ရှမ်းမြောက်ဒေသ ရှစ်မြို့နယ်ကို စစ်အုပ်ချုပ်ရေးကြေညာ
2023.11.13

မြောက်ပိုင်းညီနောင်သုံးဖွဲ့ သိမ်းပိုက်ထားတဲ့ ကွမ်းလုံ၊ ကွတ်ခိုင်၊ နမ့်ခမ်း၊ မူဆယ်၊ လားရှိုး၊ သိန္နီ၊ လောက်ကိုင်၊ ကုန်းကြမ်း စတဲ့ ရှမ်းပြည်မြောက်ပိုင်းက မြို့နယ်ရှစ်မြို့နယ်ကို စစ်ကောင်စီက နိုဝင်ဘာ ၁၂ ရက် မနေ့က စစ်အုပ်ချုပ်ရေး ကြေညာလိုက်ပါတယ်။
ဒီကြေညာချက်ဟာ သိန္နီနဲ့ နမ့်ခမ်းလို စစ်စခန်းကြီးတွေရှိနေတဲ့ မြို့ကြီးတွေမှာ စစ်တပ်အာဏာရှိနေသေးတယ် ဆိုတာကို ပြသဖို့ဖြစ်တယ်လို့ နိုင်ငံရေး၊ စစ်ရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင် က ပြောပါတယ်။
“သိန္နီဆိုလို့ရှိရင် တံတားလည်း ချိုးပြီးပြီ၊ မြို့လည်း သိမ်းပြီးပြီ၊ ဒါပေမဲ့ သိန္နီက စစ်တပ်ကုန်း တစ်ကုန်း ရှိနေတဲ့ အခါကျတော့ အဲလိုနေရာတွေကို သူက စစ်တပ်ဆက်ရှိနေတယ်၊ သူတို့စစ်တပ်ကနေ စစ်အုပ်ချုပ်ရေးနဲ့ ဆက်ပြီး အုပ်ချုပ်သွားမယ်ဆိုတာ သူတို့အင်အားတွေ တည်ရှိသေးကြောင်းကို ဆက်လက်ပြီး အတည်ပြု ကြေညာ သွားတာပါ။ လုံးဝ သိမ်းပိုက်ခံရတဲ့ နေရာတွေကိုတော့ မထည့်သွင်းတော့ဘူးပေါ့ဗျာ။ ရှမ်းမြောက်တစ်ခုလုံး အနေနဲ့ပြောရင်လည်း တော်လှန်ရေးတပ်ဖွဲ့တွေက ဝိုင်းပတ်ပြီးပါပြီ”
စစ်အုပ်ချုပ်ရေး ကြေညာခံရတဲ့ မြို့နယ်တွေထဲက ကွမ်းလုံမြို့ကို အပြီးသိမ်းပိုက်နိုင်ခဲ့ကြောင်း ကိုးကန့်တပ်ဖွဲ့ (MNDAA) နဲ့ ရက္ခိုင့်တပ်တော် (AA) တို့က နိုဝင်ဘာ ၁၂ ရက်နေ့မှာ ကြေညာထားတာပါ။
နမ့်ခမ်းမြို့ကိုတော့ TNLA က ထိန်းချုပ်ထားပါတယ်။ နမ့်ခမ်းမြို့မှာ စစ်ကောင်စီရဲ့ စခန်းသစ်ကုန်း တစ်ခုသာ ကျန်ရှိနေပြီး ဒီနေ့အထိ အဲဒီစခန်းမှာ စစ်ကောင်စီတပ်နဲ့ TNLA တို့ တိုက်ပွဲဖြစ်နေတယ်လို့ TNLA ဘက်က ပြော ပါတယ်။
"ရှမ်းမြောက်တစ်ခုလုံးအနေနဲ့ပြောရင်လည်း တော်လှန်ရေးတပ်ဖွဲ့တွေက ဝိုင်းပတ်ပြီးပါပြီ”
စစ်ကောင်စီရဲ့ စကခ (၁၆) အခြေစိုက်ထားတဲ့ သိန္နီမြို့မှာတော့ မြို့ပေါ်ကို MNDAA တပ်ဖွဲ့က အောက်တိုဘာ ၂၇ ရက် နေ့ကတည်းက သိမ်းပိုက်ထားပြီး၊ မြို့အထွက်က စစ်ကောင်စီတပ်စခန်းတွေအနီးမှာ နိုဝင်ဘာ ၁၂ ရက်နေ့ အထိ နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်နေဆဲပါပဲ။ တိုက်ပွဲကြောင့် သိန္နီမြို့ ခံတွေနဲ့ အနီးအနားကျေးရွာတွေက ဒေသခံ အနည်းဆုံး တစ်ထောင်ကျော် လားရှိုးနဲ့ နီးစပ်ရာမြို့တွေကို ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
စစ်အုပ်ချုပ်ရေးကြေညာခံရတဲ့ လားရှိုးမြို့မှာတော့ စစ်ကောင်စီရဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် အခြေစိုက် ထားပြီး နိုဝင်ဘာ ၁၃ ရက် ဒီနေ့ နေ့လယ်ပိုင်းအထိ စစ်ကောင်စီတပ်နဲ့ မြောက်ပိုင်းမဟာမိတ်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေဆဲလို့ ဒေသခံတွေက ပြောပါတယ်။
ကွတ်ခိုင်နဲ့ မူဆယ်မြို့အနီးတစ်ဝိုက် ကိုးကန့်ဒေသ လောက်ကိုင်နဲ့ ကုန်းကြမ်းမြို့နယ်တွေမှာလည်း စစ်ကောင်စီ တပ်နဲ့ မြောက်ပိုင်းညီနောင်သုံးဖွဲ့ကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး မြို့အတွင်းပိုင်းမှာတော့ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးအာဏာ သက်ရောက်နေဆဲလို့ ဒေသခံတွေက ပြောပါတယ်။
ထူးခြားတာကတော့ စစ်အုပ်ချုပ်ရေးကြေညာလိုက်တဲ့ ရှစ်မြို့နယ်မှာ စစ်ကောင်စီ လက်လွှတ်ခဲ့ရတယ်လို့ တရားဝင် ထုတ်ပြောထားတဲ့ ချင်းရွှေဟော်၊ ဖောင်းဆိုင်နဲ့ ကြူကုတ် (ပန်ဆိုင်း) မြို့တွေ မပါပါဘူး။ အလားတူ ကိုးကန့်တပ်ဖွဲ့ MNDAA သိမ်းပိုက်ထားတဲ့ မုံးကိုးမြို့လည်း မပါဝင်ပါဘူး။
ဒီမြို့နယ်တွေကို စစ်အုပ်ချုပ်ရေး ကြေညာလည်း သူတို့အတွက်ကတော့ ဘာမှ မထူးဆန်းဘူးလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ TNLA တပ်ဖွဲ့ရဲ့ သတင်းနဲ့ပြန်ကြားရေး တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
“အာဏာသိမ်းတဲ့ နောက်ပိုင်းမှာ စစ်ကောင်စီက ဒီလိုမျိုး စစ်အုပ်ချုပ်ရေးတွေ ကြေညာတာက အကြိမ်ကြိမ် အခါခါတော့ ရှိပြီပေါ့လေနော့်။ ရှမ်းမြောက်တစ်ခွင်ဆို အခုပထမအကြိမ် စစ်အုပ်ချုပ်ရေးကြေညာတာ၊ အဲဒါလည်း ကျွန်မတို့အတွက် အထူးအဆန်းတော့ မဟုတ်ဘူး။ သူတို့ရဲ့ မဟာဗျူဟာတစ်ခုပဲ”
အလားတူ MNDAA တပ်ဖွဲ့ ပြန်ကြားရေးတာဝန်ရှိသူ လီကျားဝင်း ကလည်း စစ်ကောင်စီဘက်က စစ်အုပ်ချုပ် ရေးကြေညာတဲ့ကိစ္စအပေါ် အထွေအထူး ပြောစရာ မရှိဘူးလို့ RFA ကို ပြောပါတယ်။
သာမန်ဒေသခံတွေကတော့ စစ်အုပ်ချုပ်ရေး (မာရှယ်လော) နဲ့ ညမထွက်ရအမိန့်ကို ကွဲကွဲပြားပြား မသိဘူးလို့ ဆိုပါတယ်။ ပြည်သူအများစုက မဟာမိတ်တပ်တွေ နောက်ထပ် ဘယ်မြို့တွေကို သိမ်းနိုင်မလဲဆိုတာပဲ စိတ်ဝင်စားတယ်လို့ လားရှိုးဒေသခံတစ်ဦးဖြစ်တဲ့ ကိုကိုဦး က ပြောပါတယ်။
“မာရှယ်လောဆိုတဲ့ဟာကို ကြားတဲ့အခါမှာ မနေ့က တော်တော်များများ အချိန်လေးပြောပါ၊ အချိန်လေးပြောပါ ဆိုပြီး မေးကြတာ များတယ်။ အဲတော့ မာရှယ်လောနဲ့ ကာဖျူးနဲ့ လူတွေကြားထဲမှာ သိပ်ပြီး မကွဲပြားဘူးပေါ့ နော်။ မာရှယ်လောမှာ အချိန်ဆိုတာ မရှိဘူး။ သူလုပ်ချင်တဲ့အချိန် လုပ်မှာ၊ လုပ်ချင်ရာလုပ်မှာ ဒါပဲ။ ကာဖျူးရဲ့ သဘောကတော့ လူငါးယောက်ထက် ပိုမစုရ၊ ညမထွက်ရ အမိန့်ကိုးဗျ။ လတ်တလော လူတွေအာရုံစိုက်တာ ကတော့ ဒီနေ့ ဘာတွေ ဖြစ်လိုက်တယ်၊ ဘယ်ကို သိမ်းပြီးလဲ၊ ဘယ်တော့ တိုက်လာမလဲတို့၊ ဘယ်လိုပြင်ဆင် ထားရမလဲ ဆိုတာမျိုးကိုပဲ ပိုပြီးတော့ တွေးနေကြတာ များတယ်ပေါ့နော်”
ဒါပေမဲ့ စစ်အုပ်ချုပ်ရေးအမိန့်ဟာ ၂၄ နာရီလုံး အကျုံးဝင်သလို စစ်ကောင်စီဘက်က မပယ်ဖျက်မချင်း သက်ရောက်မှု ရှိတာကြောင့် မြို့နယ်ရှစ်ခုမှာ နေထိုင်သူတွေ အရင်ထက်ပိုပြီး ဂရုစိုက်သင့်တယ်လို့ ကိုကိုဦးက တိုက်တွန်းပါတယ်။
စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ မြို့နယ်တွေမှာ လူမှုရေး၊ ကုန်သွယ်ရေး၊ သယ်ယူပို့ဆောင်ရေး၊ လုံခြုံရေးနဲ့ အုပ်ချုပ်ရေးအပါအဝင် သေဒဏ်နဲ့ ထောင်တစ်သက်အထိ ချမှတ်နိုင်တဲ့ တရားစီရင်ရေးကိုပါ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်တိုင်းမှူးနဲ့ ဒေသကွပ်ကဲရေးမှူးတွေက ကိုင်တွယ်ချမှတ်မယ်လို့ ဆိုပါတယ်။
လူသတ်မှု၊ လူသေမှု၊ မုဒိမ်းမှု၊ လုယက်မှု၊ ဓားပြတိုက်မှု၊ အဂတိလိုက်စားမှု၊ နိုင်ငံတော်အကြည်ညိုပျက်စေမှု၊ သတင်းမီဒီယာဥပဒေနဲ့ဆိုင်တဲ့ ပြစ်မှုတွေအပါအဝင် ပြစ်မှုပေါင်း ၂၃ ခုကို စစ်ခုံရုံးကနေ တိုက်ရိုက်စစ်ဆေးနိုင်တဲ့ အာဏာရရှိသွားပါတယ်။
ဒါကြောင့် စစ်အုပ်ချုပ်ရေးကြေညာခံရတဲ့ မြို့နယ်တွေက ပြည်သူတွေ တစ်ခုခုဖြစ်တာနဲ့ ဥပဒေရဲ့ အကာအကွယ် ကို အပြည့်အဝ မရနိုင်တော့ဘူးလို့ အမည်မဖော်လိုတဲ့ တရားလွှတ်တော်ရှေ့နေတစ်ဦးက ပြောပါတယ်။
“လူသတ်မှု၊ မုဒိမ်းမှု၊ အကြမ်းဖက်မှု၊ နိုင်ငံတော် အကြည်ညိုပျက်စေမှုပေါ့ ၅၀၅ တို့ပေါ့၊ အဲဒါကို အဓိက ရည်ညွှန်းတာပဲပေ့ါ။ နောက်ပြီး ဒီဟာအတွက် စစ်တိုင်းမှူးက ခန့်မယ်ဆိုရင် ဘယ်သူ၊ ဘယ်ဝါကို ခန့်မယ်ဆိုတာ လက်ရှိအချိန်အထိ အတိအကျ ထုတ်ပြန်ထားတာ မရှိသေးဘူး။ လက်ရှိအခြေအနေမှာ ကျွန်တော်တို့ အမှုရင်ဆိုင်နေတဲ့ဟာတွေဆိုရင် တစ်ဝက်တစ်ပျက် ဖြစ်နေတာလေ။ လားရှိုးအပါ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တရားရုံးတွေမှာ ရမန်ရုံးချိန်းပဲပေးနေတာ စစ်ဆေးတာမျိုးတော့ မရှိဘူးပေါ့။ စစ်ဥပဒေဖြစ်သွားရင် ကျွန်တော်တို့ ပြည်သူလူထုမှာ ဥပဒေအကာအကွယ်ကတော့ နည်းသွားမယ်လို့တော့ ကျွန်တော်တော့ မြင်တာပေါ့။ ခုခံချေပခွင့်က နည်းသွားတာပေါ့။ စစ်တိုင်းကိုပဲ တိုင်းမှူးဆီပဲ အယူခံပြင်ဆင်ခွင့် ဝင်ရတော့မှာကိုး”
ရှမ်းပြည်အခြေစိုက် တိုင်းရင်းသားအရေး လေ့လာသူတစ်ဦးကတော့ စစ်အုပ်ချုပ်ရေးကြေညာပြီးနောက်ပိုင်းမှာ စစ်ကောင်စီဘက်က လေကြောင်းနဲ့ လက်နက်ကြီးတွေ ပိုသုံးပြီး အင်အားသုံး တိုက်ခိုက်တာတွေ လုပ်လာနိုင် တယ်လို့ သတိပေးပါတယ်။
ဒီကိစ္စတွေနဲ့ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဒီနေ့ ဖုန်းနဲ့ဆက်သွယ် ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။
မြောက်ပိုင်းညီနောင် သုံးဖွဲ့ရဲ့ စစ်ဆင်ရေး စတင်တဲ့ အောက်တိုဘာ ၂၇ ရက်ကနေ ဒီနေ့ နိုဝင်ဘာ ၁၃ ရက်အထိ ၁၈ ရက်အတွင်း နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ လားရှိုး၊ သိန္နီ၊ ကွတ်ခိုင်၊ မူဆယ်၊ ကွမ်းလုံ၊ ချင်းရွှေ ဟော်၊ လောက်ကိုင်နဲ့ ဟိုပန်မြို့တွေကို ဆက်သွယ်ထားတဲ့ ကားလမ်းအားလုံးကို မြောက်ပိုင်း ညီနောင်သုံးဖွဲ့က ထိန်းချုပ်ထားတဲ့အတွက် ဆက်သွယ်ရေး ပြတ်တောက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ဆင်ရေးကာလအတွင်း ရှမ်းမြောက်ဒေသ ချင်းရွှေဟော်၊ ကွမ်းလုံ၊ ကြူကုတ် (ပန်ဆိုင်း)၊ နမ့်ခမ်း၊ သိန္နီနဲ့ မုံးကိုး စတဲ့ မြို့ငါးခုကို မဟာမိတ်သုံးဖွဲ့က ထိန်းချုပ်ထားနိုင်ပြီး စစ်ကောင်စီရဲ့ စခန်းအသေးအကြီးပေါင်း ၁၃၀ ကျော် ကို သိမ်းယူနိုင်ခဲ့ကြောင်း မြောက်ပိုင်းသုံးဖွဲ့က ထုတ်ပြန်ထားပါတယ်။