စစ်အာဏာသိမ်း ၁၁ လအတွင်း လူနေအိမ် ၂၀၀၀ နီးပါး မီးရှို့ဖျက်ဆီးခံရ

2022.01.06
စစ်အာဏာသိမ်း ၁၁ လအတွင်း လူနေအိမ် ၂၀၀၀ နီးပါး မီးရှို့ဖျက်ဆီးခံရ မီးလောင်ပျက်စီးနေတဲ့ ထန်တလန်မြို့က နေအိမ်တွေကို ၂၀၂၁၊ ဒီဇင်ဘာ ၇ ရက်နေ့က တွေ့ရစဉ်
Photo: The Chin Journal

၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းချိန်ကနေ ၂၀၂၂ ဇန်နဝါရီလ ၅ ရက်နေ့အထိ ခုခံမှုအားကောင်းတဲ့ ချင်း၊ ကယား၊ မကွေးနဲ့ စစ်ကိုင်းအပါအဝင် တိုင်းနဲ့ ပြည်နယ် ကိုးခုရှိ မြို့ခြောက်မြို့နဲ့ ကျေးရွာပေါင်း ၉၀ က လူနေ အဆောက်အအုံ ၁၉၆၃ လုံး မီးရှို့ခံခဲ့ရတယ်လို့ နိုင်ငံရေး၊ စစ်ရေးနဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေကို သုတေသနပြုနေတဲ့ Data for Myanmar အဖွဲ့က RFA ကို ပြောပါတယ်။

တိုင်းနဲ့ ပြည်နယ်အလိုက် ကြည့်မယ်ဆိုရင် ချင်းပြည်နယ်မှာ အိမ်ခြေ ၇၅၂ လုံး၊ စစ်ကိုင်းတိုင်းမှာ ၆၆၂ လုံး၊ မကွေးတိုင်းမှာ ၄၂၅ လုံး၊ ကယားပြည်နယ်မှာ ၆၆ လုံး၊ ကယားနယ်စပ် ရှမ်းပြည်နယ်တောင်ပိုင်းမှာ ၂၃ လုံး၊ မန္တလေးတိုင်းမှာ ၁၃ လုံး၊ ပဲခူးတိုင်း အနောက်ခြမ်းမှာ ၁၀ လုံး၊ တနင်္သာရီတိုင်းမှာ ၇ လုံးနဲ့ ကရင်ပြည်နယ်မှာ ၅ လုံး စုစုပေါင်း လူနေ အဆောက်အအုံ ၁၉၆၃ လုံး မီးရှို့ခံရပါတယ်။

ပြည်နယ်အလိုက် အများဆုံးမီးရှို့ခံရတဲ့ ချင်းပြည်နယ်မှာ ထန်တလန်မြို့မှာ မီးအများဆုံး အရှို့ခံရပြီး ဒီ တစ်မြို့တည်းမှာတင် လူနေအဆောက်အအုံ ၆၉၀ မီးရှို့ခံရကြောင်း RFA က ရရှိထားတဲ့ Data for Myanmar အဖွဲ့ စာရင်းမှာ ဖော်ပြထားပါတယ်။ ကျေးရွာတွေထဲမှာတော့ မကွေးတိုင်းထဲက ကင်းမနဲ့ နှမ်းခါးဟာ မီးရှို့ခံရမှု အများဆုံးဖြစ်ခဲ့ပြီး ကင်းမကျေးရွာမှာ လူနေအိမ် ၂၃၀ နဲ့ နှမ်းခါးရွာမှာ ၅၉ လုံး မီးရှို့ဖျက်ဆီး ခံခဲ့ရပါတယ်။

ဒါဟာ ခုခံမှုအားကောင်းတဲ့ ကျေးရွာတွေကို ကြောက်စိတ်ဝင်သွားအောင် စစ်တပ်ဘက်က တမင်ရည်ရွယ်ချက် ရှိရှိလုပ်ဆောင်တာလို့ မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ နှမ်းခါးရွာသား ကိုစိုးလေး က ပြောပါတယ်။

"သူတို့ကို တော်လှန်မှု အားကောင်းတဲ့ရွာတွေကို ကြောက်စိတ်ဝင်အောင် မီးရှို့တယ်လို့ ထင်တယ်။ သွေးကွဲအောင်ပေါ့ဗျာ။ PDF တွေကြောင့်မိုလို့ မီးရှို့တယ်ပေါ့။ အဲလိုမျိုး။ အဓိက ကတော့ အစုအဖွဲ့ ကောင်းတဲ့ ရွာတွေကို ပိုပြီးတော့မှ မဲတယ်ဗျ။ စစ်ကောင်စီကို တော်လှန်မှု အားကောင်းတဲ့ ရွာတွေပေါ့။ ထန်တလန်တို့ ဘာတို့ ဆိုရင်လည်း EAO ဒေသတွေ၊ CDF တို့ ဘာတို့ ရှိတော့ ထောက်ခံမှု အားကောင်း လွန်းလို့ မီးရှို့တာလို့ ထင်ပါတယ်။ သူတို့ အာဏာတည်မြဲရေးအတွက် အပြစ်မဲ့ ပြည်သူတွေကို ဒုက္ခ ရောက်အောင် သူတို့ကို ကြောက်စိတ်ဝင်အောင် သူတို့ကို မတော်လှန်နိုင်အောင်လို့ အဲလိုမျိုး ရှို့တယ်လို့ ထင်တယ်"

ဇန်နဝါရီ ၃ ရက်နေ့က ထုတ်ပြန်တဲ့ အေပီ သတင်းတစ်ပုဒ်မှာလည်း မြန်မာစစ်တပ်ဟာ အစုအပြုံလိုက် သတ်ဖြတ်မှုတွေနဲ့ ကျေးရွာမီးရှို့မှုတွေကို စစ်ဆင်ရေးနည်းဗျူဟာတစ်ခုအနေနဲ့ ပြန်လည်အသုံးချလာတာ တွေ့ရတယ်လို့ ဖော်ပြထားပါတယ်။

မကွေးတိုင်းပြီးရင် စစ်အာဏာရှင်ခုခံရေး အားကောင်းတဲ့ စစ်ကိုင်းတိုင်းဟာ စစ်ကောင်စီတပ်တွေရဲ့ မီးရှို့ဖျက်ဆီးမှုကို အများဆုံးခံရတဲ့ ဒေသတွေ ဖြစ်လာပါတယ်။

ayartaw-fireburn.jpg
(စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ ကဲဘာရွာမှာ ၂၀၂၁၊ ဒီဇင်ဘာ ၁၃ ရက်နေ့က စစ်ကောင်စီတပ်တွေ မီးရှို့ခဲ့တဲ့ နေအိမ်တွေကို တွေ့ရစဉ်) Photo: CJ

Data for Myanmar အဖွဲ့ရဲ့ စာရင်းတွေအရ စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ် ကဲဘာရွာမှာ လူနေအိမ် အလုံး ၁၀၀၊ ကန့်ဘလူမြို့နယ် ရီဒွေးရွာမှာ အလုံး ၁၀၀၊ တန့်ဆည်မြို့နယ် ကာပေါင်းကျရွာမှာ ၇၁ လုံး၊ ရေဦးမြို့နယ် ရေမြက်ကျေးရွာမှာ ၆၂ လုံး မီးရှို့ဖျက်ဆီး ခံခဲ့ရပါတယ်။

စစ်ကိုင်းတိုင်း၊ ကလေးမြို့ နတ်ချောင်းဒေသခံ ကိုမောင်မောင် ကတော့ စစ်တပ်က PDF တွေကို ထောက်ခံတဲ့ ရွာတွေကို မီးလိုက်ရှို့တဲ့အခါ စစ်တပ်ကို မုန်းတီးသူတွေ ပိုများလာတယ်လို့ RFA ကို ပြောပါတယ်။

"သူတို့က အခုလို မီးရှို့လိုက်တဲ့အတွက် အရင်က PDF တွေကို Supporting မလုပ်ပေးတဲ့သူတွေ၊ မထောက်ခံတဲ့သူ တွေတောင်မှ စစ်တပ်က အကြောင်းမဲ့ မီးရှို့တာဘာညာ ဖြစ်လာတော့ ပိုပြီးမှ တပ်ကို ရွံမုန်းလာပြီးတော့မှ တချို့ ဆိုရင် PDF တွေကို ပိုပြီးတော့ Supporting လုပ်ပေးတာတွေ ထောက်ခံ လာတာတွေ တွေ့ရတယ်။ အစတုန်းက နှမ်းခါးဘက်၊ မွေ့လယ်ဘက် မီးရှို့တာတွေ ကြားတုန်းက အဲဒီလောက် မဟုတ်ဘူး။ အဲဒီနောက်ပိုင်း စစ်သားတွေ လာပြီဆိုတာနဲ့ကို ရွာထဲမှာ ရှိတဲ့လူတွေက ရွာသားတွေက အကုန်ရှောင်ပုန်းကြတော့တာပဲ"

စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ စစ်တပ်နဲ့ ဒေသခံကာကွယ်ရေးတပ်တွေအကြား တိုက်ပွဲတွေကြောင့် နတ်ချောင်း၊ နတ်မြောင်း၊ ဟားခါးလေး၊ ချောင်းခွ၊ ရေစို၊ အင်းစိန်၊ နတ်နန်း၊ ပါးမွန်ချောင်း စတဲ့ ကျေးရွာတွေက ဒေသခံတွေ ရွာလုံးကျွတ်နီးပါး ထွက်ပြေးနေရပြီး နေအိမ်အလုံး ၅၀ ထက်မနည်း မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ချင်းပြည်နယ်၊ မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းပြီးရင် စစ်အာဏာရှင်ကို လက်နက်ကိုင်ခုခံမှု ပြင်းထန်တဲ့ ကယားပြည်နယ် လွိုင်ကော်၊ ဖရူဆိုနဲ့ ဒီးမော့ဆိုမြို့နယ်ထဲက ကျေးရွာတွေဟာ စစ်တပ်က ပစ်မှတ်ထား ဖျက်ဆီးတဲ့ ဒေသတွေ ဖြစ်လာပါတယ်။

တိုင်းရင်းသားဒေသတစ်ခုဖြစ်တဲ့ ကယားပြည်နယ်မှာ အရင်ကလည်း ရွာတွေမီးရှို့ခံရဖူးပြီး အခု ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီးနောက်မှာ တစ်ကျော့ပြန်ဖြစ်လာတာလို့ လွိုင်ကော်မြို့ခံတစ်ဦးက ပြောပါတယ်။

"တွေ့တဲ့သူမှန်သမျှကို ရန်သူလို့ သတ်မှတ်တာပေါ့။ သတ်မှတ်တဲ့အခါကျတော့ တွေ့တဲ့သူကို ဖမ်းဆီးတယ်။ သတ်ဖြတ်မယ်။ မုဒိမ်းကျင့်မယ်။ ရွာတွေဆိုရင်လည်း မီးရှို့မယ်။ ဒီရွာကြောင့်၊ ဒီစပါးကျီ ကြောင့် သူတို့အနေနဲ့ သောင်းကျန်းသူလို့ သတ်မှတ်ထားတဲ့သူတွေကို ထောက်ပံ့နေတာပေါ့။ အဲဒီ ရည်ရွယ်ချက်နဲ့ သူတို့လုပ်ခဲ့တာက နှစ်ပေါင်းများစွာ ကြာပါပြီ။ အခုဟာက တစ်ကျော့ပြန်ပေါ့။ တစ်ကျော့ပြန် ကယားပြည်နယ်မှာ ဆိုလို့ရှိရင်လည်း နောက်တစ်ကြိမ်ပေါ့။ ထပ်ထပ်ပြီးတော့မှ အဲလို ပုံစံမျိုးတွေ ပြန်လုပ်တာပေါ့"

ကယားပြည်နယ် ဖရူဆိုမြို့နယ်မှာဆိုရင် ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၄ ရက် ခရစ္စမတ်အကြိုနေ့က စစ်ကောင်စီ တပ်တွေက သတ်ဖြတ်မီးရှို့လို့ Save the Children အဖွဲ့က ဝန်ထမ်းနှစ်ဦးနဲ့ ကလေးတွေ< အမျိုးသမီးတွေ အပါအဝင် လူ ၃၅ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မေလကုန်ပိုင်းမှာ မီးရှို့ခံရတဲ့ ဖြစ်ရပ်တွေ စတင်ခဲ့တာဖြစ်ပြီး အောက်တိုဘာ၊ နိုဝင်ဘာနဲ့ ဒီဇင်ဘာလတွေမှာ အဆိုးဆုံးအခြေအနေကို ရောက်လာတယ်လို့ Data for Myanmar အဖွဲ့က ဆိုပါတယ်။

စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်း ကတော့ မြို့ရွာတွေကို မီးရှို့ဖျက်ဆီးတာဟာ PDF တွေသာ ဖြစ်ပြီး စစ်တပ်ဘက်က လုံခြုံရေးဆောင်ရွက်မှုကို ပြည်သူတွေပူးပေါင်းလာရင် မီးရှို့ခံရမှု ပိုနည်းသွားမယ်လို့ RFA ကို ပြောပါတယ်။

"ကျနော်တို့ အနေနဲ့ကတော့ ရပ်ရွာများ အမြန်ဆုံးတည်ငြိမ်ရေး၊ ခုနကပြောတဲ့ မီးရှို့ခံရတဲ့ ဖြစ်စဉ်တွေ အပါအဝင် လုံခြုံမှုရှိစေရေးအတွက် ပြည်သူလူထုပါဝင်တဲ့ ပြည်သူ့ကာကွယ်ရေးစနစ်ကို ဆောင်ရွက်လျက် ရှိတယ်။ ဒီဟာကို ဆောင်ရွက်တဲ့နေရာမှာတော့ လိုအပ်ချက်များတော့ ရှိနေတုန်းပဲ ဖြစ်တယ်။ ပြောချင် တာကတော့ ဒီဟာတွေနဲ့ ပတ်သက်ပြီး ပြည်သူလူထုရဲ့ ပူးပေါင်းဆောင်ရွက်မှု မြင့်တက်လာတာနဲ့အမျှ လုံခြုံရေးအခြေအနေရော မသမာမှု မီးရှို့မှုတွေရော လျော့နည်းသွားနိုင်မယ်လို့ပဲ ပြောချင်ပါတယ်"

မဟာဗျူဟာနဲ့ မူဝါဒလေ့လာရေးအဖွဲ့ အမှုဆောင်ညွှန်ကြားရေးမှူး ဦးအောင်သူငြိမ်းကတော့ လက်နက်ကိုင် ခုခံမှုတွေ ရှိလာပြီဆိုရင် စစ်တပ်ဘက်ကလည်း အရပ်သားနဲ့ လက်နက်ကိုင်ရယ်လို့ မခွဲခြားတော့ဘဲ စုပြုံ အပြစ်ပေးတာမျိုး တွေ့ရတယ်လို့ မှတ်ချက်ပေးပါတယ်။

"တကယ့်တကယ်ကျတော့ အပြင်ကနေ တခြား Source တွေကနေ ကြားရတဲ့ သတင်းတွေအားလုံးက ဘာဖြစ်နေလဲဆိုတဲ့ အခါကျတော့ ကျနော်တို့ခေါ်တာကတော့ Collective Punishment ပေါ့ဗျာ။ Collective Punishment ဆိုတာက တစ်ယောက်ကနေ ထကြွတယ်ဆိုပါစို့။ တစ်ရွာလုံးကို ဒုက္ခ ပေးတာမျိုးပေါ့နော်။ နောက် တစ်ခုကတော့ လက်နက်ကိုင်ထားတဲ့သူနဲ့ လက်နက်မကိုင်ထားတဲ့သူနဲ့ အရပ်သားနဲ့စစ်သား မခွဲခြားဘဲနဲ့ ဖိနှိပ်တာမျိုးတွေ ခုနကလို ချေမှုန်းတာမျိုးတွေ ဒါတွေက တွေ့ရတယ်ဗျ။ တွေ့ရတယ်ဆိုတာက တချို့ လူသက်သေ အထင်အရှားရှိတဲ့ နေရာတော်တော်များများမှာပါ ဒါမျိုးတွေက ဖြစ်နေတဲ့ပုံစံမျိုး ရှိတာပေါ့ဗျာ"

"အကြောင်းအမျိုးမျိုးကြောင့် စစ်တပ်ကို ပုန်ကန်လာတာမျိုး ဖြစ်ပြီဆိုရင် နှိပ်ကွပ်ရမယ်၊ ဖိနှိပ်ရမယ်ဆိုတာ သူတို့ကို အသေအချာ လေ့ကျင့်ထားပြီးသားပေါ့"

လူ့အခွင့်အရေး လေ့လာစောင့်ကြည့်သူ ကိုနစ်ကီဒိုင်းမွန်း ကတော့ သူရရှိထားတဲ့ စစ်တပ်ရဲ့လျှို့ဝှက်စာရွက် စာတမ်းတွေအရ ဆန့်ကျင်သူတွေကို ဘယ်လိုချေမှုန်းရမလဲဆိုတာ စစ်တပ်မှာ အစီအစဉ် ရှိပြီးသားလို့ ပြောပါတယ်။

"ဘယ်လိုမျိုး ပစ်မှတ်ထားပြီးတော့ ဒီရွာတွေကို ဘယ်လိုမျိုး တိုက်ခိုက်ချေမှုန်းရမလဲဆိုတဲ့ သက်သေ အထောက်အထားတွေ ကျနော်တို့ တွေ့တယ်ပေါ့။ စစ်တပ်က နဂိုကတည်းက Plan ရှိထားပြီးသား ပေါ့နော်။ ညွှန်ကြားချက်တွေ ပြဌာန်းထားပြီးသား။ အကြောင်းအမျိုးမျိုးကြောင့် စစ်တပ်ကို ဆန့်ကျင် လာပြီ ပုန်ကန်လာတာမျိုး ဖြစ်ပြီဆိုရင် နှိပ်ကွပ်ရမယ်၊ ဖိနှိပ်ရမယ်ဆိုတာ သူတို့ကို အသေအချာ လေ့ကျင့်ထားပြီးသားပေါ့။ ဒီရက်ပိုင်းမှာ သူတို့ရဲ့ လျှို့ဝှက်စာရွက်စာတမ်းတွေကို ဖတ်ရတယ်။ ဖတ်ရတဲ့အထဲမှာ ဒီဟာတွေကို ကြိုတင်ပြင်ဆင် လေ့ကျင့်ထားတယ်ဆိုတာမျိုးတွေ တွေ့ရတယ်"

လက်နက်ကိုင်ခုခံမှုတွေကြောင့် ရွာလုံးကျွတ် မီးရှို့ခံရမှုတွေဟာ နိုင်ငံတကာက လက်မခံတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဖြစ်တာကြောင့် ဒီလုပ်ရပ်တွေကို နိုင်ငံတကာတရားရုံးတွေနဲ့ ရာဇဝတ်ခုံရုံးတွေကနေ အရေးယူနိုင်ဖို့အထိ ကြိုးစားကြဖို့ လိုအပ်တယ်လို့ သူက ဆိုပါတယ်။ မြန်မာပြည် ဒီမိုကရေစီပြန်ရတဲ့အခါ အခုလို ပြစ်မှုကျူးလွန်ထားသူတွေ ရာဇဝတ်ဘေးကနေ ပြေးမလွတ်နိုင်အောင် လုပ်ရမယ်လို့လည်း လူ့အခွင့်အရေး လှုပ်ရှားသူ ကိုနစ်ကီဒိုင်းမွန်း က ပြောကြားသွားပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
ငလျင်ဒဏ်သင့် ပြည်သူအချို့ နိုင်ငံတကာအထောက်အပံ့နဲ့ အလှမ်းဝေးနေ
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။