မွန်လူငယ်တွေ မွန်တပ်မတော်ကိုဝင်ဖို့ တိုက်တွန်း
2020.01.01

မွန်ပြည်သစ်ပါတီမှာ အင်အားနည်းနေတဲ့အတွက် အခြားလက်နက်ကိုင်အဖွဲ့တွေရဲ့ အနိုင်ကျင့်တာကိုခံနေရ တာကြောင့် မွန်လူငယ်တိုင်း မွန်ပြည်သစ်ပါတီရဲ့ မွန်အမျိုးသားလွတ်မြောက်ရေး တပ်မတော်ကို ဝင်ရောက် အားဖြည့်ကြဖို့ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၈ ရက်မှာကျင်းပတဲ့ ၈ ကြိမ်မြောက် မွန်လူငယ်များနေ့ အထိမ်းအမှတ်မှာ တိုက်တွန်းထုတ်ပြန်ခဲ့ပါတယ်။
မွန်ပြည်သစ်ပါတီနဲ့ တပ်မတော်၊ BGF တို့အကြား မကြာခင်ကဖြစ်ပွားခဲ့တဲ့ ပဋိပက္ခဟာ အင်အားနည်းတဲ့ မွန်ပြည်သစ်ပါတီအပေါ် အနိုင်ကျင့်တဲ့သဘောလို့ မွန်လူငယ်တွေက ရှုမြင်တာတွေရှိနေပါတယ်။
အဲဒါကြောင့် မွန်လူငယ်တွေ လက်နက်ကိုင်အဖွဲ့ထဲဝင်ဖို့ မွန်လူငယ်များနေ့ ဦးဆောင်ကျင်းပရေးကော်မတီက တိုက်တွန်းလိုက်တာလို့ ဆိုပါတယ်။
မွန်လူငယ်များနေ့ကို ဦးဆောင်ကျင်းပရေး ကော်မတီအဖွဲ့ဝင် မင်းဉာဏ်စိုက်ရာမာန်က
"မွန်ပြည်သစ်ပါတီအနေနဲ့ အင်အားနည်းတဲ့အတွက် ဗမာစစ်တပ်နဲ့ BGF ပူးပေါင်းပြီးတော့ ဝင်စီးတဲ့အပေါ်မှာ အင်အားနည်းတဲ့အတွက် ဝင်ပြီး သိမ်းပိုက်တဲ့သဘောလို့ မှတ်ယူတယ်။ ဒါကြောင့် အခုလက်ရှိဖြစ်နေတဲ့အပေါ်မှာ ကျွန်တော်တို့ လူငယ်တွေက အားဖြည့်မှရမယ်ဆိုတဲ့ အနေအထားသွားတွေ့တယ်။ ဒါကြောင့် လူငယ်တွေက လည်း ကျွန်တော်တို့ကို နှိုးဆော်တယ်။ ဒါကြောင့် မွန်ပြည်သစ်ပါတီကို အသက် ၁၈ နှစ်ပြည့်ရင် ဝင်ဖို့ တိုက်တွန်းတယ်။"
ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၇ ရက်က မြန်မာ့တပ်မတော်နဲ့ ကရင်ပြည်နယ် နယ်ခြားစောင့်ပူးပေါင်းတပ်တို့ဟာ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်က မွန်ပြည်သစ်ပါတီ ထိန်းချုပ်ခွင့်ရထားတဲ့ ဂျပန်ရေတွင်းရွာကို သွားရာကနေ မွန်ပြည်သစ်ပါတီ တပ်ရင်းနဲ့ တိုက်ပွဲဖြစ်ပွားခဲ့ကြပါတယ်။
မွန်ပြည်သစ်ပါတီဟာ ၁၉၉၆ ခုနှစ်ကတည်းက အပစ်ရပ်ဖို့ သဘောတူပြီးနောက်ပိုင်း တပ်မတော်နဲ့ ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့တာမျိုး မရှိဘဲ NCA လက်မှတ်ရေးထိုးပြီး ပထမဆုံး ပစ်ခတ်မှု ပြန်ဖြစ်ခဲ့တာဖြစ်ပါတယ်။
ဒီလိုပစ်ခတ်မှုတွေဟာ တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး သဘောတူစာချုပ် NCA ကို ချိုးဖောက်တဲ့သဘော ဖြစ်တယ်လို့ မွန်လူငယ်တွေက ရှုမြင်နေကြတာပါ။
NCA သဘောတူစာချုပ်အရ အပစ်ရပ် နယ်မြေအတွင်း တဖက်နဲ့တဖက် နယ်မြေစိုးမိုးလှုပ်ရှားတာ အင်အားတိုး ချဲ့တာ၊ လက်နက်ကိုင်ဆောင်သွားလာဖို့ လိုအပ်လာရင်လည်း နှစ်ဖက် ညှိနှိုင်းသဘောတူညီမှုနဲ့ သွားလာဖို့ ပါရှိပါတယ်။
တပ်မတော်အပါအဝင် လက်နက်ကိုင်အဖွဲ့အားလုံးက တပ်အင်အားတိုးချဲ့တာကို ဆောင်ရွက်နေတာဖြစ်တဲ့ အတွက် NCA စာချုပ်ပါ အပစ်ရပ်နယ်မြေမှာ တပ်အင်အား မတိုးချဲ့ရေးဆိုတဲ့အချက်က အသက်မဝင်ကြောင်း နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးက သုံးသပ်ပါတယ်။
"တပ်မတော်လည်း တပ်သားသစ် အမြဲတမ်းခေါ်ယူတာပဲ။ တိုင်းပြည်ကာကွယ်ရေးဆိုတဲ့ ခေါင်းစဉ်အောက်မှာ တပ်သားသစ် တိုးချဲ့နေသလို ကျန်တဲ့တိုင်းရင်းသား လက်နက်ကိုင်တွေလည်း တပ်အင်အားတိုးချဲ့နေကြတာပါပဲ။"
တပ်အင်အားတိုးချဲ့နေကြောင်း ပြောဆိုချက်နဲ့ ပတ်သက်ပြီး တပ်မတော် ပြောရေးဆိုခွင့်ရှိသူတွေကို RFA က မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။
လူငယ်တွေရဲ့ နိုင်ငံရေးအခန်းကဏ္ဍကိုတိုးမြှင့်ဖို့ မွန်ပြည်သစ်ပါတီထဲကို အင်အားဖြည့်ဝင်ရောက်ဖို့ မွန်ပြည်သစ် ပါတီ တာဝန်ရှိသူတွေက တိုက်တွန်းထားတာတွေလည်းရှိတယ်ဆိုတယ်လို့ မင်းဉာဏ်စိုက်ရာမာန်က ဆိုပါတယ်။
လူငယ်တွေအပေါ်မှာ အခုလို အတွေးတွေ ဝင်ရောက်မှုတွေရဲ့ နောက်ဆက်တွဲမှာ ရခိုင်ပြည်နယ်လိုပဲ လက်နက် ကိုင် ပဋိပက္ခတွေ ပိုပြင်းထန်လာနိုင်တဲ့ အခြေအနေရောက်နိုင်တယ်လို့ နိုင်ငံရေး လေ့လာသူတွေက သုံးသပ်မှု တွေလည်း ရှိနေကြပါတယ်။
ဒီလိုတိုက်တွန်းမှုတွေနဲ့ ပတ်သက်လို့ မွန်ပြည်သစ်ပါတီက ပြောရေးဆိုခွင့်ရှိသူတွေကို RFA က မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။
မြန်မာနိုင်ငံရဲ့လက်ရှိအနေအထားဟာ နိုင်ငံရေးဘောင်ကျဉ်းပြီး စစ်ဘောင်ကျယ်နေတဲ့အတွက် တပ်အင်အားရှိမှ လူရာဝင်တဲ့ ပုံစံမျိုးဖြစ်နေကြောင်း မွန်တိုင်းရင်းသားအဖွဲ့တွေက ပြောပါတယ်။ ဒါကြောင့် လက်နက်ကိုင်အဖွဲ့ အင်အား ကောင်းဖို့လိုကြောင်း လူငယ်တွေ ယူဆလာပြီး လက်နက်ကိုင်အဖွဲ့ထဲဝင်ဖို့ တိုက်တွန်းလာကြတာလို့ မွန်ညီညွတ်ရေးပါတီ တွဲဖက်အတွင်းရေးမှူး နိုင်လယီတမက ပြောပါတယ်။
"နိုင်ငံရေးအခင်းအကျင်းအပေါ်မှာ သူတို့က အဲလိုခံစားမိလို့ ထုတ်ပြောတာ ။ ဒီအတွေးအခေါ်တွေက နိုင်ငံရေး အရှိတရားက ဖန်တီးနေတာ။ လူငယ်တွေအထဲမှာ ဒီအတွေးအခေါ်တွေ မဝင်အောင် သက်ဆိုင်ရာ နိုင်ငံတော် အစိုးရ တပ်မတော်အားလုံးက နိုင်ငံရေးဘောင်ချဲ့ပြီး စစ်ဘောင်တွေကျဉ်းအောင် လုပ်သွားမယ်ဆိုရင် လူငယ်တွေ ရဲ့ ခံစားချက်က ပြေပျောက်သွားနိုင်တယ်။"
မွန်ပြည်သစ်ပါတီကို ၁၉၅၈ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တာဖြစ်ပြီး ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှာ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် NCA မှာ ပါဝင် လက်မှတ်ရေးထိုးခဲ့ပါတယ်။
မွန်ပြည်သစ်ပါတီမှာ လက်နက်ကိုင်စစ်သည် ၈၀၀၊ အရန်အင်အား ၂ဝဝဝ ရှိမယ်လို့ နိုင်ငံတကာ မြန်မာသတင်းအဖွဲ့ - BNI က ၂၀၁၉ ဧပြီလမှာ ထုတ်ဝေတဲ့ ငြိမ်းချမ်းရေးလေ့လာစောင့်ကြည့်မှု အစီရင်ခံစာမှာ ခန့်မှန်းထားပါတယ်။