CDM ဝန်ထမ်းတွေကို ပိုမိုကူညီမယ်လို့ NUG ပြောကြား
2021.09.01
အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ အရင်အစိုးရလက်ထက်ဝန်ထမ်းတွေရဲ့ CDM လှုပ်ရှားမှုကြောင့် စစ်ကောင်စီဟာ ဒီကနေ့အထိ ဝန်ထမ်းချို့တဲ့မှုဒဏ်ကို အကြီးအကျယ် ခံနေရပါတယ်။ ဒီအတောအတွင်းမှာပဲ NUG အမျိုးသားညီညွတ်ရေးအစိုးရကလည်း သူတို့နဲ့ ဆက်သွယ်ထားတဲ့စာရင်းဝင် CDM ဝန်ထမ်း လေးသိန်းကျော်ကို လစဉ်ထောက်ပံ့နိုင်ဖို့ ကြိုးစားနေတယ်လို့ ပြောပါတယ်။ NUG စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ ရင်းနှီးမြှုပ်နှံမှုဝန်ကြီး ဦးတင်ထွန်းနိုင်က CDM ဝန်ထမ်းတွေရဲ့ အခက်အခဲတွေကို သူတို့ ကောင်းကောင်းသိပါတယ်။ သူတို့ ရရှိတဲ့အလှူငွေတွေကို CDM ဝန်ထမ်းတွေကိုသာမက ကာကွယ်ရေးနဲ့ ကျန်းမာရေးအစရှိတဲ့ လုပ်ငန်းတွေမှာပါ ခွဲဝေသုံးစွဲနေရပါတယ်။ သူတို့ ရရှိငွေနဲ့ တတ်နိုင်သမျှ ကူညီခဲ့ပေမယ့် အလုံအလောက် မရှိခဲ့တာတော့ အမှန်ပါပဲလို့ RFA ကို ပြောပါတယ်။
“ကျနော်တို့ ဖေဖော်ဝါရီ ၁ ရက်နေ့ ကနေ စပြီး ဒီနေ့အထိ CDM ဝန်ထမ်းများကို ထောက်ပံ့ပေးဖို့ ဖြစ်နိုင်ဖွယ်ရာရှိတဲ့ နည်းလမ်းပေါင်းစုံနဲ့ ကြိုးစားခဲ့ကြပါတယ်။ ကျနော်တို့နဲ့ ချိတ်ဆက်မိတဲ့ CDMers တွေ လေးသိန်းတစ်သောင်း ရှိပါတယ်။ တစ်ယောက် နှစ်သိန်းနဲ့ ပေးရင် တစ်လကို ဘီလီယံ ၈ဝ လိုပါတယ်။ CRPH အလှူခံမှုကနေ ရလာတဲ့ အမေရိကန်ဒေါ်လာ ၉ သန်း ထဲက CDM ဝန်ထမ်းများကို အဓိကထား ကူညီပေးခဲ့ပါတယ်။ အလားတူပဲ ခုချိန်ထိလည်း CRPH-CDM Fundraising program ဖြစ်တဲ့ OFP ပရိုဂရမ်ကနေပြီး CDM ဝန်ထမ်းများကို နိုင်သလောက် ထောက်ပံ့ပေးနေပါတယ်။ သို့သော် ကျနော်တို့ အစိုးရက ပိုင်ပိုင်နိုင်နိုင် အထဲမှာရှိနေတဲ့စာရင်းအရ ထောက်ပံ့နိုင်တဲ့ အနေအထားကတော့ နွေဦးထီမတိုင်မီ တကယ်ထောက်ပံ့ရမယ့်အတိုင်းအတာနဲ့ယှဉ်ရင် ၁ဝ ရာခိုင်နှုန်းလောက်ပဲ တော်တော်လေး ကြိုးစားပြီး ထောက်ပံ့ရတဲ့ အနေအထားရှိပါတယ်။”

အောင်လံလွှင့်ချီ နွေဦးထီကို ၅ ရက်တာရောင်းချခဲ့ရာမှာ ကျပ်ငွေ သိန်း ၅ဝဝဝ ခန့် ရရှိခဲ့ပေမယ့် ငွေလွှဲပြောင်းလက်ခံရရှိမှုတွေ မပြီးမပြတ်သေးတဲ့ အတိအကျ ဘယ်လောက်ရရှိခဲ့တယ်ဆိုတာကို အခုလတ်တလော ပြောလို့ မရသေးဘူးလို့လည်း ပြောပါတယ်။ ဒါ့အပြင် နည်းပညာဆိုင်ရာ ပြသနာတချို့ကို ဖြေရှင်းပြီးရင် အဲဒီ နွေဦးထီကို ပြန်ဖွင့်မှာဖြစ်ပြီး တရက်ကို ၄ နာရီရောင်းချမှာဖြစ်တယ်၊ တလကို ထီရောင်းချမှုကနေ ငွေကျပ် ဘီလီယံ ၂ဝ ခန့်အနည်းဆုံး ရရှိဖို့ သူတို့တွက်ချက်ထားတယ်လို့လည်း ဝန်ကြီး ဦးတင်ထွန်းနိုင် ကပြောပါတယ်။
“အောင်လံလွှင့်ချီ နွေဦးထီက ကျနော်တို့ ရည်မှန်းထားတဲ့အတိုင်း တစ်လကို ရက် ၂ဝ လောက် ရောင်းချမယ်ဆိုရင် ခန့်မှန်းခြေအားဖြင့် ကျပ်ငွေ ဘီလီယံ ၂ဝ လောက် ရရှိမှာဖြစ်တယ်။ CDMer များကိုယ်တိုင်က ကျနော်တို့ကို အဆိုပြုတာ ရှိပါတယ်။ ဥပမာ - CDM ဆရာဝန်တွေ ရာထူးကြီးတဲ့ ပုဂ္ဂိုလ်တွေက ဒီထောက်ပံ့မှု အစီအစဉ်မှာ သူတို့ကို ထည့်မတွက်ပါနဲ့ သူတို့အစား အမှန်တကယ် လိုအပ်နေတဲ့ CDMer များကိုသာ ဦးစားပေး ထောက်ပံ့ပေးပါဆိုပြီး ကိုယ်တိုင်အဆိုပြုတာ အများကြီးရှိပါတယ်။ အများကြီးရှိတော့ အရေးပေါ်အကူအညီလိုအပ်တဲ့ CDMer များကိုဘဲ တစ်လကို ဘီလီယံ ၂ဝ လောက် ထီရောင်းရငွေထဲက ထောက်ပံ့မယ်ဆိုရင် တော်တော်လေးကို ထိရောက်အောင်မြင်နိုင်ပါတယ်”

မန္တလေးတိုင်းရှိ ကျောင်းအုပ်ဆရာမကြီး တဦးကတော့ သူ့မှာ အခက်အခဲတချို့ရှိပေမယ့် NUG က သူရရှိမယ့်ငွေကို နွေဦးတော်လှန်ရေး အလျှင်အမြန် အောင်မြင်ဖို့အတွက်ပဲ သုံးစေချင်တယ်။ သူ့လိုပဲ တခြား CDM အများအပြားကလည်း စစ်အာဏာရှင်တွေလက်အောက်က လွတ်မြောက်ရေးကို ဦးစားပေးစေချင်ကြတယ်လို့ ပြောပါတယ်။
“ထောက်ပံငွေ ရရှိဖို့အတွက် ဘုတ်အဖွဲ့တွေလည်း လုပ်ပေးနေတယ်လို့ ပြောတယ်။ အဲဒါကနေတဆင့် ဆက်သွယ်လာတယ် အကောင့်တွေ လုပ်ဖို့လည်း ပြောလာတယ်။ ကျမကတော့ မိသားစုက နည်းနည်း အဆင်ပြေတော့ မိသားစုက ကျမနဲ့ ကျမကလေးကို ကျွေးထားတယ်။ ကျမက နည်းနည်း အဆင်ပြေတယ်။ တခြားသူတွေကတော့ တော်တော်အဆင်မပြေတဲ့သူတွေရှိတယ် ကျမအသိထဲမှာ။ သူတို့က ၅ဝ၅ တော့ မဟုတ်ဘူး။အတိုင်ခံထားရတော့ ထွက်ပြေးနေရတာ။ အိမ်မှာလဲ မနေရ ငွေကြေးကလည်း ခက်ခဲ အဲလိုဖြစ်နေတယ်။ ကျမတို့ ဖေဖော်ဝါရီထဲက လုပ်ခဲ့တဲ့ CDM အခုထိလဲ ဆက်လက်လုပ်တုန်းဘဲ အဆင်ပြေလိုက် မပြေလိုက် လုံးချာလိုက်ပေမယ့်လည်း CDM ကို ဆက်လုပ်သွားမယ်ရှင့်”

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက ဒေါ်ခင်မြတ်မော်ကလည်း သူ့အနေနဲ့ ငွေကြေးပံ့ပိုးမှု ရရှိရေးကို ပဓါန မထားပါဘူးလို့ RFA ကိုပြောပါတယ်။
“၂ လပိုင်း ၃ ရက်နေ့က ရုံးသွားလိုက်သေးတယ်။ ၄ ရက်နေ့ကနေ အခုထိပဲ။ စစ်ကောင်စီ လက်အောက်မှာ ကျမတို့ဘယ်တော့မှ မလုပ်ဘူး။ အထောက်အပံ့ရပါစေဆိုပြီး လုပ်ခဲ့တာ မဟုတ်ဘူး။ စစ်ကောင်စီလက်အောက်မှာ မလုပ်ချင်လို့ ကျမတို့ တော်လှန်တာ။ ထောက်ပံ့ကြေး ရသည်ဖြစ်စေ မရသည်ဖြစ်စေ ကျမတို့က အဆုံးထိသွားမှာ”
ဒီအတောအတွင်း CDM ဝန်ထမ်းအများအပြားထံက ထောက်ပံ့ငွေရရှိတဲ့အတွက် ကျေးဇူးတင်ကြောင်း ရေးသားပေးပို့တဲ့ စာတွေကို နေ့စဉ်ရရှိနေပါတယ်၊ အစွမ်းကုန်ဆက်လက်ကြိုးစားနေပါတယ်လို့ NUG အစိုးရ စီမံဘဏ္ဍာဝန်ကြီး ဦးတင်ထွန်းနိုင်က RFA ကိုပြောပါတယ်။