NGO နဲ့ INGO တွေကို ထိန်းချုပ်ဖို့ စစ်ကောင်စီ အကြိမ်ကြိမ် သတိပေး

RFA Burmese
2023.09.15
NGO နဲ့ INGO တွေကို ထိန်းချုပ်ဖို့ စစ်ကောင်စီ အကြိမ်ကြိမ် သတိပေး နေပြည်တော်တွင် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁၄ ရက်နေ့က ကျင်းပသည့် INGO နှင့် NGO များ မှတ်ပုံတင်ရေးကိစ္စဆွေးနွေးပွဲ၌ စစ်ကောင်စီ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်အား တွေ့ရစဉ်။
MOI

မြန်မာနိုင်ငံမှာ အလုပ်လုပ်နေတဲ့ အစိုးရမဟုတ်တဲ့ ပြည်တွင်း၊ ပြည်ပ အရပ်ဘက် အဖွဲ့အစည်း NGO နဲ့ INGO တွေ မဖြစ်မနေ မှတ်ပုံတင်ရမယ်၊ မှတ်ပုံတင်တဲ့အခါ အစိုးရ ဌာနဆိုင်ရာတွေရဲ့ ထောက်ခံချက် မဖြစ်မနေယူရ မယ်လို့ စစ်ကောင်စီရဲ့ ပြည်ထဲရေး ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က စက်တင်ဘာ ၁၄ ရက် မနေ့က သတိပေး လိုက်ပါတယ်။

မနေ့က နေပြည်တော်မှာလုပ်တဲ့ ပြည်တွင်း၊ ပြည်ပအရပ်ဘက်အဖွဲ့အစည်းတွေ မှတ်ပုံတင် ရေးကိစ္စ ဆွေးနွေးပွဲမှာ အဲဒီလို သတိပေးလိုက်တာပါ။ ပြည်ပကနေ ကူညီနေတဲ့နိုင်ငံတွေနဲ့ အဖွဲ့အစည်းတွေဟာ INGO နဲ့ NGO တွေကို အသုံးချပြီး တရားမဝင် ကိစ္စတွေအတွက် ထောက်ပံ့မှု မဖြစ်စေဖို့ လိုအပ်တယ်လို့ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က ပြောပါတယ်။

ဩဂုတ်လ ၃၀ ရက် စစ်ကောင်စီရဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးမှာလည်း အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြည်တွင်း၊ ပြည်ပ အရပ်ဘက်အဖွဲ့အစည်းတွေကို ကြပ်မတ်ထိန်းသိမ်းဖို့ သူ့အစိုးရဝန်ကြီးတွေကို သတိပေးခဲ့ပါတယ်။

"ဘယ်သူ့ကို ပေးရမယ်၊ ဘယ်နေရာမှာ ပေးရမယ်ဆိုတဲ့ဟာတွေ သူတို့နဲ့ မညှိနှိုင်းဘဲနဲ့ မရဘူးဆိုတဲ့ဟာမျိုးကို ထိန်းချုပ်တဲ့ဟာကတော့ ဘယ်လိုမှ တရားမျှတမှုလည်း မရှိဘူး"

စစ်ကောင်စီရဲ့ တင်းကျပ်မှုတွေကြောင့် လုပ်ရကိုင်ရခက်ပြီး ပြည်တွင်းမှာ အရပ်ဘက်အဖွဲ့ အစည်းတွေ နည်းသွားတယ်လို့ ပဲခူးတိုင်းက NGO တစ်ခုရဲ့ တာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။

“အခက်အခဲကတော့ ပြီးခဲ့တဲ့ အာဏာစသိမ်းကတည်းက အခက်အခဲတွေပဲလေ၊ လောလောဆယ် သူက ပိုပြီး တင်းကျပ်လိုက်တဲ့အတွက်ကြောင့် ပိုပြီး လုပ်မရ ကိုင်မရ ဖြစ်တာပေါ့နော်။  တော်တော်များများ လည်း မရှိတော့ပါဘူး မြန်မာပြည်ထဲမှာက။ လက်ရှိ လုပ်ကိုင်နေတဲ့အဖွဲ့က တော်တော်လေး နည်းတယ်လို့ ကျွန်တော် မြင်တယ်လေ”

ဆက်လုပ်နေတဲ့ NGO အဖွဲ့တွေဟာလည်း လုံခြုံရေးအရ သိုသိုသိပ်သိပ်ပဲ လုပ်ကိုင်နေရ တယ်လို့ သူက ပြောပါ တယ်။

ချင်းပြည်နယ်က NGO အဖွဲ့အစည်းတစ်ခုရဲ့ တာဝန်ရှိသူတစ်ဦးကလည်း ဖမ်းဆီးခံရနိုင်တဲ့ အန္တရာယ်တွေကြားက ပဲ စစ်ကောင်စီရဲ့ စစ်ဆေးဂိတ်တွေကို ရှောင်ရှားပြီး အကူအညီ ပေးနေ ရတယ်လို့ ပြောပါတယ်။

“လုပ်လို့ကိုင်လို့တော့ သွားတော့သွားနေရသေးတယ်။ သွားလို့ရသေးတယ်ပေါ့နော်။ သွားလို့လာလို့တော့ အဆင်ပြေတယ်။ ဒါပေမဲ့ လမ်းမှာအစစ်အဆေးတွေ ရှိတဲ့အခါကျ တော့ သတိထားပြီးတော့ သွားရတာပေါ့နော်။ တစ်ခါတလေ မြို့တွင်းမဖြစ်မနေ ဖြတ်ရတဲ့ နေရာတွေရှိတယ်။ တစ်ခါတလေ စစ်ဆေးရေးဂိတ်တွေတော့ ရှောင် နိုင်ရင် ရှောင်ကြတယ်”

ချင်းပြည်နယ်မှာတော့ စစ်ကောင်စီတပ်က NGO ဝန်ထမ်းတွေသာမက အရပ်သားတွေကိုပါ မထင်ရင် မထင်သ လို ဖမ်းဆီးလေ့ရှိတာကြောင့် အန္တရာယ် ပိုများတယ်လို့ သူက ပြောပါ တယ်။ လုံခြုံရေးအခြေအနေကြောင့် ပဲခူးတိုင်းနဲ့ ချင်းပြည်နယ်က တာဝန်ရှိသူနှစ်ဦးလုံး ဘယ် NGO အဖွဲ့မှာ လုပ်နေသလဲဆိုတာကို RFA က ထုတ်ဖော်ပြောဆိုနိုင်ခြင်း မရှိပါဘူး။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့  အရပ်ဘက်အဖွဲ့တွေ မှတ်ပုံမတင်ဘဲ လုပ်ကိုင်နေရင် ထောင်ဒဏ် သုံးနှစ် ဒါမှမဟုတ် ငွေဒဏ် ဆယ်သိန်း ချမှတ်နိုင်တဲ့ အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေသစ်ကို ၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၂၈ ရက်နေ့ကတည်းက လက်မှတ်ထိုး အတည်ပြုထားပါတယ်။

ဒီဥပဒေသစ်ပါ ပြဋ္ဌာန်းချက်တွေနဲ့အညီ လုပ်ကိုင်ဖို့ တိုင်းနဲ့ ပြည်နယ်အသီးသီးမှာ အကူအညီပေးနေတဲ့ အရပ်ဘက်အဖွဲ့ အစည်းအားလုံးကို စစ်ကောင်စီ လက်အောက်ခံ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ခေါ်ယူသတိပေးတာ၊ စာပို့ သတိပေးတာတွေ ထပ်လုပ်ခဲ့ပါတယ်။

ဒီလိုတင်းကျပ်ထိန်းချုပ်မှုတွေက အရေးပေါ်အကူအညီ လိုအပ်နေတဲ့ နိုင်ငံတစ်ဝန်းက ပြည်သူတွေကိုပဲ ကြီးကြီးမားမား ထိခိုက်စေလိမ့်မယ်လို့ စစ်ဘေးနဲ့ သဘာဝဘေးဒဏ် နှစ်ခုစလုံးကို ခံစားနေရတဲ့ ရခိုင် ပြည်နယ်လူထုကို အကူအညီပေးနေတဲ့ NGO အဖွဲ့ တာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။

“တကယ် အခုလို စစ်ဘေးတွေရော၊ မုန်တိုင်းဒဏ်တွေရော၊ တခြားရေဘေးတွေရော အခက်အခဲစုံ ရင်ဆိုင် နေရတဲ့ ပြည်သူလူထုတွေမှာက လိုအပ်ချက်တွေ အရမ်းကို များတယ်။ အဲလိုမျိုး အဘက်ဘက် ကနေ ကန့်သတ်မှုတွေ လုပ်ထားလို့ရှိရင်တော့ ဒါ ပြည်သူလူထု ရေရှည်မှာကြုံရမယ့် အခက်အခဲက အရမ်းကို ကြီးမားတယ်ပေါ့နော်”

ကန့်သတ်ထိန်းချုပ်မှု မျိုးစုံကြောင့် တရားဝင် မှတ်ပုံတင်ထားတဲ့ INGO နဲ့ NGO အဖွဲ့တွေ လက်တွေ့အလုပ်လုပ်ဖို့ ခက်ခဲသလို မှတ်ပုံမတင်ထားတဲ့ အဖွဲ့အစည်းတွေကတော့ အန္တရာယ်များတဲ့အခြေအနေကို ရင်ဆိုင်နေရတယ်လို့ သူက ပြောပါတယ်။

ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး နိုင်ငံတစ်ဝန်း လူသားချင်းစာနာမှု အကူအညီတွေကို အဓိက ဖြန့်ဝေကူညီ လေ့ရှိတဲ့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ် ညှိနှိုင်းရေးမှူးရုံး (UN OCHA) နဲ့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) တို့ကို RFA က အီးမေးလ်ကတစ်ဆင့် မေးမြန်းထားပေမယ့် တုံ့ပြန်ဖြေကြားခြင်း မရှိသေးပါဘူး။

မိုခါ မုန်တိုင်းဒဏ်ခံခဲ့ရသည့် ရခိုင်ပြည်နယ်အတွင်း UN OCHA မှ ကူညီထောက်ပံ့ပေးမှုများအား ၂၀၂၃ ခုနှစ်၊ ဇွန်လ ၂ ရက်နေ့က တွေ့ရစဉ်။ (Photo: UN OCHA Myanmar)
မိုခါ မုန်တိုင်းဒဏ်ခံခဲ့ရသည့် ရခိုင်ပြည်နယ်အတွင်း UN OCHA မှ ကူညီထောက်ပံ့ပေးမှုများအား ၂၀၂၃ ခုနှစ်၊ ဇွန်လ ၂ ရက်နေ့က တွေ့ရစဉ်။ (Photo: UN OCHA Myanmar)

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UN OCHA) ရဲ့ စက်တင်ဘာ ၈ ရက် ထုတ်ပြန် ချက်မှာတော့ ရခိုင်ပြည်နယ်မှာ မုန်တိုင်းဒဏ်ခံရသူအားလုံး အတွက် လူသားချင်းစာနာမှု အကူအညီ လိုအပ်ချက်က မြင့်မားနေပြီး၊ မြန်မာနိုင်ငံ အရှေ့ တောင်ပိုင်းနဲ့ ကချင်ပြည်နယ်မှာလည်း လူသားချင်းစာနာမှု အကူအညီပေးရေးကိစ္စတွေ အပေါ် သိသိသာသာ ကန့်သတ်ထိန်းချုပ်ခံနေရတယ်လို့ ဖော်ပြထားပါတယ်။

စစ်တပ်အရာရှိဟောင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့ အမှုဆောင်ညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦး ကတော့ တချို့ပြည်ပအဖွဲ့အစည်းတွေဟာ နိုင်ငံရဲ့ မျိုးဆက်သစ်လူငယ်တွေကို အနောက်တိုင်း အတွေးအခေါ်တွေ ပို့ချနေတာကြောင့် အခုလို ကြပ်မတ်ထိန်းချုပ်ရတာလို့ RFA ကို ပြောပါတယ်။

“တချို့တချို့သော INGO များအတွက်ကျတော့ အဲဒီလည်ပတ်နေတဲ့ငွေကြေး စီးဆင်းမှုကနေပြီးတော့ ဘာလုပ် လဲ ဆိုတော့ ဒီအတွင်းထဲမှာ သင်တန်းပေးတာတို့ ဘာတို့လုပ်ရင်းနဲ့ တချို့တချို့သော အနောက်တိုင်းကို အရမ်းနှီးနွှယ်တဲ့ အနောက်တိုင်း အပေါ်ကို သိပ်မှီခိုတဲ့အတွေးအခေါ်တွေ မျိုးဆက်သစ်တွေထဲမှာသွားပြီးတော့ သင်တန်း ပေးနိုင်တာ အဲဒီအတွက် မြှုပ်နှံနိုင်တာတွေအများကြီး လုပ်လို့ရတယ်”

ပြည်ပနိုင်ငံတွေဟာ လူ့အသိုက်အဝန်းတစ်ခုကို ကောင်းကောင်းဖြိုခွဲရာမှာ INGO နဲ့ NGO တွေကို အသုံးချလေ့ ရှိတယ်လို့လည်း  ဦးသိန်းထွန်းဦး က ပြောပါတယ်။

စစ်ကောင်စီရဲ့ အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေသစ်မှာလည်း အချုပ်အခြာ အာဏာ တည်တံ့ခိုင်မြဲရေး၊ တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေးနဲ့ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေး စတာတွေကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ထိပါးစွက်ဖက်တာမျိုးတွေ ကို ထောင် ငါးနှစ်၊ ကျပ်သိန်း ၅၀ ဒါမှမဟုတ် ဒဏ်နှစ်ရပ်လုံး ချမှတ်နိုင်တဲ့အပြင် ပိုင်ဆိုင်မှုတွေကိုပါ သိမ်းယူနိုင်ကြောင်း တင်းတင်းကျပ်ကျပ် ပြဋ္ဌာန်းထားပါတယ်။

ဒီလို ကန့်သတ်ထိန်းချုပ်မှုမျိုး စစ်ကောင်စီမှာ လုပ်ပိုင်ခွင့် မရှိသလို၊ တရားမျှတမှု မရှိဘူးလို့ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော် က ပြောပါတယ်။

“မြန်မာနိုင်ငံမှာ ဒုက္ခရောက်တဲ့ ပြည်သူလူထုတွေ ပိုပြီးဒုက္ခရောက်အောင်လုပ်တဲ့ လုပ်ရပ်တစ်ခု ဒီ INGO တွေ၊ NGO တွေ သူတို့ရဲ့အမိန့် နာခံပြီးမှ အလုပ်လုပ်ရမယ်၊ သူတို့ရဲ့အမိန့် နာခံမှုအရပဲ သွားရမယ်၊ သူတို့ရဲ့အမိန့် နာခံမှု အရပဲ ပေးရမယ်၊ ဘယ်သူ့ကို ပေးရမယ်၊ ဘယ်နေရာမှာ ပေးရမယ်ဆိုတဲ့ဟာတွေ သူတို့နဲ့ မညှိနှိုင်းဘဲနဲ့ မရဘူးဆိုတဲ့ဟာမျိုးကို ထိန်းချုပ်တဲ့ဟာကတော့ ဘယ်လိုမှ တရားမျှတမှုလည်း မရှိဘူး။ လုပ်လည်း မလုပ်သင့်သလို သူတို့မှာလည်း လုပ်ခွင့်လည်းမရှိတဲ့အလုပ်ဆိုတာ ပြောကြားချင်ပါတယ်”

ပြီးခဲ့တဲ့လက မြန်မာနိုင်ငံကိုလာရောက်ပြီး စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့တဲ့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ အရေးပေါ် ကူညီရေးအဖွဲ့ အကြီးအကဲ Martin Griffiths ရဲ့ ခရီးစဉ်အပြီး ဩဂုတ် ၁၅ ရက်နေ့ ထုတ်ပြန်ချက်မှာ မြန်မာနိုင်ငံအတွင်းက ဒေသတွေကို ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် အကူအညီတွေ သွားရောက်ပေးအပ်ခွင့်ပြုဖို့ တောင်းဆိုထားပါတယ်။

လက်ရှိ မြန်မာနိုင်ငံမှာ အကျပ်အတည်းတွေ တစ်ခုပြီးတစ်ခု ဖြစ်ပွားနေတာကြောင့် နိုင်ငံ လူဦးရေရဲ့ သုံးပုံတစ်ပုံ လောက်က လူသားချင်းစာနာမှု အကူအညီတွေ အရေးပေါ် လိုအပ်နေတယ်လို့ သူက ပြောပါတယ်။

စစ်ကောင်စီဟာ ၈၈ ဒီမိုကရေစီအရေးတော်ပုံကို ဖိနှိပ်ဖြိုခွင်းချိန်ကနေ အခုချိန်ထိ ပြည်သူတွေကို ကူညီနေတဲ့ ပြည်တွင်း၊ ပြည်ပ အရပ်ဘက်အဖွဲ့အစည်းတွေကို ထိန်းချုပ်ကန့်သတ်လာခဲ့တာလို့ မြန်မာ့လူ့အခွင့်အရေး ကွန်ရက် (BHRN) ရဲ့ ညွှန်ကြားရေးမှူး ဦးကျော်ဝင်းက RFA ကို ပြောပါတယ်။

“ဒါကတော့ မြန်မာပြည်မှာ သိတဲ့အတိုင်းပဲ၊ စစ်တပ်က ဘယ်တော့မဆို ပြည်သူတွေရဲ့ ဆန့်ကျင်ဘက်၊ ပြည်သူ တွေ အကျိုးယုတ်မယ့်ဟာဆိုရင် အမြဲလုပ်လေ့ရှိတယ်။ ပြည်သူတွေအတွက် အကျိုးရှိမယ်၊ ပြည်သူတွေ အတွက် အဆင်ပြေမယ်ဆိုရင် အမြဲတမ်း အဖျက်အမှောက် လုပ်လေ့ရှိတယ်ဆိုတာ အမြဲတမ်း သိနေရတာပေါ့နော်။ ကျွန်တော်တို့ အတွေ့အကြုံအရ ပြောရမယ်ဆိုရင်တော့ စစ်တပ်ရဲ့ အုပ်ချုပ်တဲ့ ၈၈ ကာလဖြစ်လာတဲ့အချိန်မှာ ကတည်းက ဒီလိုအရပ်ဘက်အဖွဲ့အစည်းတွေကို တိုက်ခိုက်လာတာပေါ့နော်”

မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းပြီးနောက်ဖြစ်ပေါ်လာတဲ့ လက်နက်ကိုင်ပဋိပက္ ခတွေကြောင့် နေရပ် စွန့်ခွာထွက်ပြေးရသူ ၁ ဒသမ ၉ သန်းကျော်အထိရှိလာပြီး အရေးပေါ်အကူအညီတွေ လိုအပ်နေတယ် လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး UN OCHA က ထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံမှာ နိုင်ငံရေးအခြေအနေ၊ လူသားချင်းစာနာမှုဆိုင်ရာနဲ့ လူ့အခွင့်အရေးဆိုင်ရာ အခြေအနေတွေ တစ်နေ့တခြား ပိုမိုဆိုးဝါးလာတာကြောင့် ပြည်သူလူထုရဲ့ အသံကို နားထောင်ဖို့ မြန်မာစစ်တပ် ခေါင်းဆောင်တွေကို ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတားရက်စ် က အခုလဆန်းပိုင်းမှာ တိုက်တွန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။