမှုအခင်းတွေကို တိုင်ကြားနိုင်တယ်လို့ RFA ကို ပြောပါတယ်။
“ကျနော်တို့က တစ်မြို့နယ်လုံးမှာရှိတဲ့ ပြည်သူလူထုတစ်ရပ်လုံးက ကျနော်တို့ မြို့နယ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ (ပလဖ) ရုံးကိုပဲ အမှုတွေဖွင့် တိုင်တန်းနေတာ၊ အဲဒါ ကျနော်တို့ လည်ပတ်နေတယ်။ သူတို့ မြို့ပေါ်မှာရှိတဲ့ စစ်ကောင်စီရဲ့ ရဲတပ်ဖွဲ့ကိုတော့ တိုင်တန်းမှု လည်း မရှိတော့ဘူးလို့ သိရပါတယ်။ NUG ရဲ့ ပြည်သူ့လုံ ခြုံရေးတပ်ဖွဲ့ (ပလဖ) ကိုပဲ တိုင်တန်းပြီးတော့ လည်ပတ်နေတယ်။ အဲဒီအတွက် ပြည်သူတွေအနေနဲ့လည်း NUG ရဲ့ ပလဖကို လိုအပ်တဲ့ အကူအညီတွေ၊ တိုင်တန်းမှုတွေ၊ ညှိနှိုင်းဆောင်ရွက်မှုတွေကို လုပ်လို့ရပြီလို့ ကျနော့်အနေနဲ့ ပြောချင်ပါတယ်”
ဒီအခြေအနေအတွင်းမှာပဲ စစ်ကိုင်းတိုင်း ဝက်လက်မြိုနယ် နှောပင်၊ မုဆိုးခြုံ၊ ကူကောင်း၊ မဲကုန်း စတဲ့ကျေးရွာတွေက ဆရာ၊ ဆရာမ ခြောက်ဦး၊ မြိုနယ်လယ်ယာစီမံခန့်ခွဲရေးနဲ့ စာရင်းအင်းဦးစီးဌာနက ဝန်ထမ်းနှစ်ဦး၊ ရှေးဟောင်းသုတေသနနဲ့ အမျိုးသားပြတိုက်က ဝန်ထမ်းတစ်ဦး စုစုပေါင်း ဝန်ထမ်း ၁ဝ ဦးခန့် မိမိတို့သဘောဆန္ဒအလျောက် CDM လုပ်လာတာ တွေ့ရပါတယ်။
ဒီလို CDM ဝင်လာတာနဲ့ပတ်သက်ပြီး အဲဒီ ဝန်ထမ်းတွေကို RFA က ဆက်သွယ်ဖို့ ကြိုးစား ခဲ့ပေမယ့် ဆက်သွယ်ရေး အခက်အခဲကြောင့် မေးမြန်းနိုင်ခြင်း မရှိသေးပါဘူး။

အာဏာရှင်ဆန့်ကျင်ရေး လက်နက်ကိုင်ခုခံမှု အားကောင်းတဲ့ စစ်ကိုင်းတိုင်း ကလေးမြို့ နယ် ဒေသခံတစ်ဦးကတော့ အရင်က ပြည်သူ့ရဲတွေရဲ့ လုပ်ဆောင်ချက်နဲ့ အခု NUG က ဖွဲ့စည်းလိုက်တဲ့ ရဲတပ်ဖွဲ့အကြား လုပ်ဆောင်ချက် ကွာခြားတာကိုတော့ သတိထားမိ တယ်လို့ ဆိုပါတယ်။
“ပြည်သူတစ်ယောက်အနေနဲ့ အမြင်ကတော့ နဂိုအရင်လက်ထက်က လုပ်ခဲ့တဲ့ ရဲတွေ ကတော့ ဖားနိုင်ဖားစား၊ ငါးနိုင်ငါးစားပေါ့ဗျာ။ အခုလက်ရှိလုပ်နေတဲ့ ဒီ NUG က ဖွဲ့စည်း လိုက်တဲ့ ရဲတပ်ဖွဲ့ကတော့ မှန်မှန်ကန်ကန် ဆောင်ရွက်နေတယ်လို့ မြင်ပါတယ်။ ကျွန် တော်တို့က ဒီဘက်တွေမှာလည်း တွေ့နေရတယ်ပေါ့။ မူးယစ်ဆေးဝါးဖမ်းတယ်ဆိုရင် လည်း ဖမ်းအလျောက် သတင်းကို အချိန်မီ ထုတ်ပြန်တာမျိုးတွေ ဒါမျိုးတွေလည်း တွေ့ရပါတယ်ခင်ဗျ”
ဒီပြောဆိုချက်တွေနဲ့ ပတ်သက်ပြီး နေပြည်တော်က စစ်ကောင်စီရဲ့ ပြည်ထဲရေးဝန်ကြီးဌာန ကို RFA က ဖုန်းခေါ်ဆိုခဲ့ပေမယ့် လက်ခံဖြေကြားခြင်း မရှိပါဘူး။
စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းဒေသတွေမှာ NUG အစိုးရဘက်က အုပ်ချုပ်မှုဖော်ဆောင်ထား တဲ့ မြို့နယ်ပေါင်း ၃၈ မြို့နယ်ရှိပြီး ပဲခူးတိုင်းမှာတော့ မြို့နယ် ၂၅ မြို့နယ်ကို အုပ်ချုပ်နယ် မြေအဖြစ် တိုးချဲ့နိုင်ဖို့ ကြိုးစားနေတယ်လို့ NUG အစိုးရ ပြည်သူ့လုံခြုံရေး တာဝန်ရှိသူတွေ က ပြောပါတယ်။