သိန္နီ၊ လားရှိုး၊ ကွတ်ခိုင်နဲ့ နောင်ချိုမှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေ
2023.10.30

ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီမြို့နေရာအချို့ကို အောက်တိုဘာ ၃၀ ရက် ဒီနေ့မနက် ပိုင်းအထိ ကိုးကန့် MNDAA တပ်ဖွဲ့က ထိန်းချုပ်ထားပြီး စစ်ကောင်စီတပ်နဲ့ တိုက်ပွဲ ဆက်ပြင်းထန်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီမနက် ၈ နာရီခန့်မှာ မိုင်းပေါက်ကွဲသံတွေကြားရပြီး သိန္နီတံတားကျိုးသွားတယ်လို့ သတင်းတွေထွက်နေပေမယ့် ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေ ပြတ်တောက်နေတာ ကြောင့် အတိအကျ မသိရသေးဘူးလို့ သိန္နီမြို့နဲ့ နှစ်မိုင်ကျော်အကွာ နားဆော့ရွာခံ အမျိုးသမီးတစ်ဦးက RFA ကို ပြောပါတယ်။
“၈ နာရီလောက်ကတော့ မိုင်းသံကြားတယ်ရှင့်၊ တံတားတော့ မသိဘူး။ နှစ်မိုင်၊ သုံးမိုင်လောက် ဝေးတယ်။ သမီးတို့ နေတဲ့နေရာနဲ့က။ သိန္နီမြို့ပေါ်မှာလည်း အခြေအနေက မကောင်းသေးဘူး။ သူတို့မထွက်ရဲသေးဘူး။ သေနတ်သံတွေလည်း ကြားတယ်။ မိုင်းသံတွေလည်းကြားတယ်။ မီးတွေလည်းပြတ်နေတာ သုံးရက်၊ လေးရက် လောက်ရှိပြီ”
စစ်ကောင်စီဘက်နဲ့ နီးစပ်သူတွေကတော့ သိန္နီ -လားရှိုးမြို့ကို အဓိကဆက်သွယ်ထားတဲ့ သိန္နီမြို့အဝင်တံတား ဒီနေ့မနက် မိုင်းခွဲဖျက်ဆီးခံခဲ့ရတယ်လို့ ပြောပါတယ်။
အောက်တိုဘာလ ၂၇ ရက်ကတည်းက သိန္နီမြို့ပေါ်ရဲစခန်းနဲ့ အထွေထွေအုပ်ချုပ်ရေးဌာန အပါအဝင် ဌာနဆိုင်ရာ အဆောက်အအုံအချို့ကို MNDAA တပ်ဖွဲ့ ထိန်းချုပ်ထားတာ ကြောင့် ဌာနဆိုင်ရာဝန်ထမ်းတွေနဲ့ ဒေသခံအချို့က မြို့ပေါ်ဘုန်းကြီးကျောင်းတွေမှာ တိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။
“အခုလောလောဆယ် ထိန်းချုပ်ထားနိုင်တဲ့ မြို့ကတော့ ချင်းရွှေဟော်ပေါ့နော့်၊ ချင်းရွှေဟော်ကိုတော့ လုံးဝ ထိန်းချုပ်ထားနိုင်ပြီ"
သိန္နီမြို့အထွက်မှာ စစ်ကောင်စီရဲ့ ခလရ-၆၉၊ စ.က.ခ (၁၆)၊ ဆက်သွယ်ရေးတပ်၊ ဆေးတပ်၊ ခလရ-၂၄၀၊ ခလရ-၃၂၃ စတဲ့ တပ်ရင်းတွေရှိတာကြောင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေက အဲဒီတပ်စခန်းတွေကို အဓိက တိုက်ခိုက်နေသလို စစ်ကောင်စီတပ်ကလည်း အပြင်းအထန် ပြန်လည်ခုခံနေတာလို့ ဒေသခံတွေက ပြောပါတယ်။
ကွတ်ခိုင်နဲ့ မူဆယ်မြို့ကိုဆက်သွယ်ထားတဲ့ နမ့်ခိုင်တံတားအနီးမှာလည်း ဒီနေ့မနက်ကစပြီး တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နဲ့ စစ်ကောင်စီတပ် တိုက်ပွဲပြင်းထန်နေတယ်လို့ ကွတ်ခိုင်မြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။
“နမ့်ခိုင်တံတားဘက်မှာ ဒီမနက် ၇ နာရီကနေစပြီး ဖြစ်တယ်။ အခုထိလည်း ဖြစ်နေကြတုန်းပဲ။ အဓိက TNLA နဲ့ ဖြစ်တာပေါ့။ ဒီဘက်ကိုက အကူးအလူးလည်း မရှိတော့ဘူး ဖြတ်တောက်ထားတာ။ အဆက်အသွယ်ရော၊ လမ်းပန်းဆက်သွယ်ရေးရော၊ အင်တာနက်လိုင်းတွေရော အကုန်ဖြတ်တောက်ထားတာ”
လားရှိုးမြို့နယ်မှာတော့ လားရှိုး-မိုင်းရယ်လမ်းပိုင်းက နမ့်ပေါင်ရဲကင်းစခန်းကို MNDAA ပူးပေါင်းအဖွဲ့ သိမ်းထားပြီး ဒီနေ့လယ်ပိုင်းအထိ အဲဒီမှာရှိတဲ့ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ပစ်ကူပေးနေသံကြားနေရသလို မြို့အနီး တစ်ဝိုက်မှာလည်း တိုက်ခိုက်ရေး ရဟတ်ယာဉ်တွေ ပျံသန်းနေတယ်လို့ ဆိုပါတယ်။
လားရှိုးမြို့နယ်ထဲက မိုင်းကျက် စစ်ကောင်စီတပ်စခန်းကို TNLA ဘက်က ဒီနေ့နေ့လယ်ပိုင်းအထိ တိုက်ခိုက်နေဆဲ ဖြစ်တယ်လို့ TNLA ပြောခွင့်ရ ဒုတိယဗိုလ်မှူးကြီး တာအိုက်ကျော်က RFA ကို ပြောပါတယ်။
လားရှိုးမှာ စက်တင်ဘာ ၂၇ ရက်ကစတဲ့တိုက်ပွဲကြောင့် မချီနု၊ ဟိုနမ့်၊ ကောင်းကြဲ၊ တာပုံ၊ ဆုံကွယ်၊ ကောင်းဖြူနဲ့ တာပုံရွာခံ ၁၅၀၀ ကျော်ဟာ မြို့ပေါ်က အောင်မင်္ဂလာရှမ်းကျောင်း မှာ ခိုလှုံနေရပါတယ်။
နောင်ချိုမြို့နယ် ကျောက်ကြမ်းရွာမှာတော့ အောက်တိုဘာလ ၂၉ ရက်နေ့က ရွာဘုန်းကြီး ကျောင်းမှာရှိတဲ့ စစ်ကောင်စီတပ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ဝင်တိုက်ခိုက်တာကြောင့် တိုက်ပွဲပြင်းထန် ခဲ့ပါတယ်။
တိုက်ပွဲကြောင့် အသက် ၅၀ အရွယ် အမျိုးသားတစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရခဲ့သလို ဒီနေ့အထိ ခလရ - ၁၁၅ တပ်အနီးမှာ လမ်းပိတ်ထားလို့ ကျောက်ကြမ်းရွာခံတစ်ဦးက RFA ကို ပြောပါတယ်။
“မနေ့ကတော့ ဒီမှာတိုက်ပွဲဖြစ်သွားတာလေ နှစ်ဖက်စလုံး တိုက်ပွဲဖြစ်သွားတာလေ။ ဘုန်းကြီးကျောင်းမှာ စစ်တပ်ရှိတယ်၊ PDF တွေလာပြီးတော့ တိုက်သွားတာလေ။ အရပ်သားတွေထိခိုက်မှုက တစ်ယောက်ထိပြီး သေသွားတာလေ အရပ်သား။ နှစ်ယောက်က ဒဏ်ရာရတယ် ဆေးရုံပို့ထားတယ်။ ဒီနေ့မနက်က ကားအသွား အလာမရှိသေးဘူး လမ်းပိတ်ထားတယ် ၁၁၅ နားမှာ”
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က ခမရ-၁၁၄ ဒုတပ်ရင်းမှူး အပါအဝင် ၁၁ ဦးသေဆုံးခဲ့တယ်လို့ ဒေသခံအချို့က ပြောသလို မန္တလေးတိုင်း PDF ကလည်း စစ်ကောင်စီတပ်သား အလောင်းရှစ်လောင်းနဲ့ လက်နက်တွေ ရခဲ့တယ်လို့ မနေ့ကညပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။
ဒီအရေအတွက်အပေါ် RFA အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိပါဘူး။
မြောက်ပိုင်း ညီနောင်မဟာမိတ်သုံးဖွဲ့ဟာ စစ်ဆင်ရေး ၁၀၂၇ ကို အောက်တိုဘာလ ၂၇ ရက်နေ့မှာ ကြေညာပြီး တိုက်ပွဲတွေ စတင်ခဲ့တာပါ။
စစ်ဆင်ရေးကာလအတွင်း ချင်းရွှေဟော်မြို့ကို အပြည့်အဝ ထိန်းချုပ်ထားနိုင်ပြီး စစ်ကောင်စီတပ်စခန်း ၆၀ အထိ သိမ်းနိုင်ခဲ့တယ်လို့ MNDAA ပြောခွင့်ရသူ ကိုရန်နိုင်က RFA ကို ပြောပါတယ်။
“အခုလောလောဆယ် ထိန်းချုပ်ထားနိုင်တဲ့ မြို့ကတော့ ချင်းရွှေဟော်ပေါ့နော့်၊ ချင်းရွှေဟော်ကိုတော့ လုံးဝ ထိန်းချုပ်ထားနိုင်ပြီ။ သိန္နီမှာကတော့ လုံးဝထိန်းချုပ်ထားနိုင်တာ မရှိဘူး။ ဒါပေမဲ့ အာဏာရှင်ပပျောက်ရေး စစ်ဆင်ရေးကိုတော့ ဆက်လက်ဖော်ဆောင်ဆဲပါပဲ။ ၁၀၂၇ အော်ပရေးရှင်း ဖော်ဆောင်တဲ့ ရက်ကစပြီး အခုချိန် ထိ စစ်ကောင်စီရဲ့ စခန်းအကြီး၊ အသေး၊ ယာယီတပ်စခန်း စုစုပေါင်း ၆၀ လောက်တော့ သိမ်းဆည်းလိုက်ပြီဗျ”
တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်ကျဆုံးမှုရှိပေမယ့် လတ်တလော တိုက်ပွဲအခြေအနေအရ တိတိကျကျပြောလို့ မရသေးဘူးလို့ ဆိုပါတယ်။
စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ချင်းရွှေဟော်၊ လောက်ကိုင်၊ သိန္နီနဲ့ လားရှိုးမြို့နယ်က တပ်စခန်းတွေနဲ့ တံတားကင်းတွေ တိုက်ခိုက်ခံရပြီး တပ်ဖွဲ့ဝင်အချို့ ကျဆုံးမှုရှိတယ်လို့ ပြည်တွင်းမီဒီယာတွေကို ဖြေဆိုထားပေမယ့် အရေအတွက် အတိအကျကိုတော့ ထုတ်ပြန်တာမရှိသေးပါဘူး။
ရှမ်းပြည်အခြေစိုက် တိုင်းရင်းသားအရေးလေ့လာသူ ကိုဖိုးဝကတော့ လက်ရှိတိုက်ပွဲမှာ ကိုးကန့်တပ်ဖွဲ့အနေနဲ့ ချင်းရွှေဟော်နဲ့ လောက်ကိုင်ကို ပြန်ရဖို့ အဓိကကြိုးစားနေတာလို့ သုံးသပ်ပါတယ်။
“ကိုးကန့်ရဲ့ အဓိကရည်ရွယ်ချက်က လောက်ကိုင်ပဲ။ ၂၀၁၅ အထိက ဒီအဖွဲ့က လောက်ကိုင်ကို သူ အုပ်ချုပ်ခဲ့တာ။ ပထမဆုံး ငြိမ်းချမ်းရေးယူတဲ့ အထူးဒေသ - ၁ ဆိုတာ။ ၂၀၁၅ ခုနှစ်နောက်ပိုင်း သူ အာဏာကျပြီး တောပြန်ခို သွားတဲ့ အချိန်ကစပြီး လောက်ကိုင်ကို ပြန်ရရေးက သူ့ရဲ့ အဓိကရည်ရွယ်ချက်ပဲလို့ ကျွန်တော်တို့က ယူဆတယ်။ သူက ခေါင်းစဉ်တပ်ထားတဲ့ တရုတ်ပြည်က လိုလားနေတဲ့ တရုတ်လည်းအကြိုက်ဖြစ်အောင် ကိုးကန့်က ကျားဖျန့်လုပ်ငန်း ငွေလိမ်ဂိုဏ်း ပပျောက်ရေးက သူရဲ့ နံပါတ်တစ်ရည်ရွယ်ချက်ပေါ့။ ဒုတိယကတော့ လောက် ကိုင်ကို ပြန်ရရေးလို့ပဲ ကျွန်တော်တို့ယူဆတယ်”
RFA က ဒီနေ့ညနေသုံးနာရီအထိရရှိတဲ့ အချက်အလက်တွေအရ နောင်ချို၊ လားရှိုး၊ သိန္နီ၊ ကွတ်ခိုင်၊ မူဆယ်၊ ကွမ်လုံ၊ ချင်းရွှေဟော်၊ လောက်ကိုင်၊ ဟိုပန် စတဲ့မြို့တွေအတွင်း ဆက်သွယ်ထားတဲ့ တံတားနဲ့လမ်းပိုင်းတွေကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ အဓိက စိုးမိုးထားတာတွေ့ရပါတယ်။
စစ်ကောင်စီတပ်ကလည်း လက်နက်ကြီးပစ်ခတ်မှုအပြင် လေကြောင်းတိုက်ခိုက်မှုကို အဓိကအသုံးပြုနေ တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မြောက်ပိုင်းသုံးဖွဲ့ရဲ့ စစ်ဆင်ရေးထုတ်ပြန်ချက်မှာ ရက်အကန့်အသတ် မပါဝင်သလို လက်ရှိလည်း အဓိကကျတဲ့ လမ်းပိုင်းတွေကို အဲဒီအဖွဲ့တွေက ထိန်းချုပ်ထားတာကြောင့် တိုက်ပွဲကာလ ကြာနိုင်တယ်လို့ စစ်ရေးနဲ့ နိုင်ငံရေး လေ့လာသူတွေက သုံးသပ်ကြပါတယ်။