စစ်ကောင်စီကြောင့် တစ်နှစ်အတွင်း အရပ်သား ၃၃၉ ဦး သေဆုံးခဲ့ကြောင်း HRAN ထုတ်ပြန်
2024.10.27

"၁၀၂၇ စစ်ဆင်ရေး" အတွင်း ရှမ်းပြည်နယ်မြောက်ပိုင်းမြို့နယ်တွေမှာ စစ်ကောင်စီက လေကြောင်းနဲ့ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်တာကြောင့် သေဆုံးသူ ၃၃၉ ဦးနဲ့ ဒဏ်ရာရသူ ၆၇၂ ဦးရှိခဲ့ပြီး စုစုပေါင်း ပြည်သူ ၁ဝ၁၁ ဦး သေဆုံးတာနဲ့ ဒဏ်ရာရတာတွေဖြစ်ခဲ့တယ်လို့ လူ့အခွင့်အရေးဆိုင်ရာလှုပ်ရှားမှုကွန်ရက်(HRAN)က အောက်တိုဘာ ၂၇ ရက်နေ့က ထုတ်ပြန်ပါတယ်။
စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးထိခိုက်သူ အများဆုံးဖြစ်ပြီး သေဆုံးသူ ၁ဝ၇ ဦးနဲ့ ထိခိုက်ဒဏ်ရာရရှိသူ ၃၂ဝ ဦးရှိတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့သိမ်းပိုက်ထားတဲ့ နမ့်ခမ်း၊ မူဆယ်၊ ကွတ်ခိုင်၊ လားရှိုး၊ လောက်ကိုင်၊ မိုးကုတ်၊ မိုးမိတ်အပါအဝင် ၁၄ မြို့က သေဆုံးဒဏ်ရာရသူစာရင်းကို ကောက်ယူထားတာပါ။
တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)၊ ကိုးကန့်တပ်မတော် (MNDAA) နဲ့ အာရက္ခတပ်တော် (AA) တို့ပူးပေါင်းထားတဲ့ မြောက်ပိုင်းညီနောင်မဟာမိတ်အဖွဲ့ရဲ့ ၂၀၂၃ အောက်တိုဘာ ၂၇ ရက်နေ့မှာ စတင်ခဲ့တဲ့ "၁၀၂၇ စစ်ဆင်ရေး"ဟာ အောက်တိုဘာ ၂၇ ရက်နေ့မှာ တစ်နှစ်ပြည့်ခဲ့ပြီဖြစ်ပါတယ်။
တစ်နှစ်တာအတွင်း ရှမ်းပြည်နယ်မြောက်ပိုင်းက ပြည်သူတွေရဲ့နေအိမ်၊ စာသင်ကျောင်း၊ ဆေးရုံ၊ ဆေးခန်းနဲ့ ဘာသာရေးအဆောက်အဦတွေအပါအဝင် စုစုပေါင်း တစ်ထောင့်ကိုးရာကျော် (၁၉၀၉) ပျက်ဆီးဆုံးရှုံးခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီနဲ့ ပတ်သက်တဲ့အဖွဲ့အစည်းတွေကို ဆက်သွယ်ဆောင်ရွက်တာတွေ မလုပ်ဖို့၊ စစ်ကောင်စီ အထောက်အပံ့ဖြစ်စေမယ့် စီးပွားရေးနဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို တားမြစ်ဖို့၊ စစ်ကောင်စီရဲ့လေကြောင်းလိုင်းတွေကို လေယာဉ်ဆီတင်သွင်းမရောင်းချဖို့၊ စစ်ကောင်စီကို တော်လှန်နေတဲ့ အင်အားစုတွေကို ချိတ်ဆက်ကူညီပေးဖို့၊ စစ်ကောင်စီကို အပြစ်ပေးအရေးယူဆောင်ရွက်ဖို့ အပါအဝင် အချက်ခုနစ်ချက်ကို HRAN က နိုင်ငံတကာအစိုးရနဲ့ အဖွဲ့အစည်းတွေကို တိုက်တွန်းတောင်းဆိုထားပါတယ်။
HRAN ထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းလက်ခံမဖြေဆိုပါဘူး။
လူ့အခွင့်အရေးဆိုင်ရာလှုပ်ရှားမှုကွန်ရက်(HRAN)ကို တအာင်းအမျိုးသမီးအဖွဲ့အစည်း၊ တအာင်းကျောင်းသားနှင့် လူငယ်များအဖွဲ့၊ တအာင်းဥပဒေအထောက်အကူပြုဖောင်ဒေးရှင်း၊ ပေါင်းစည်းအားအင်စတီကျူ့၊ New Star Law Firm တို့နဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။