ရှမ်းမြောက်ကို စားနပ်ရိက္ခာဖြတ်တောက်ပြီး စစ်အင်အားပိုဖြည့်တင်းနေ
2024.11.22

အရှေ့မြောက် တိုင်းစစ်ဌာနချုပ်ရှိတဲ့ လားရှိုးမြို့ကနေ ကိုးကန့်တပ် (MNDAA) တွေ ပြန်ဆုတ်ပေးဖို့ ဖိအားပေးတဲ့အနေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ထိန်းချုပ်ထားတဲ့ နယ်စပ်ဂိတ်တွေကို တရုတ်အစိုးရဘက်က ကန့်သတ်ပိတ်ပင်နေသလို စစ်ကောင်စီဘက်ကလည်း ရှမ်းပြည်နယ်မြောက်ပိုင်းအတွက် စားနပ်ရိက္ခာသယ်ခွင့်ကို အခုရက်ပိုင်း ပိုမိုတင်းကျပ်လိုက်ပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းကို ဆက်သွယ်ထားတဲ့ မန္တလေး-နောင်ချိုလမ်း၊ ရပ်စောက်-နောင်ချိုလမ်း၊ ရပ်စောက်-နမ့်လန်လမ်းနဲ့ ပင်လုံ-မိုင်းရယ်လမ်းတွေကနေ ဆန်၊ ဆီ၊ ဆေးဝါးနဲ့ စားသောက်ကုန်တင်တဲ့ ကုန်ကားတွေကို လုံးဝ ပေးမဖြတ်တော့ဘူးလို့ ဒေသခံတွေက ပြောပါတယ်။
နိုဝင်ဘာ ၁၉ ရက်နေ့ကစပြီး ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ မြောက်ပိုင်းကို ဆက်သွယ်ထားတဲ့ ခိုလောင်း တံတားကနေ ကုန်သယ်ခွင့်ကို ထပ်မံ ကန့်သတ်လိုက်တာကြောင့် ကုန်ကားတစ်ရာကျော် ရပ်ထားရတယ်လို့ လားရှိုးမြို့မှာ ကုန်စည်ပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးက RFA ကို ပြောပါတယ်။
“ခရီးသည်ကတော့ ရတယ်။ ကုန်စည်ပဲ မရတာ။ ကုန်ပါတယ်ဆိုရင် မသွားခိုင်းဘူး ရှမ်းမြောက်ဘက်ကို။ အဲဒါကြောင့် ကုန်ဈေးနှုန်းတွေက တောက်လျှောက် ထိုးတက်သွားတာလေ။ တန့်ယန်းဆိုရင်တော့ ဖြတ်လို့ရတယ်။ လားရှိုးဆိုရင် လုံးဝ ဝင်လို့မရဘူး။ ကားကြီးတွေက မပေးဘူး။ ကုန်ကားကြီးတွေဆို အများကြီး ရပ်ထားကြတယ်”
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ နိုဝင်ဘာ ၁၀ ရက်နေ့ တရုတ်ခရီးစဥ်အပြီး နိုဝင်ဘာ ၁၂ ရက်နေ့မှာတော့ ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်မြို့အထွက် ဗထူးတပ် စစ်ဆေးရေးဂိတ်ကနေ ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်လန်၊ သီပေါ၊ လားရှိုးမြို့တွေဘက် ကုန်စည်သယ်ဆောင်ခွင့်ကို ပိတ်လိုက်ပါတယ်။
“ကုန်ကား ရာနဲ့ချီ ပိတ်မိခဲ့ပြီး ကုန်စည်သယ်ဆောင်ခတွေလည်း ထက်ဝက်နီးပါး တက်သွားပါတယ်”
ဒါ့ကြောင့် ကုန်ကား ရာနဲ့ချီ ပိတ်မိခဲ့ပြီး ကုန်စည်သယ်ဆောင်ခတွေလည်း ထက်ဝက်နီးပါး တက်သွားတယ်လို့ လားရှိုးမြို့ခံ ကုန်သည်တစ်ဦးက RFA ကို ပြောပါတယ်။
“တန်ဆာခကတော့ အများကြီး ပေးရတယ်။ ခါတိုင်း တစ်အိတ်ကို သုံးသောင်း လေးသောင်းဆိုရင် အခု ခြောက်သောင်းလောက် ပေးရတယ်။ လမ်းတွေ ပိတ်တယ်လေ။ သူတို့လည်း ကွင်းလမ်းတွေကနေ လာရတာပေါ့။ တချို့ မလာရတဲ့ကားတွေ ပိတ်မိနေတာ ရှိသေးတယ်။ ဈေးထဲမှာ ငြိမ်သက်သွားတာပေါ့။ ပစ္စည်းတွေလည်း မဝင်တော့ လူတွေလည်း နည်းနည်း ပါးသွားတာပေါ့။ ဆီတွေဆိုလည်း ဈေးတက်တယ်။ အဲဒီလို အရောင်းအဝယ်က နည်းနည်းအေးသွားတာပေါ့”
မန္တလေးတိုင်း၊ ပြင်ဦးလွင်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့ကို ဆက်သွယ်ထားတဲ့ ဝက်ဝံ စစ်ဆေးရေးဂိတ်ကနေ ရှမ်းမြောက်အတွက် ကုန်စည်သယ်ဆောင်ခွင့်ကိုလည်း အောက်တိုဘာ ၂၂ ရက်နေ့ကနေ စပြီးပိတ်ထားပါတယ်။
ဝက်ဝံ စစ်ဆေးရေးဂိတ်အနီး ရွာတွေက ဒေသခံတွေကို သွားလာခွင့်ပြုပေမဲ့ တခြားခရီးသည်နဲ့ ကုန်ပစ္စည်းတွေတော့ သယ်ခွင့်မပေးဘူးလို့ နောင်ချိုဒေသခံတွေက ပြောပါတယ်။
ဒါ့ကြောင့် နောင်ချို အပါအဝင် ရှမ်းမြောက်ဒေသမြို့တွေနဲ့ မန္တလေးတိုင်း မိုးကုတ်မြို့အထိ ကုန်သယ်လို့ မရဘူးလို့ ဆိုပါတယ်။
တရုတ်နိုင်ငံဟာ MNDAA သိမ်းထားတဲ့ ချင်းရွှေဟော်၊ လောက်ကိုင်နဲ့ “ဝ” တပ်ဖွဲ့ထိန်းချုပ်တဲ့ နမ့်တစ်၊ TNLA တပ်ဖွဲ့ထိန်းချုပ်တဲ့ နမ့်ခမ်း၊ NDAA မိုင်းလားတပ်ဖွဲ့ထိန်းချုပ်တဲ့ တာလော့ စတဲ့နယ်စပ်ဂိတ်တွေကနေ ကုန်စည်သယ်ဆောင်ခွင့်ကို စက်တင်ဘာကတည်းက ကန့်သတ်ထားပါတယ်။
“ကုန်ပစ္စည်းတွေ ဖြတ်တောက်ခံရတဲ့အတွက် စက်သုံးဆီနဲ့ ဆေးဝါးတွေ အဓိက ပြတ်လပ်နေပါတယ်”
တရုတ်နိုင်ငံ ကျယ်ဂေါင်မြို့ကနေ မူဆယ်မြို့အတွင်း ကုန်ပစ္စည်းသယ်ဆောင်ခွင့်ကိုလည်း တရုတ်ဘက်က အကန့်အသတ်နဲ့သာ ခွင့်ပြုပါတယ်။
ဒါ့အပြင် စစ်ကောင်စီကလည်း သူတို့ထိန်းချုပ်ထားတဲ့ မူဆယ်နယ်စပ်ကနေ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေ ထိန်းချုပ်တဲ့ နမ့်ခမ်း၊ ကွတ်ခိုင်မြို့တွေဘက် ကုန်ပစ္စည်းသယ်ဆောင်ခွင့်ကို ပိတ်ဆို့ထားပါတယ်။
အခုလို အဘက်ဘက်က ပိတ်ဆို့ထားတာကြောင့် ရှမ်းမြောက်ဒေသအတွင်းမှာ စက်သုံးဆီတစ်လီတာကို ကျပ်ငွေ ခုနစ်ထောင်ကနေ တစ်သောင်းခွဲနီးပါးအထိ ဈေးမြင့်တက်ခဲ့ပြီး ဆေးဝါးနဲ့ စားသောက်ကုန်ပစ္စည်းဈေးတွေလည်း အဆမတန် မြင့်တက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
TNLA ကလည်း သူတို့ဒေသအတွင်းမှာ ကုန်ပစ္စည်းတွေ ဖြတ်တောက်ခံရတဲ့အတွက် စက်သုံးဆီနဲ့ ဆေးဝါးတွေ အဓိက ပြတ်လပ်နေတယ်လို့ RFA ကို ပြောပါတယ်။
ဒီကိစ္စတွေ ဖြေရှင်းနိုင်ဖို့ တရုတ်အစိုးရဘက်ကို အသနားခံစာ ပို့ထားပေမဲ့ ဘာမှအကြောင်းမထူးသေးဘူးလို့ TNLA ပြောခွင့်ရသူ လွေးယေဦးက RFA ကို ပြောပါတယ်။
MNDAA တပ်ဖွဲ့နဲ့ နီးစပ်သူတွေကတော့ လက်ရှိ လားရှိုးမြို့မှာ စစ်ကောင်စီဘက်က ပိတ်ဆို့ထားလို့ ကုန်ဈေးနှုန်း တက်နေတာကလွဲပြီး MNDAA အုပ်ချုပ်ရေးယန္တရား ပုံမှန်လည်ပတ်နေတယ်လို့ ပြောပါတယ်။
စစ်ကောင်စီအနေနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းဒေသဘက် ဆက်သွယ်တဲ့လမ်းတွေကို ဖြတ်တောက်ပြီးနောက်ပိုင်း လားရှိုးနဲ့ မိုင်လေးဆယ်ကျော်ဝေးတဲ့ မိုင်းရယ်မြို့ကို စစ်အင်အားတွေ ထပ်ဖြည့်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
MNDAA နဲ့အနီးဆုံး ဟိုယကျေးရွာ(တန့်ယန်းလမ်းခွဲ) နေရာအထိ စစ်အင်အားဖြန့်ထားသလို နမ့်လန်မြို့မှာလည်း အင်အားထပ်ဖြည့်ထားတယ်လို့ အဲဒီလမ်းပိုင်းမှာသွားလာနေတဲ့ မိုင်းရယ်ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“တန့်ယန်းဘက်ကိုလည်း သွားလို့ရတယ်။ မိုင်းရယ်ကိုလည်း သွားလို့ရတယ်။ လားရှိုးထဲကိုလည်း ဝင်လို့ရတဲ့ “ဟိုယ”လမ်းဆုံမှာ တပ်နဲ့ ကိုးကန့်တပ်ဖွဲ့နဲ့က လေးဖာလုံလောက်ပဲ ဝေးတယ်။ မိုင်းရယ်နယ်မှာလည်း စစ်အင်အားတွေ ဖြည့်နေတာရှိတယ်။ သွားလာရင်းနဲ့ ကျွန်တော်တို့ တွေ့နေတာရှိတယ်။ နမ့်လန်မှာလည်း အဝင်အထွက်တွေ ပိတ်ထားတယ်။ စစ်အင်အားတွေ ဖြန့်ပြီးတိုးထားတာရှိတယ်”
ရှမ်းမြောက်ကို ရိက္ခာဖြတ်တောက်ပြီး အင်အားဖြည့်တင်းနေတယ် ဆိုတဲ့အပေါ် တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံမဖြေဆိုပါဘူး။
စစ်ကောင်စီလက်အောက်ခံ သတင်းဌာနတွေရဲ့ နိုဝင်ဘာ ၂၁ ရက်နေ့ ညနေပိုင်းဖော်ပြချက်အရ MNDAA နဲ့ တိုင်းရင်းသားအဖွဲ့တွေ ထိန်းချုပ်ထားတဲ့ နယ်စပ်ဂိတ်တွေကို တရုတ်ဘက်က ပိတ်ဆို့ထားပြီး စစ်ကောင်စီနဲ့ တရုတ်အစိုးရအကြား ညှိနှိုင်းမှုအဆင်ပြေမှ ပြန်ဖွင့်မယ်လို့ တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန ယူနန်ပြည်နယ် လူဝင်မှုစစ်ဆေးရေးဌာနမှူး ကျန်းပင်းက နိုဝင်ဘာ ၂၀ ရက်နေ့မှာ ပြောကြောင်း ဖော်ပြထားပါတယ်။
စစ်တပ်အရာရှိဟောင်း နိုင်ငံရေးလေ့လာသူတစ်ဦးကတော့ တရုတ်နိုင်ငံရဲ့ အားပေးမှုကိုရထားတဲ့ စစ်တပ်အနေနဲ့ အသိမ်းခံထားရတဲ့မြို့တွေကို မကြာခင် ထိုးစစ်ဆင်တွေ ပြန်စနိုင်ဖို့ ပြင်နေတာလို့ ပြောပါတယ်။
“တပ်မတော်ရဲ့သိက္ခာ ကျတယ်။ ဒါကို ပြန်လည် တည်ဆောက်တဲ့အနေနဲ့ရော ဖွဲ့စည်းပုံအခြေခံဥပဒေအရရော ကိုယ့်နယ်မြေတွေဆုံးရှုံးမှုကို နောက်ဖြစ်လာမဲ့အစိုးရကို လွှဲဖို့အတွက်ရောပေါ့နော်။ တပ်မတော်က ပြန်လုပ်ပေးတယ် ဆိုတာမျိုးကို သူက လုပ်ချင်တာလေ။ အဲဒါကြောင့် ဒီဟာတွေကိုရအောင် ပြန်သိမ်းမယ်။ သိမ်းဖို့ကလည်း အလားအလာကလည်း ရှိနေပြီပေါ့နော်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံကလည်း မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာကို လေးစားပါတယ်။ ဒီလို ဖျက်လိုဖျက်ဆီးလုပ်တာကို လက်မခံပါဘူးလို့ တရားဝင် ပြောထားတဲ့အတွက် ဒါကြီးကတော့ ဖြစ်လာလိမ့်မယ်လို့ ကျွန်တော်ကထင်တယ်”
ဆက်နွှယ်သောသတင်းများ
နယ်စပ်တည်ငြိမ်ရေး တရုတ်နဲ့ ပူးပေါင်းအရှိန်မြှင့်မည်ဖြစ်ကြောင်း စစ်ခေါင်းဆောင်ပြော
စစ်ခေါင်းဆောင်ရဲ့ တရုတ်ခရီးစဉ်နောက်ပိုင်း လေကြောင်းတိုက်ခိုက်မှု တိုးမြှင့်လာ
MNDAA ခေါင်းဆောင်ကို ထိန်းသိမ်းပြီး လားရှိုးကတပ်တွေ ပြန်ဆုတ်ပေးဖို့ တရုတ် ဖိအားပေး
စစ်ကောင်စီအနေနဲ့ ၁၀၂၇ စစ်ဆင်ရေးကာလအတွင်း ရှမ်းပြည်မြောက်ပိုင်းက မြို့ပေါင်း နှစ်ဆယ်ကျော်ကို လက်လွှတ်ခဲ့ရပါတယ်။
အဲဒီအထဲမှာ တရုတ် နယ်စပ်ကုန်သွယ်ရေးနဲ့ တရုတ်အစိုးရ အကောင်အထည်ဖော်မဲ့ရပ်ဝန်းနဲ့ ပိုးလမ်းမစီမံကိန်း ဖြတ်သန်းရာ နောင်ချို၊ သီပေါနဲ့ လားရှိုးလို အချက်အခြာကျတဲ့မြို့တွေလည်း ပါဝင်နေပါတယ်။
ဒါ့ကြောင့် စစ်ကောင်စီတပ်ရဲ့ ထိုးစစ်တွေအပေါ် တရုတ်နိုင်ငံဘက်က ဘယ်လိုနည်းနဲ့ ကူညီမလဲဆိုတာ စောင့်ကြည့်ရမယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က RFA ကို ပြောပါတယ်။
“စစ်တပ်က ပြန်တိုက်မှာကိုတော့ ကြောက်စရာတော့ မရှိပါဘူး။ ခုခံလို့ ရနေတာပဲ။ ဒါပေမဲ့ တရုတ်က သူ့စစ်တပ်က လုံခြုံရေးဆိုတဲ့အမည်နဲ့ ဝင်လာပြီဆိုတဲ့အခါကျတော့ အဲဒီနောက်မှာလည်း ပါဦးမှာပဲလေဗျာ။ အဲဒီတော့ ဘာပဲဖြစ်ဖြစ် ရှမ်းမြောက်ကတော့ ရှုပ်ထွေးတော့မှာပဲ”
အမည်မဖော်လိုတဲ့ တော်လှန်ရေးတပ်ဖွဲ့အရာရှိတစ်ဦးကတော့ စစ်ကောင်စီတပ်ဟာ ရိက္ခာလမ်းကြောင်းတွေကို ပိတ်ဆို့ထားပြီးနောက်ပိုင်း တောင်ခမ်းရွာ၊ မိုင်းရယ်နဲ့ နမ့်လန်မြို့တွေကို စစ်အင်အား တစ်ထောင်ကျော် ဖြည့်ထားပြီလို့ RFA ကို ပြောပါတယ်။
ဒါ့အပြင် ပြင်ဦးလွင်ဘက်ကနေ စစ်အင်အား နှစ်ရာကျော်ကို နောင်ချို ဂန့်ကော်ရွာနဲ့ အုမ္မသီးရွာတွေဘက် ထိုးစစ်ဆင်ဖို့ ပြင်ဆင်ထားသလို ငွေကျပ် သိန်းငါးရာကျော်တန်တဲ့ တရုတ်နိုင်ငံထုတ် ဒရုန်းတွေကိုပါ တိုက်ပွဲတွေအတွင်း အများအပြား အသုံးပြုနေတာ တွေ့ရတယ်လို့လည်း ပြောပါတယ်။