TNLA ထိန်းချုပ်ထားတဲ့ မြို့နယ်သုံးခု စစ်အုပ်ချုပ်ရေး ကြေညာခံရ
2024.03.05

၁၀၂၇ စစ်ဆင်ရေးအတွင်း တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA သိမ်းယူထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက နမ့်ဆန်၊ မန်တုံနဲ့ နမ္မတူမြို့နယ်တွေကို စစ်ကောင်စီက မတ်လ ၄ ရက်နေ့က စစ်အုပ်ချုပ်ရေး ကြေညာလိုက်ပါတယ်။
စစ်အုပ်ချုပ်ရေးအမိန့်အရ အဲဒီမြို့နယ်တွေရဲ့ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးကိစ္စတွေကို လားရှိုးအခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးက ကွပ်ကဲဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။
TNLA အပါအဝင် မြောက်ပိုင်းညီနောင်သုံးဖွဲ့နဲ့ စစ်ကောင်စီကြား တရုတ် ဦးဆောင်တဲ့ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲတွေကို ယူနန်ပြည်နယ် ကူမင်းမြို့မှာ မကြာခဏပြုလုပ်နေချိန် စစ်ကောင်စီဘက်က အခုလို စစ်အုပ်ချုပ်ရေး ထပ်မံကြေညာလာတဲ့အပေါ် ဒေသခံပြည်သူတွေ စိုးရိမ်နေပါတယ်။
"စစ်အုပ်ချုပ်ရေး ကြေညာလိုက်တယ်ဆိုတော့ ကျွန်မတို့ နမ္မတူကို သူတို့ အချိန်မရွေး လာတိုက်ချင်တိုင်း တိုက်လို့ ရတယ်ဆိုတဲ့ပုံစံမျိုး ဖြစ်သွားတာပေါ့"
အရင်က အပစ်အခတ်ရပ်စဲရေး NCA ကို TNLA လက်မှတ်ထိုးမလားဆိုတဲ့ မျှော်လင့်ချက်နဲ့ ပြတ်ပြတ်သားသား မကိုင်တွယ်ခဲ့ပေမယ့် အခု အဲဒီမျှော်လင့်ချက်မရှိတော့လို့ စစ်အုပ်ချုပ်ရေးကြေညာလိုက်တာလို့ စစ်တပ်အရာရှိ ဟောင်းတစ်ဦးဖြစ်တဲ့ နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက RFA ကို ပြောပါတယ်။
“အစကတည်းက မပြတ်သားခဲ့လို့ပေါ့၊ ပျော့စိပျော့စိနဲ့ ဒီပလောင်နယ်မြေကြီးကို လုပ်ဖို့မပြောနဲ့ ကိုယ့်အတွင်းပိုင်းဒေသကြီးမှာ ဗိုလ်သင်တန်းကျောင်းတွေ ဆင်းတာတို့ ပြူးပြဲနေတာတောင်မှ ဘာတစ်ခုမှ တို့မှ မတို့တာ။ ကမ္ဘာမှာ အထူးခြားဆုံး ခေါင်းဆောင်မှုပဲပေါ့နော်။ အခုမှ မျှော်လင့်ချက်ဆုံးရှုံးသွားတာကို အတည်ပြုလိုက်တာပေါ့။ အရင်တုန်းကတော့ မျှော်လင့်နေတာပေါ့နော်။ NCA ထိုးမလား၊ ထိုးမလားဆိုပြီးတော့”
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ၁၀၂၇ စစ်ဆင်ရေးစတင်ပြီး တိုက်ပွဲတွေ အရှိန်မြင့်နေချိန် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၂ ရက်နေ့ကတည်းက လားရှိုး၊ ကွတ်ခိုင်၊ ကွမ်းလုံ၊ သိန္နီ၊ နမ့်ခမ်း၊ မူဆယ်၊ ကိုးကန့်ဒေသက ချင်းရွှေဟော်နဲ့ လောက်ကိုင် စတဲ့ ရှစ်မြို့နယ်ကို စစ်ကောင်စီက စစ်အုပ်ချုပ်ရေး ကြေညာထားပါတယ်။ အဲဒီမြို့နယ်တွေမှာပဲ ညနေ ၆ နာရီကနေ မနက်၆ နာရီအတွင်း ညမထွက်ရ အမိန့်ကိုလည်း ထုတ်ပြန်ထားပါတယ်။
အခု သုံးလနီးပါးအကြာမှာ တရုတ်ကြားဝင် စေ့စပ်မှုကြောင့် မြောက်ပိုင်းသုံးဖွဲ့နဲ့ စစ်ကောင်စီကြား အပစ်အခတ် ရပ်စဲထားပေမယ့် TNLA သိမ်းယူထားတဲ့ နမ့်ဆန်၊ မန်တုံနဲ့ နမ္မတူမြို့နယ်တွေကို စစ်အုပ်ချုပ်ရေး ထပ်မံကြေညာလိုက်တာပါ။
TNLA ပြန်ကြားရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးကတော့ ဒီလိုစစ်အုပ်ချုပ်ရေးကြေညာတာဟာ စစ်ကောင်စီဘက်က လုပ်နေကျပုံစံဖြစ်လို့ ဘာမှ မထူးခြားဘူးလို့ RFA ကို ပြောပါတယ်။
“ကျွန်မတို့က အဲလောက်အထိ မှတ်ချက်ပြုစရာမရှိဘူး။ ဒါ သူတို့လုပ်နေကျအတိုင်းသာ ဖြစ်တယ်။ တိုက်ပွဲကာလတုန်းကဆို သိန္နီ၊ နမ့်ခမ်း အပါဆိုရင် စစ်အုပ်ချုပ်ရေးက ခုနစ်မြို့နယ် ကြေညာတယ်။ အခု တိုက်ပွဲပြီးတော့ ဒီသုံးမြို့နယ်ကို ပြန်ပြီးတော့ ကြေညာတဲ့ဟာက သူတို့ရဲ့ ဗျူဟာအတိုင်းသာဖြစ်တယ်”
တအာင်းတပ်ဖွဲ့ TNLA ဟာ ရှမ်းမြောက်ဒေသမှာ ၁၀၂၇ စစ်ဆင်ရေးစပြီး နှစ်လမပြည့်ခင် ၂၀၂၃ ဒီဇင်ဘာလ ၁၅ ရက်နေ့မှာ နမ့်ဆန်မြို့ကို တိုက်ခိုက်သိမ်းယူခဲ့ပါတယ်။ ဒီဇင်ဘာလ ၂၂ ရက်နေ့မှာ မန်တုံနဲ့ ဒီဇင်ဘာလ ၂၈ ရက် နေ့မှာ နမ္မတူမြို့နယ်တွေကို ထပ်မံသိမ်းယူခဲ့တာပါ။
သိမ်းယူထားတဲ့မြို့နယ်တွေမှာ လူထုအခြေပြုတဲ့ အုပ်ချုပ်ရေးစနစ် အကောင်အထည်ဖော်မယ်လို့ TNLA ထိပ်ပိုင်းခေါင်းဆောင်တွေက လူထုတွေ့ဆုံပွဲတွေလုပ်ပြီး ပြောထားပါတယ်။
နမ္မတူမြို့မှာ TNLA အုပ်ချုပ်ရေးလုပ်ငန်းတွေ စတင်လည်ပတ်နေပြီး ကျန်းမာရေး၊ စည်ပင်၊ လျှပ်စစ်မီး ပေးဝေရေး စတဲ့လုပ်ငန်းတွေ လည်ပတ်နေပါပြီ။ မြို့ခံအများစုလည်း နေရပ်ပြန်လာနေကြပြီလို့ ဒေသခံတွေက ပြောပါတယ်။
အခြေအနေတွေ တည်ငြိမ်စပြုလာချိန်မှာ စစ်ကောင်စီက စစ်အုပ်ချုပ်ရေး ကြေညာလိုက်တဲ့အတွက် စစ်ကောင်စီနဲ့ TNLA ကြား တိုက်ပွဲတွေ ပြန်ဖြစ်လာမလားဆိုပြီး စိုးရိမ်မိတယ်လို့ နမ္မတူမြို့ခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။
“အခုက ကျွန်မတို့က TNLA က အုပ်ချုပ်နေတာပေါ့နော်။ စစ်ကောင်စီကတော့ မရှိတော့ဘူးပေါ့။ စစ်အုပ်ချုပ်ရေး ကြေညာလိုက်တယ်ဆိုတော့ ကျွန်မတို့ နမ္မတူကို သူတို့ အချိန်မရွေး လာတိုက်ချင်တိုင်း တိုက်လို့ ရတယ်ဆိုတဲ့ပုံစံမျိုး ဖြစ်သွားတာပေါ့။ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်က လားရှိုးမှာပေါ့နော်၊ လားရှိုးနဲ့ နမ္မတူက ဘယ်လောက်မှ မဝေးဘူးဆိုတော့လေ။ အဲဒါကြောင့် စိုးရိမ်စိတ်တွေတော့ ဖြစ်မိတာပေါ့။ ခံတုတ်ကျင်းတွေ၊ ဗုံးခိုကျင်းတွေတော့ ပြန်ပြင်ဆင်ထားရတော့မှာပေါ့”
တိုက်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးသွားသူအားလုံး နေရပ်ပြန်မလာနိုင်သေးချိန်မှာ စစ်အုပ်ချုပ်ရေး ကြေညာလိုက်တဲ့အတွက် ဗုံးဒဏ်၊ လက်နက်ကြီးဒဏ်တွေ ထပ်ခံရမှာကို စိုးရိမ်ပူပန်နေရတယ်လို့ နောက်ထပ် နမ့်ဆန်မြို့ခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။
“အရင်ကလည်း မလုံခြုံပါဘူး၊ ဒါပေမဲ့ (အခုက) အရင်ထက် စိတ်လုံခြုံမှု မရှိတာတွေ ဖြစ်မှာပေါ့နော်။ လေယာဉ်တွေသုံးပြီးမှ ဗုံးလာကြဲတာတို့ ဘာတို့ ၊ လက်နက်ကြီးတွေ ရမ်းပစ်တာတို့ အဲဒီဟာတွေကလည်း ပိုပြီးတော့မှ စိုးရိမ်နေရတဲ့ အနေအထားမှာ ရှိတယ်ပေါ့နော်။ တချို့သော ပြည်သူလူထုတွေက ကိုယ့်ရဲ့နေရပ်ကို ပြန်မရောက်လာသေးဘူးပေါ့နော်။ တချို့လူတွေကလည်း ပြန်လာခါစပဲ ရှိသေးတယ်ပေါ့နော်။ တစ်ဖက်မှာလည်း ကိုယ့်ရဲ့ စီးပွားရေးတွေ၊ စားဝတ်နေရေးတွေ အခက်အခဲကြုံနေရတာလည်းရှိတယ်”
စစ်ကောင်စီဟာ ကချင်လွတ်မြောက်ရေးတပ်မတော် KIA နဲ့ ပူးပေါင်းတပ်တွေ ယာယီတိုက်ခိုက်သိမ်းယူခဲ့တဲ့ ရှမ်းပြည်နယ်ထဲက မိုးမိတ်နဲ့ မဘိမ်းမြို့တွေကိုလည်း ၂၀၂၄ ဇန်နဝါရီလ ၂၈ ရက်နေ့က စစ်အုပ်ချုပ်ရေး ကြေညာခဲ့ပါတယ်။ ဒါ့ကြောင့် ရှမ်းပြည်နယ်မှာ စစ်အုပ်ချုပ်ရေးကြေညာခံရတဲ့ မြို့နယ်ပေါင်း ၁၃ မြို့ နယ် အထိရှိနေပါပြီ။
စစ်ကိုင်း၊ မကွေး၊ ချင်းပြည်နယ်၊ တနင်္သာရီတိုင်းနဲ့ ပဲခူးတိုင်းအပါအဝင် နိုင်ငံတစ်ဝန်းမှာ လက်ရှိအချိန်ထိ စစ်အုပ်ချုပ်ရေး ကြေညာခံထားရတဲ့ မြို့နယ်ပေါင်း ၆၀ ကျော် ရှိနေပါပြီ။