ရှမ်းမြောက်က ကျောင်းသားငယ်လေးရာကျော် ရှမ်းတောင်ကိုရောက်ပြီး အကူအညီလိုအပ်နေ
2024.12.10

စစ်ပွဲတွေဖြစ်ခဲ့တဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ် နမ့်လန်မြို့က ကိုရင်ငယ်တွေအပါအဝင် ကျောင်းသား၊ ကျောင်းသူ လေးရာကျော်က မကြာခင်လပိုင်းမှာဖြေရတော့မဲ့ အတန်းတင်စာမေးပွဲတွေအတွက် ရှမ်းပြည်နယ်တောင်ပိုင်း မိုးနဲမြို့ကို ဒီဇင်ဘာလ ၈ ရက်နေ့မှာရောက်နေကြပါတယ်။
လက်ရှိကာလက ဆောင်းရာသီဖြစ်နေတဲ့အတွက် ကလေးတွေအတွက် စောင်တွေ၊ အနွေးထည်တွေနဲ့ နေ့စဉ်စားသောက်ဖို့ စားနပ်ရိက္ခာလိုနေတယ်လို့ ကူညီပေးနေတဲ့သူတွေက ပြောပါတယ်။
ကျောင်းသားဦးရေများတဲ့အတွက် အကူအညီလိုအပ်နေတာလို့ ဝိဇ္ဇာရိယ် ဆရာတော်က မိန့်ပါတယ်။
“လိုအပ်တဲ့ဟာကလည်း အများကြီးပါ။ စားဝတ်နေရေးအတွက် ဥပမာ ဟင်းတို့ ဆန်တို့ လိုတာပေါ့။ ဆောင်းတွင်းလည်းရောက်ပြီဆိုတော့ သူတို့နွေးထွေးအောင် စောင်တွေလည်းလိုအုံးမယ်”
သူတို့ဟာ နမ့်လန်မြို့က ဘုန်းကြီးကျောင်းတွေမှာ စတုတ္ထတန်းကနေ ဒဿမတန်းအထိ ပညာသင်နေတဲ့ ကလေးတွေဖြစ်ပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ မြောက်ပိုင်းညီနောင်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးစခဲ့တဲ့နောက်ပိုင်း အစိုးရ ပညာရေးကျောင်းတွေပိတ်သွားခဲ့ပါတယ်။ အဲဒီအချိန်မှာ ဒေသခံဆရာတော်တွေက ကျောင်းသားတွေကို တာဝန်ယူပြီး စာဆက်သင်ပေးခဲ့တယ်လို့ နမ့်လန်မြို့ ဝမ်စိမ်းရွာက အမည်မဖော်လိုတဲ့ ဆရာမ တစ်ဦး က RFA ကိုပြောပါတယ်။
“တိုက်ပွဲဖြစ်တဲ့ နယ်မြေဒေသတွေ ဖြစ်တဲ့အတွက်ကြောင့်မလို့ အစိုးရကျောင်းဆိုရင်လည်း အားလုံးပိတ်ထားတယ်။ စာသင်ဖို့အတွက်က ကျွန်မတို့ သင်လို့ရတယ် ဒါပေမဲ့ စာမေးပွဲဖြေဖို့က မရဘူး။ စာမေးပွဲ ဖြေဖို့က အစိုးရရဲ့ တရားဝင်မဟုတ်တဲ့အတွက်ကြောင့် ဒါကြောင့် အစိုးရရဲ့ တရားဝင် အသိအမှတ်ဖြစ်ဖို့ အတွက် မိုးနဲဘက်မှာ လာရတာပေါ့”
ဆက်နွှယ်သောသတင်းများ
ရှမ်းမြောက်ကို စားနပ်ရိက္ခာဖြတ်တောက်ပြီး စစ်အင်အားပိုဖြည့်တင်းနေ
ရှမ်းပြည်နယ်တောင်ပိုင်းမှာ အိမ်ငှားဈေးမြင့်လာပြီး စစ်ဘေးဒုက္ခသည်တွေ အခက်ကြုံနေ
စစ်ကောင်စီကြောင့် တစ်နှစ်အတွင်း အရပ်သား ၃၃၉ ဦး သေဆုံးခဲ့ကြောင်း HRAN ထုတ်ပြန်
ဒီကျောင်းသားတွေကို မိုးနဲမြို့က ဘုန်းတော်ကြီးသင်ပညာရေးကျောင်း လေးကျောင်းမှာခွဲပြီး နေရာချထားတယ်လို့ ဝိဇ္ဇာရိယ်ဘုန်းတော်ကြီးပညာသင်ကျောင်းရဲ့ နာယက ဆရာတော်က RFA ကိုမိန့်ပါတယ်။
“ပညာရေးဌာနတွေက တောင်ကြီးပြောင်းရတယ်လေ။ တောင်ကြီးပြောင်းရတဲ့အခါကျတော့ ကျောင်းသူ ကျောင်းသားတွေက တစ်နှစ်ပုပ်သွားမှာဆိုးလို့ဆိုပြီးတော့ အေးချမ်းတဲ့နေရာမှာ စာမေးပွဲဖြေခွင့်ရတယ်။ စာမေးပွဲဖြေခွင့်ရတော့ သူတို့က ဒီဘက်မှာ လာပြီးတော့ စာမေးပွဲဖြေခွင့်ရ အောင် ဆိုပြီးတော့လာပြီးတော့ ခိုလှုံကြတာပါ”
နမ့်လန်မြို့မှာ ဘုန်းတော်ကြီးပညာသင်ကျောင်း ခုနစ်ကျောင်းရှိပါတယ်။ အဲဒီကျောင်းတွေမှာတက်နေတဲ့ ကလေးတွေအားလုံးနီးပါး စာမေးပွဲမတိုင်ခင် ၃ လလောက် ကြိုပြီး မိုးနဲမြို့မှာနေဖို့ ကားအစီး ၃၀ ကျော်နဲ့ခေါ်လာတာလို့ ဆရာမကပြောပါတယ်။
ကျေးလက်ဒေသက ကလေးတွေရဲ့ပညာရေး အခွင့်အလမ်းတွေမပျောက်အောင်ကူညီချင်သလို၊ ကလေးတွေစိတ်ဓာတ်မကျအောင်အားပေးနေတာပါလို့ ဆရာမ ကပြောပါတယ်။
နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းနဲ့ ပြည်နယ်တွေက အခြေခံပညာရေးကျောင်းတွေနဲ့ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွေမှာ ၂၀၂၄ - ၂၀၂၅ ခုနှစ် ပညာသင်နှစ်အတွက် ကျောင်းအပ်တဲ့ သူပေါင်း ၆၆ သိန်း ၇ သောင်းကျော် (၆၆၇၂၃၂၉) ရှိတယ်လို့ စစ်ကောင်စီလက်အောက်ခံ ပညာရေးဝန်ကြီးဌာနက ဇွန်လ ၄ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။