ဖြိုခွဲခံရတာရှိနေပေမယ့် ညသပိတ်အရှိန်တိုးမြှင့်နေကြ
2021.03.13
ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ ဒီနေ့အထိ စစ်တပ်အာဏာသိမ်းထားတာ ရက်ပေါင်း ၄၀ ကျော်သွားပါပြီ။ နိုင်ငံအနှံ့က သန်းနဲ့ချီတဲ့ ပြည်သူတွေက စစ်အာဏာသိမ်းမှုနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေကို ပုံစံမျိုးစုံနဲ့ ဖော်ဆောင်ကြရာမှာ ဒီနေ့အထိ သုံးစွဲခဲ့တာတွေထဲက နောက်ဆုံးနည်းလမ်းကတော့ ညဘက်တွေမှာ ဆန္ဒပြကြတာ၊ ဖယောင်းတိုင်မီးတွေထွန်းပြီး ဆုတောင်းကြတာဖြစ်ပါတယ်။
ဆန္ဒပြတာရက်ပေါင်း ၄၀ ဝန်းကျင်မှာ စစ်ကောင်စီရဲ့အမိန့်မှန်သမျှ ဖီဆန်ဖို့အတွက် တိုက်ပွဲအရှိန်မြှင့်ပြီး ညသပိတ်ကိုပါ တိုးချဲ့လိုက်တာလို့ Gen Z လို့ခေါ်တဲ့ လူငယ်လေးတစ်ယောက်ကပြောပါတယ်။
"ကျနော်တို့ ဆန္ဒပြတယ်ဆိုတဲ့နေရာမှာ အာဏာဖီဆန်ခြင်းဆိုတာနဲ့ပဲ သွားရမှာဖြစ်ပါတယ်။ လူမစုနဲ့ဆိုရင် ကျနော်တို့ လူစုတယ်။ ဆန္ဒမပြနဲ့ဆို ပြတယ်။ ညမထွက်နဲ့ဆိုရင် ထွက်တယ်။ သူတို့ပေးတဲ့အမိန့်တွေကို ကျနော်တို့ တစ်ခုမှ လက်မခံဘူး။ ဘာလို့ ညဘက်တွေထိပါ ကူးလာသလဲဆိုရင် သူတို့လုပ်နေတဲ့ လုပ်ရပ်တွေဟာ လွန်ကျွံလာတယ်။ လက်မခံနိုင်တဲ့အတိုင်းအတာ ပိုပြီးများလာတယ်။ အဲဒီအတွက် ကျနော်တို့က ညဘက်တွေ အထိပါ သပိတ်အရှိန်ကောင်းလာတယ်လို့ ယူဆရပါတယ်။"
ပူးပေါင်းပါဝင်သူများလှတဲ့အတွက် ထင်ရှားတဲ့ လှည်းတန်းညသပိတ်ဆင်နွဲနေပုံ ဗီဒီယိုတွေဟာလည်း လူမှုကွန်ရက်မှာ ပျံ့နှံ့နေပါတယ်။ လှည်းတန်းညသပိတ်မှာ ပါဝင်သူမိခင်တစ်ယောက်ကတော့ လူငယ်တွေရဲ့ လှုပ်ရှားမှုတွေကိုရော ညသပိတ်တိုက်ပွဲတွေကိုပါ အတတ်နိုင်ဆုံးဆက်ပြီး ပံ့ပိုးသွားမယ်လို့ပြောပါတယ်။
"ကျမတို့ကလေးတွေ ရှေ့တန်းက တိုက်ပွဲဝင်နေတယ်။ ကလေးတွေလည်း တော်တော်လေး ပင်ပန်း နေကြပါပြီ။ ကျမတို့လူကြီးတွေက ညဘက်သပိတ်မှာ ဘယ်လိုမျိုး တိုက်ပွဲဝင်ပေးရမလဲဆိုတာ ကျမတို့အားလုံး ညီညီညွတ်ညွတ်နဲ့ပြုလုပ်သွားဖို့ ကြိုးစားနေပါတယ်။"
ညသပိတ်တွေစတင်ပြီး ရက်ပိုင်းအတွင်းမှာပဲ စစ်တပ်နဲ့ ရဲက ညသပိတ်ကို ဖြိုခွဲပစ်ခတ်တာတွေ လုပ်လာ ပါတယ်။ ရန်ကုန်တိုင်း သာကေတမြို့နယ်မှာဆိုရင် မတ်လ ၁၂ ရက် ညမှာပြုလုပ်တဲ့ ညသပိတ်မှာပါဝင်သူ လူငယ် သုံးယောက်ကို ဖမ်းဆီးခေါ်ဆောင်သွားတာကြောင့် သူတို့ကိုပြန်ထုတ်ပေးဖို့ မြို့နယ်တွင်းက လူ ရာပေါင်းများစွာက သာကေတအမှတ် ၁ ရဲစခန်းရှေ့မှာ စုရုံးပြီးတောင်းဆိုကြပါတယ်။ အဲဒီလို တောင်းဆို နေစဉ် စစ်တပ်နဲ့ ရဲက သေနတ်နဲ့ပစ်ခတ်ခဲ့တဲ့အတွက် ကိုစည်သူနဲ့ ကိုအောင်အောင်ဇော် ဆိုသူနှစ်ဦး သေဆုံးခဲ့ပြီး ပြင်းပြင်ထန်ထန် ဒဏ်ရာရသူတွေ လည်းရှိခဲ့ပါတယ်။
သံလျင်မြို့နယ်က ညသပိတ်မှာ ပါဝင်သူပြည်သူတစ်ယောက်ကတော့ စစ်တပ်က ရပ်ကျေးအုပ်ချုပ်သူတွေ အထိ အစားထိုးလာရင် ညသပိတ်ဟာ အရေးကြီးတဲ့အခန်းကဏ္ဍအနေနဲ့ ရှိနေမှာဖြစ်တယ်လို့ ပြောပါတယ်။
"ညသပိတ်ကို လုပ်လို့ရတဲ့ရက်အထိ၊ လုပ်လို့ရတဲ့အခြေအနေအထိ လုပ်မယ်။ အင်အားပြဖို့လိုတယ်။ ရပ်နေလို့ မဖြစ်ဘူး။ လူထုအင်အားနည်းပါးသွားပြီ၊ ငြိမ်သွားပြီဆိုရင်၊ ရပ်ကျေးတွေမှာ အတင်းဝင်ပြီး နေရာယူကြ ဘာကြဆိုရင်၊ ဧည့်စာရင်းစစ်တဲ့ကိစ္စတို့ ဘာတို့ စလာပြီဆိုရင် ဒါ… သူတို့ လုပ်ငန်းဆောင်တာ တွေကို တရားဝင်ခွင့်ပြု လိုက်ပြီဆိုတဲ့သဘောမျိုး သက်ရောက်သွားပြီလေ။ အဲဒီလိုသဘောမျိုး အသက်ရောက်မခံနိုင်ဘူးဆိုရင်တော့ ညသပိတ်က အရေးကြီးတာပဲ။"
ညသပိတ်ပြုလုပ်တဲ့အခါမှာ အနှောင့်အယှက်လိုဖြစ်နေတာတွေရှိလို့ အားမလိုအားမရဖြစ်နေတဲ့ လူငယ် တချို့ရဲ့အသံကိုလည်း အခုလိုကြားရပါတယ်။
"ကျနော်က ညသပိတ်ထက် နေ့လယ် မနက်ဆိုတာတွေကို သဘောကျတယ်။ ညသပိတ်ကျတော့ ဘယ်လို ဖြစ်လဲဆိုတော့ တချို့လူတွေက ငမူး ငရူးတွေ ရှိတယ်ဗျ။ အဲဒီလို မူးရူးနေရင် အဆင်မပြေဘူးလေ။ စောစောကဆိုရင် ကျနော်တို့ ရေကျော်လမ်းမမှာ သူက နည်းနည်းလေးမူးပြီး ကောင်းနေတာ။ ကောင်းနေပြီးတော့ YMBA ဘက်ကိုလှမ်းပြီးဆဲနေတာ။ သူတစ်ယောက်ကြောင့် ကျန်တဲ့သူတွေက ဆင်းမလာတော့ဘူး။ အဲလိုတွေရှိတယ်ဗျာ။ ဒလံလားဆိုတော့လည်း ဒလံမဟုတ်ဘူး။ ကျနော်တို့ လူညီရင်တော့ ဒီပွဲက နိုင်ပြီဗျာ။ လူမညီလို့ ခက်နေတာ။ ကျနော်တို့ မြန်မာလူမျိုးတွေက ကောက်ရိုးမီးတွေ အရမ်းများတယ်။"
ဒီအရေးတော်ပုံဟာ စစ်အာဏာရှင်စနစ် အပြီးတိုင် ကွယ်ပျောက်ရေးအတွက် တိုက်ပွဲဝင်နေတာဖြစ်တဲ့အတွက် မြန်မာပြည်သူလူထုအားလုံးအတွက် အလွန်အရေးကြီးလို့ အားမလျော့ကြဖို့ Generation Z လူငယ်တွေက နှိုးဆော်ပါတယ်။ အခုလို ကမ္ဘာတစ်ဝှမ်းလုံးက စောင့်ကြည့်နေချိန်မှာ လက်လျှော့လိုက်ရင် နောက်မျိုးဆက် တွေအထိ စစ်အာဏာရှင်စံနစ် ပြန်လွှမ်းမိုးလာမှာဖြစ်လို့ ရေရှည်တိုက်ပွဲဝင်နိုင်ရေးအတွက် တိုက်ပွဲပုံစံတွေ ပြောင်းပြီး ဆက်လက်ချီတက်ကြဖို့လည်း သူတို့က တိုက်တွန်းပါတယ်။
"လက်ရှိအနေအထားဆို တော်တော်လေး အောင်မြင်တဲ့အတိုင်းအတာကို ရောက်ရှိနေပြီလို့ ကျနော် ယူဆမိတယ်။ ဒါပေမဲ့ အချိန်အတိုင်းအတာတစ်ခု ကြာလာတဲ့အခါ လူတွေက နည်းနည်းလေး စိတ်ဓါတ်ကျလာတာ တချို့ရှိလာတယ်။ ဖြိုခွင်းခံရပြီးတဲ့နောက်ပိုင်းမှာ ကြောက်တဲ့သူတွေက မထွက်လာတာ များလာတယ်ပေါ့နော်။ ဆိုတဲ့အခါကျတော့ ဖြစ်နိုင်ရင်တော့ အားလုံးအတူ ထပ်ပြီးတော့ ထွက်ကြပါ။ အချိန်သိပ်မကြာခင်မှာ ကျနော်တို့ အနိုင်ရ လိမ့်မယ်လို့ မျှော်လင့်ထားပါတယ် ခင်ဗျ။"
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ စစ်တပ်က နိုင်ငံတော်အာဏာကို သိမ်းယူလိုက်ပြီးနောက်ပိုင်း နိုင်ငံအနှံ့က ပြည်သူတွေက ဆန့်ကျင်ကန့်ကွက်ခဲ့ရာမှာ ဆန္ဒပြနည်းပေါင်းစုံ ပါဝင်ခဲ့ပါတယ်။ Gen Z လို့ခေါ်တဲ့ ဆယ်ကျော်သက်အရွယ်လူငယ်တွေက သူတို့လေ့လာတတ်ကျွမ်းထားတဲ့ အနုပညာအဆို၊ အက၊ အတီး အမှုတ်တွေနဲ့ ဆန္ဒပြသလို ပရိုဂျက်တာတွေနဲ့ဆန္ဒပြတာ၊ ဆုတောင်းမေတ္တာပို့တာတွေကို သင့်တော်သလို ပြောင်းပြီးလုပ်ခဲ့ကြပါတယ်။ လူလတ်လူကြီးတွေကလည်း ကိုယ်နိုင်ရာကဏ္ဍကနေ ပူးပေါင်းပါဝင် ပံ့ပိုးခဲ့ကြပါတယ်။
အဲဒီဆန္ဒပြပွဲတွေကို စစ်တပ်နဲ့ ရဲက ပစ်ခတ်ဖမ်းဆီး အကြမ်းဖက်ဖြိုခွဲနေပါတယ်။ ပြည်သူတွေဟာ လူပင်ပန်း ပေမယ့် စစ်အာဏာရှင် အမြစ်ဖြုတ်ရေးအတွက် စိတ်ဓါတ်ကပြင်းထန်နေတာကြောင့် ဒီအရေးတော်ပုံ အောင်မြင်ရမယ်လို့ စူးစူးနစ်နစ် ယုံကြည်နေကြပါတယ်။
"ကျနော်တို့ ပြည်သူတွေက လက်နက်မဲ့ ငြိမ်းချမ်းစွာတော်လှန်တာကို စစ်အာဏာရှင်တွေက ရက်စက်စွာ ဖြိုခွင်းတာကို ခံနေရပါတယ်။ ဒါပေမဲ့ ပြည်သူတွေဟာ အကြောက်တရားကင်းမဲ့စွာပဲ ရှေ့ဆက်တိုးပြီး ကျနော်တို့ ညသပိတ်ကို ထပ်တိုးဆင်နွှဲကြပါတယ်။ ကျနော်တို့ဟာ စစ်အာဏာရှင်ကို နိုင်ရမယ်၊ နိုင်ကိုနိုင်ရမယ်ဆိုတဲ့ ကျနော်တို့ရဲ့ခံယူချက်နဲ့ ရှေ့ဆက်ပြီး ချီတက်သွားမှာပါ။ ကျနော်တို့ လုံးဝ အရှုံး မပေးပါဘူး။ ဒီတိုက်ပွဲမှာ ကျနော်တို့ စစ်အာဏာရှင်တွေ ကို အပြီးသတ်ချေမှုန်းမှာ။ ဒါကြောင့်လည်း ရန်ကုန်တစ်မြို့လုံးမှာ ဒီ ညသပိတ် ညတိုက်ပွဲတွေက ဆက်လက်ရှိနေ ဦးမှာဖြစ်ပါတယ်။ အရေးတော်ပုံ အောင်ရမယ်။"
မျိုးဆက်ပေါင်းစုံရဲ့ ပူးပေါင်းဆန့်ကျင်မှုတွေ အရှိန်မြင့်နေဆဲကာလမှာပဲ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တွေ က သက်ဆိုင်ရာနယ်မြေတွေက ဆန္ဒပြသူတွေကို ကာကွယ်ပေးလာပါတယ်။ အဲဒီအဖွဲ့တွေဟာ ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြု ကော်မတီနဲ့ဆက်သွယ်ပြီး ရှေ့ဆက်ဆောင်ရွက်ဖို့ ဆွေးနွေးလာကြချိန် မှာပဲ နိုင်ငံတကာ ရဲ့ စစ်ကောင်စီအပေါ် ဖိအားပေးမှုတွေနဲ့ တောင်းဆိုမှုတွေကလည်း နေ့စဉ်ရက်ဆက် ရှိနေသလို နေ့စဉ်နဲ့အမျှ ပြင်းထန်လာနေပါတယ်။