နျူအိပ်မက် အကောင်အထည်ဖော်ဖို့ စစ်ကောင်စီကြိုးပမ်းနေ

RFA Burmese
2023.02.08
နျူအိပ်မက် အကောင်အထည်ဖော်ဖို့ စစ်ကောင်စီကြိုးပမ်းနေ စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၆ ရက်နေ့ကျင်းပသည့် နျူကလီးယား နည်းပညာသတင်းအချက်အလက်စင်တာဖွင့်ပွဲမှာ တွေ့ရစဉ်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

စစ်ကောင်စီနဲ့ ရုရှားနိုင်ငံပိုင် အဏုမြူစွမ်းအင်ကော်ပိုရေးရှင်း (Rosatom State Corporations) တို့ ပူးပါင်းပြီး နျူကလီးယား နည်းပညာ သတင်းအချက်အလက်စင်တာကို ရန်ကုန်မြို့မှာ ဖေဖော်ဝါရီလ ၆ ရက်နေ့က ဖွင့်လှစ်ခဲ့ပါတယ်။ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ Rosatom ရဲ့ ညွှန်ကြားရေးမှူးချုပ် Mr. Alexey Evegenievich Likhachev တို့ တက်ရောက်ဖွင့်လှစ်ခဲ့တာပါ။

အဲဒီနေ့ တစ်ရက်တည်းမှာပဲ နျူကလီးယားနည်းပညာ အသုံးချနယ်ပယ် (၁၄) ခုမှာ အစိုးရအချင်းချင်း ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်ကို စစ်ကောင်စီရဲ့ သိပ္ပံနဲ့ နည်းပညာဝန်ကြီး ဒေါက်တာ မျိုးသိမ်းကျော်နဲ့ Mr. Alexey Evegenievich Likhachev တို့ လက်မှတ်ရေးထိုးခဲ့ပါတယ်။ ဒါပေမဲ့ နျူကလီးယားနည်းပညာ အသုံးချနယ်ပယ် (၁၄) ခုကိုတော့ စစ်ကောင်စီက အသေးစိတ် ထုတ်ပြန်ထားတာ မရှိပါဘူး။

အခု စင်တာတည်ဆောက်ရတာကတော့ နျူကလီးယားစွမ်းအင်ကို ငြိမ်းချမ်းစွာ အသုံးပြုပြီး ပညာရေး၊ ကျန်းမာရေး၊ စက်မှု၊ စွမ်းအင်နဲ့ ကဏ္ဍပေါင်းစုံမှာ အသုံးချနိုင်တာကို အသိပညာပေးဖို့ ရည်ရွယ်တာလို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။

စစ်ကောင်စီဟာ နျူကလီးယားကို ပြည်သူလူထု အကျိုးပြုလုပ်ငန်းတွေမှာ အသုံးပြုမယ်လို့ ထုတ်ဖော်ပြောဆိုပေမယ့် နောက်ကွယ်မှာတော့ နျူကလီးယားလက်နက်ပိုင်ဆိုင်ရေး အိပ်မက်ကို တစ်ဆင့်ချင်း အကောင်အထည် ဖော်လာနိုင်တယ်လို့ CDM ဗိုလ်ကြီး ကောင်းသူဝင်းက သုံးသပ်ပါတယ်။

"ဒီလိုမျိုးရဲ့ နောက်ကွယ်မှာ ပြည်သူ့အကျိုးပြုကို ဖြစ်စေနိုင်မယ့် လျှပ်စစ်မီးလိုဟာတွေ ရဲ့ ခေါင်းစဉ်ပြပြီးတော့ အခြားအတွက်လည်း တစ်ဆက်တည်းမှာ လုပ်လာနိုင်တဲ့ အနေအထားလေးတွေတော့ ရှိနိုင်တယ်ပေါ့နော်။ ဒါပေမဲ့ ဒါကတော့ လျှို့ဝှက်ပြီးတော့ လုပ်မှာပေါ့နော်။ အရှေ့မှာ တစ်ခုပြမယ်၊ အနောက်မှာ တစ်ခု။ အဲလိုမျိုးလုပ်မယ့် အနေအထားတွေလည်း ရှိနိုင်တယ်။ လက်နက်ခဲယမ်းနဲ့ ဆိုင်တဲ့ဟာတွေကို သူတို့ ဘယ်လိုအသုံးပြုနိုင်မလဲပေါ့။ အဲဒီလိုမျိုးတွေကလည်း တစ်ဆင့်ချင်းစီတော့ သူတို့ သွားနိုင်တယ်၊ အဲလိုမျိုးတော့ သွားနိုင်တယ်။ ဒါပေမဲ့ ချက်ချင်းကြီးတော့ ဖြစ်နိုင်မှာ မဟုတ်ဘူး"

စစ်ကောင်စီဟာ သူတို့အာဏာတည်မြဲရေးအတွက် လက်ရှိအာဏာရှိနေစဉ်မှာ နျူကလီးယားစီမံကိန်းကို တစ်ဆင့်ချင်း မြန်မြန်ဆန်ဆန် အကောင်အထည်ဖော်နေတာ လို့လည်း သူကပြောပါတယ်။

"အရှေ့မှာ တစ်ခုပြမယ်၊ အနောက်မှာ တစ်ခု။ အဲလိုမျိုးလုပ်မယ့် အနေအထားတွေလည်း ရှိနိုင်တယ်"

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ နျူကလီးယားနည်းပညာဟာ ကဏ္ဍပေါင်းစုံမှာ အသုံးချနိုင်တဲ့အတွက် နျူကလီးယား အခြေခံအဆောက်အအုံ တည်ဆောက်ဖို့ နှစ်ဘက်ကျွမ်းကျင်သူတွေနဲ့ ဆွေးနွေးနေတယ်လို့ နျူကလီးယားစင်တာဖွင့်ပွဲ အခမ်းအနားမှာ ပြောဆိုပါတယ်။

စစ်တပ်အရာရှိဟောင်းတွေနဲ့ စုဖွဲ့ထားတဲ့ သေနင်္ဂမဟာဗျူဟာ လေ့လာရေးအင်စတီကျုရဲ့ အမှုဆောင်ညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦးကတော့ နျူကလီးယားနည်းပညာလို့ ပြောလိုက်တာနဲ့ လက်နက်ထုတ်လုပ်မယ့် အဆင့်ထိ ပြောဆိုကြတာက မှားယွင်းတဲ့ သုံးသပ်ချက်လို့ ပြောဆိုပါတယ်။

"များသောအားဖြင့် ပြည်သူလူထု တော်တော်များများရဲ့ အတွေးထဲမှာ နျူကလီးယား ဆိုတာနဲ့ တစ်ခုခုဆိုရင် လက်နက်ကို သွားသွား ပြေးမြင်ကြတယ်။ အဲဒီတစ်ချက် ကတော့ တော်တော်လေး မှားပါတယ်။ တကယ်တမ်းက နျူကလီးယားနည်းပညာကို ကောင်းကောင်းလေ့လာနိုင်ခြင်းအားဖြင့် ဆေးပညာဆိုင်ရာ သုတေသနတွေအတွက် အကျိုးအမြတ် အများကြီးရှိနိုင်တယ်။ အထူးသဖြင့်တော့ မြန်မာနိုင်ငံအတွက် လိုအပ်နေတဲ့ လျှပ်စစ်ကဏ္ဍဆိုင်ရာ တိုးတက်မှုအတွက်လည်း အများကြီး အကျိုး ရှိပါတယ်။ ဒီပလိုမစ်တစ်အရ သိပ်မျက်နှာချင်းဆိုင်လို့ ကောင်းကောင်းမရတဲ့ နိုင်ငံမျိုးက နျူကလီးယားဆိုင်ရာ နည်းပညာ ဒါအကြောင်းပြချက်နဲ့ပေါ့နော်။ နျူကလီးယားလက်နက်ပိုင်သွားရင် ဘာဖြစ်မလဲဆိုတဲ့ မေးခွန်းမျိုးနဲ့ လုပ်ကြတာမျိုး။ တကယ်တမ်းတော့ အနောက်နိုင်ငံကပညာရှင်တွေ သူတို့ သဘောပေါက်ပြီးသားပဲ။ မြန်မာနိုင်ငံအနေနဲ့ လုပ်နိုင်စွမ်းရှိလား၊ မရှိဘူးလားဆိုတာ။ အကြောင်းပြချက် ပေးချင်တဲ့အခါကျတော့ ဒါကိုထောက်ပြပြီးတော့ ဒီလိုဖြစ်နေတယ်ဆိုတာကို ပြောတာပါပဲ"

နျူကလီးယား အခြေခံအဆောက်အအုံတွေ တည်ဆောက်တဲ့အခါမှတော့ ဘေးအန္တရာယ် ကင်းရှင်းရေး၊ လုံခြုံရေးနဲ့ အရေးပေါ်အခြေအနေ တုံ့ပြန်ဆောင်ရွက်ရေးလုပ်ငန်းတွေကို လေ့လာဆန်းစစ်ပြီး အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင်အေဂျင်စီ (IAEA) ရဲ့ သတ်မှတ်ချက်တွေအတိုင်း အကောင်အထည်ဖော်မယ်လို့ စစ်ကောင်စီဘက်က ပြောဆိုထားပါတယ်။

တရုတ်နိုင်ငံအခြေစိုက် နိုင်ငံရေးသုံးသပ်သူ ဒေါက်တာ လှကျော်ဇောကတော့ စစ်ကောင်စီ ရဲ့ အခုလုပ်ရပ်တွေဟာ ပြည်တွင်းနဲ့ နိုင်ငံတကာကို ဝါဒဖြန့်ယုံသက်သက်ဖြစ်ပြီး လက်တွေ့မှာ ဖြစ်မလာနိုင်ဘူးလို့ ဝေဖန်ပါတယ်။

"စစ်ကောင်စီအနေနဲ့ သူတို့မှာ နိုင်ငံတကာက အားပေးမှုတွေရှိတယ်ဘာတယ်ဆိုတာ ကလည်း ရှိနိုင်တာက ရုရှားပဲရှိတော့ ရှိတဲ့လူ ကောက်ကပ်ခေါ်ပြီးတော့ ကောက်လုပ်နေတယ်လို့ ထင်တာပဲ။ ဝါဒဖြန့်ချီရေးအတွက်ပဲ လုပ်ပုံရတယ်။ ရုရှားဘက်ကလည်း ဘာပဲဖြစ်ဖြစ် နိုင်ငံတကာမှာ အထီးကျန်လိုဖြစ်နေတာကိုး။ ဒီလိုနိုင်ငံမျိုးတွေက သူတို့ကိုလည်း ဖိတ်နေပါတယ်လို့ ရုရှားဘက်က လုပ်ချင်တာလည်း ရှိနိုင်တယ်။ ဗမာပြည်အတွက်ကတော့ ပိုလိုတာပေါ့။ နိုင်ငံတကာမှာ သူက တကယ့်ကို အထီးကျန် Isolated ဖြစ်နေတော့ သူ့ကို သူများတွေ ဒီလို အတတ်ပညာပေးနေပါတယ်၊ ဘာတယ် ဒါမျိုးလုပ်ချင်တာဖြစ်မှာပါ"

ရုရှားနိုင်ငံပိုင် အဏုမြူကော်ပိုရေးရှင်း (Rosatom State Corporations) ဘက်ကတော့ ဖေဖော်ဝါရီလ ၆ ရက်နေ့ သဘောတူလက်မှတ်ရေးထိုးမှုအရ မြန်မာနိုင်ငံထဲမှာ နျူကလီးယားဓာတ်အားပေးစက်ရုံ စီမံကိန်း အကောင်အထည်ဖော်ရေးအတွက် နှစ်ဘက် အတူတကွ ပူးပေါင်းဆောင်ရွက်မယ်လို့ ဖေဖော်ဝါရီလ ၆ ရက်နေ့မှာပဲ ရုရှားအခြေစိုက် သတင်းမီဒီယာတွေကို ပြောဆိုခဲ့ပါတယ်။

မြန်မာစစ်တပ်ဟာ ပြည်သူလူထုကို ခေတ်မီ ဂျက်တိုက်လေယာဉ်တွေ၊ ရဟတ်ယာဉ်တွေ၊ လက်နက်တွေနဲ့ ဖိနှိပ်နေတာကြောင့် အခု နျူကလီးယားစီမံကိန်းဟာလည်း ပြည်သူတွေ အတွက် မေးခွန်းထုတ်စရာဖြစ်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG သမ္မတရုံး ပြောခွင့်ရသူ ဦးကျော်ဇော်က ပြောပါတယ်။

"ပြည်သူလူထုအတွက်တော့ ဘာမှ အကျိုးရှိစရာအကြောင်းမရှိဘူး။ ပြည်သူလူထုရဲ့ လုံခြုံရေးကို ထိခိုက်နိုင်စရာရှိတယ်ဆိုတာ မေးခွန်းထုတ်စရာရှိတယ်။ ဒီနျူကလီးယား စီမံကိန်းကြီးဟာ နောက်ကွယ်မှာ ဘာတွေ ရည်ရွယ်ချက်တွေရှိလဲ၊ နျူကလီးယား လက်နက်ထုတ်တဲ့ထိ ရည်ရွယ်ချက်များရှိမလား။ အဲဒါမျိုးတွေရှိတယ်ဆိုရင် ဒေသ လုံခြုံရေး နိုင်ငံတကာ လုံခြုံရေးအတွက်ပါ ခြိမ်းခြောက်နိုင်တဲ့ကိစ္စတွေ ဖြစ်လာနိုင်တယ်။ အမျိုးမျိုး တွက်ဆလို့ရတယ်။ သေချာတာကတော့ မြန်မာစစ်ခေါင်းဆောင်တွေဟာ သူတို့နဲ့ ပူးတွဲဆောင်ရွက်တဲ့ တိုင်းပြည်တွေ ကမ္ဘာမှာမရှိသလောက် ရှားပါးနေတဲ့အချိန် မှာ အင်အားကြီးနိုင်ငံတစ်ခုဖြစ်တဲ့ ရုရှားနိုင်ငံကို အတင်းကိုဖက်ပြီးတော့ အားကိုးတကြီး နဲ့ အားကိုးရှာနေတဲ့ အနေအထားမှာ ရှိနေပါတယ်"

signing-for-nuclear.jpg
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၆ ရက်နေ့က နျူကလီးယားနည်းပညာအသုံးချနယ်ပယ် (၁၄) ခုမှာ အစိုးရအချင်းချင်း ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်ကို စစ်ကောင်စီရဲ့ သိပ္ပံနဲ့နည်းပညာဝန်ကြီး ဒေါက်တာ မျိုးသိမ်းကျော်နဲ့ Rosatom ရဲ့ ညွှန်ကြားရေးမှူးချုပ် Mr. Alexey Evegenievich Likhachev တို့ လက်မှတ်ရေးထိုးခဲ့စဉ်။ (ဓာတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး)

မြန်မာစစ်တပ်အနေနဲ့ နျူကလီးယားလက်နက်ပိုင်ဆိုင်ရေး အိပ်မက်ဟာ အရင်စစ်အစိုးရ အဆက်ဆက်ကနေ ဒီနေ့အထိ ရှိနေဆဲပဲလို့ ပြည်တွင်းပြည်ပ နိုင်ငံရေးအကဲခတ်တွေက ပြောပါတယ်။

စစ်အာဏာသိမ်း နှစ်နှစ်အတွင်းမှာလည်း စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရုရှားနိုင်ငံကို သုံးကြိမ်သွားရောက်ပြီး နျူကလီးယားစီမံကိန်းကိစ္စတွေကို ရုရှားနဲ့ ဆွေးနွေးခဲ့တာပါ။

တတိယအကြိမ်ခရီးစဉ်ဖြစ်တဲ့ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာမှာတော့ မြန်မာနိုင်ငံမှာ အသေးစား နျူကလီးယား ဓာတ်ပေါင်းဖိုတစ်ခု တည်ဆောက်ရေးနဲ့ နျူကလီးယားစွမ်းအင် ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းစဉ်ရေးဆွဲရေးကိစ္စတွေကို သဘောတူ လက်မှတ်ရေးထိုးခဲ့ ပါတယ်။

နိုင်ငံရေးသုံးသပ်သူ ဦးသန်းစိုးနိုင်ကတော့ စစ်ကောင်စီက နျူကလီးယားစီမံကိန်းကို အကောင်အထည်ဖော်လာတာဟာ ပြည်သူတွေအတွက်မဟုတ်ဘဲ ရုရှား-မြန်မာ ပူးပေါင်း ဆောင်ရွက်ရေး နယ်ပယ်တွေကို တိုးချဲ့ဖို့ကြိုးစားနေတာလို့ ပြောပါတယ်။

"ပြည်တွင်းမှာ မီးရအောင်တောင် မနည်းကြိုးစားနေတဲ့အချိန်မှာ ဒီအစီအစဉ်ကို ထပြီး အကောင်အထည်ဖော်တယ်ဆိုတာကတော့ ရုရှားနဲ့မြန်မာ ပူးပေါင်းဆောင်ရွက်ရေး နယ်ပယ်တွေကို တိုးချဲ့ချင်လို့ ကြံဖန်ပြီး လုပ်လိုက်တဲ့ စီးပွားရေးအကြံအဖန် ပူးပေါင်း ဆောင်ရွက်မှုတစ်ခုပဲလို့ ကျနော့်အနေနဲ့ ယူဆပါတယ်။ ဒီအချိန်မှာ ဒါတွေ လုပ်ရမယ့် အချိန်မဟုတ်ပါဘူး။ လုပ်နိုင်တဲ့ အခြေအနေလည်း မဟုတ်ပါဘူး။ အဏုမြူလက်နက်ရှိမှ ခန့်ညားမယ်။ မြောက်ကိုရီးယားလို့ ရန်ဘက်တွေက ကိုယ့်အပေါ်မှာ အလေးထားမယ် ဆိုတဲ့ အနေအထားမျိုး စဉ်းစားနိုင်လောက်တဲ့ အခြေအနေ စစ်ကောင်စီမှာ မရှိပါဘူး။ ဒါဟာ ဟန်ပြ ရုရှားအကြိုက် ပူးပေါင်းဆောင်ရွက်ရေး မြှင့်တင်ဖို့အတွက် လုပ်ပြတဲ့ လုပ်ကွက်တစ်ခုပဲလို့ မြင်ပါတယ်"

မြန်မာနိုင်ငံအနေနဲ့ ၂၀၁၆ ခုနှစ်မှာ နျူကလီးယားလက်နက် စမ်းသပ်ဖောက်ခွဲမှု အလုံးစုံ တားဆီးပိတ်ပင်ရေးစာချုပ်နဲ့ ၂၀၁၈ ခုနှစ်မှာ နျူကလီးယားလက်နက် ပိတ်ပင်တားဆီးရေး စာချုပ်တွေကို လက်မှတ်ရေးထိုးထားပါတယ်။

လက်ရှိမှာ စစ်အာဏာသိမ်းမှုကြောင့် စီးပွားရေး ဇောက်ထိုးကျနေချိန် ကုန်ကျစရိတ် များလွန်းတဲ့ နျူကလီးယားစီမံကိန်းတွေကို အကောင်အထည်ဖော်လာတာကလည်း မေးခွန်းထုတ်စရာဖြစ်တယ်လို့ နိုင်ငံရေးလေ့လာ သုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
ငလျင်ဒဏ်သင့် ပြည်သူအချို့ နိုင်ငံတကာအထောက်အပံ့နဲ့ အလှမ်းဝေးနေ
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။