နေပြည်တော် ငြိမ်းချမ်းရေးဆွေးနွေးမှု နိုင်ငံတစ်ဝန်းက ပဋိပက္ခဖြေရှင်းရေး မပါဝင်

2022.05.25
နေပြည်တော် ငြိမ်းချမ်းရေးဆွေးနွေးမှု နိုင်ငံတစ်ဝန်းက ပဋိပက္ခဖြေရှင်းရေး မပါဝင် စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် မွန်ပြည်သစ်ပါတီ (NMSP) တာဝန်ရှိသူတို့ နေပြည်တော်မှာ ၂၀၂၂ ခုနှစ် မေလ ၂၄ ရက်နေ့က တွေ့ဆုံစဉ်
Photo: တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သူ့ရဲ့ ငြိမ်းချမ်းရေးကမ်းလှမ်းချက်ကို လက်ခံထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေကို မေလ ၂၀ ရက်ကစလို့ နေပြည်တော်မှာ တစ်ဖွဲ့ချင်းစီ လက်ခံတွေ့ဆုံ နေပါတယ်။

မေလ ၂၅ ရက် ဒီနေ့အထိ ခြောက်ရက်အတွင်းမှာ ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS)၊ မွန်ပြည်သစ်ပါတီ (NMSP) တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ပေမယ့် တစ်ဖွဲ့ချင်းစီရဲ့ အကျိုးစီးပွားကိစ္စတွေကိုပဲ ဦးစားပေး ဆွေးနွေးခဲ့ပြီး အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာတဲ့ နိုင်ငံတစ်ဝန်းက ပဋိပက္ခတွေ ဖြေရှင်းရေးကိုတော့ မဆွေးနွေးသေးဘူးလို့ ဆွေးနွေးပွဲမှာ ကိုယ်တိုင်ပါဝင်ခဲ့သူတွေက ပြောပါတယ်။

လက်ရှိ နိုင်ငံရေး အကျပ်အတည်းတွေ ဖြေရှင်းရေး တိုက်တွန်းဆွေးနွေးဖို့ဟာ စောနေသေးတယ်လို့ RCSS ပြေရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီးအွမ်ခေးက RFA ကို ပြောပါတယ်။

“အကြံပြုတာ မရှိသေးဘူး။ ဘာဖြစ်လို့လဲဆိုတော့ စောသေးတယ်လေ၊ စောသေးတယ်။ ပြီးတော့ တခြားအဖွဲ့တွေနဲ့လည်း မတွေ့ရသေးတော့ တခြားအဖွဲ့တွေရဲ့အသံက ဘယ်လိုနေလဲ မသိသေးဘူးဆိုတော့ ကျနော်လည်း ထည့်မပြောဘူး။ RCSS ရဲ့ ပေါ်လစီ ကတော့ မြန်မာနိုင်ငံ တစ်နိုင်ငံလုံးဖြစ်ပျက်နေတဲ့ ပြဿနာ အားလုံးဟာ နိုင်ငံရေး နည်းလမ်းနဲ့ပဲ တွေ့ဆုံကြ၊ ဆွေးနွေးကြဆိုတဲ့ သဘောမျိုး ကျနော်တို့ ခံယူထားတယ်”

ဒီတွေ့ဆုံမှုဟာ စစ်ကောင်စီနဲ့ RCSS အကြား စစ်ရေး၊ နိုင်ငံရေးနဲ့ စီးပွားရေး သဘောတူညီချက်တွေ ရရှိခဲ့တာကြောင့် အောင်မြင်တဲ့ဆွေးနွေးပွဲတစ်ရပ်လို့ ဒုတိယဗိုလ်မှူးကြီး အွမ်ခေးက ပြောပါတယ်။

စစ်ရေးကိစ္စမှာ စစ်ကောင်စီနဲ့ RCSS အကြား ပစ်ခတ်တိုက်ခိုက်မှုတွေ မလုပ်ဖို့၊ နိုင်ငံရေးကိစ္စမှာ ပါတီစုံဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးကို အာမခံချက်ပေးဖို့ သဘောတူစာချုပ် ချုပ်ဆိုခဲ့တယ်လို့ RCSS က ပြောပါတယ်။ စီးပွားရေးလုပ်ငန်း ဆောင်ရွက်ခွင့်တွေ စစ်ကောင်စီဘက်က ပေးခဲ့ပေမယ့် ဘာတွေ ရရှိခဲ့တယ်ဆိုတာကိုတော့ RCSS ဘက်က အတိအကျ ထုတ်မပြောပါဘူး။

မွန်ပြည်သစ်ပါတီ (NMSP) အဖွဲ့ တာဝန်ရှိသူ နိုင်အောင်မငေးကလည်း လက်ရှိ နိုင်ငံရေး ပြဿနာတွေ ဖြေရှင်းရာမှာ အရေးပါသူတွေဖြစ်ကြတဲ့ အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် နဲ့ သမ္မတဦးဝင်းမြင့် အပါအဝင် NUG နဲ့ CRPH လိုအဖွဲ့တွေ့နဲ့ တွေ့ဆုံဆွေးနွေးအဖြေရှာဖို့ တိုက်တွန်းခဲ့တာမျိုး မရှိဘူးလို့ ပြောပါတယ်။

“ကျနော်တို့ အဲဒီလို နာမည်တပ်ပြီး ပြောခဲ့တာမရှိပါဘူး ။ ဒါပေမဲ့ ပါဝင်သင့်၊ ပါဝင် ထိုက်တယ်လို့ ပြောတဲ့ နေရာမှာ ဒါက တစ်နိုင်ငံလုံး လွှမ်းခြုံဆွေးနွေးတဲ့အခါကျရင် အခြေအနေ၊ အချိန်အခါ တစ်ခုတော့ စောင့်ရမယ်လို့ပဲ ကျနော်တို့ နစက ဥက္ကဋ္ဌကို တင်ပြခဲ့ပါတယ်။ ဒါပေမဲ့ ဒါက တစ်ဆင့်ချင်းလုပ်ရမယ့် ကိစ္စလို့လည်း ပြောခဲ့ပါတယ်”

စစ်ကောင်စီ ခေါင်းဆောင်ဆီကနေ ပြည်နယ်ဖွဲ့စည်းပုံ ရေးဆွဲခွင့် ရရှိခဲ့တာကြောင့် မွန်ပြည်သစ်ပါတီအနေနဲ့ အကျိုးရှိခဲ့တယ်လို့ နိုင်အောင်မငေးက ပြောပါတယ်။

စစ်တပ်နဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေ အကြား အခုလို ငြိမ်းချမ်းရေး သဘော တူညီချက်တွေ အတိတ်မှာလည်း ရရှိခဲ့ဖူးပေမယ့် နောက်ပိုင်း လက်တွေ့ အကောင်အထည် ဖော်ဖို့မှာတော့ အကြိမ်ကြိမ် ပျက်ပြယ်ခဲ့ဖူးပါတယ်။

"တခြားအဖွဲ့တွေရဲ့အသံက ဘယ်လိုနေလဲ မသိသေးဘူးဆိုတော့ ကျနော်လည်း ထည့်မပြောဘူး။"

အခုရရှိထားတဲ့ သဘောတူညီချက်တွေ ဘယ်လောက်ထိ ခိုင်မာလဲ၊ ဘယ်လောက်ထိ တရားဝင်မှုရှိလဲ ဆိုတာကိုတော့ ပြောဖို့ စောနေသေးတယ်လို့ RCSS နဲ့ NMSP နှစ်ဖွဲ့ စလုံးက ဝန်ခံထားပါတယ်။

စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ အခုချိန်ဟာ အစိုးရ၊ လွှတ်တော်နဲ့ တပ်မတော် တစ်ခုတည်းဖြစ်တာမို့ ရလဒ်ကောင်းတွေထွက်နိုင်တဲ့ အချိန်အခါကောင်းလို့ မေလ ၁၉ ရက် သတင်းစာရှင်းပွဲမှာ ပြောခဲ့ပါတယ်။

“ငြိမ်းချမ်းရေးဆွေးနွေးမှုနဲ့ ပတ်သက်ပြီး အောင်မြင်မှု၊ မအောင်မြင်မှု ဆိုတာကတော့ အခု ဆွေးနွေးတဲ့အချိန်မှာတော့ ပိုပြီးသိရမှာပေါ့။ ကျနော်တို့ ရလဒ်တစ်ခုထွက်အောင် ဆွေးနွေးမယ်လို့တော့ သန္နိဋ္ဌာန်ချပြီး ဖြစ်ပါတယ်။ ဒီသန္နိဋ္ဌာန်စိတ်နဲ့အညီ ဆောင်ရွက်မယ်ဆိုရင် မအောင်မြင်စရာ မရှိပါဘူး။ အရင်တုန်းကတော့ အစိုးရ၊ လွှတ်တော်၊ တပ်မတော် သုံးပိုင်းကွဲနေတာ။ အခု အစိုးရ၊ လွှတ်တော်၊ တပ်မတော် ဘယ်လိုပဲပြောပြော တစ်ခုတည်းပါပဲ။ အချိန်အခါအနေနဲ့လည်း ပေးတယ်လို့ ပြောလိုပါတယ်”

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ ငြိမ်းချမ်းရေးဖိတ်ခေါ်မှုအပေါ် ပူးပေါင်းပါဝင်သူ နည်းပါး နေသေးတယ်လို့လည်း ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောထားပါတယ်။

စစ်ကောင်စီဘက်က တိုင်းရင်းသားလက်နက်ကိုင် တစ်ဖွဲ့ကို သုံးရက်နှုန်းနဲ့ လက်ခံ တွေ့ဆုံနေတာကြောင့် ငြိမ်းချမ်းရေးဆွေးနွေးဖို့ သဘောတူထားတဲ့ လက်နက်ကိုင် ကိုးဖွဲ့လုံးနဲ့ ဆွေးနွေးဖို့ဆိုရင် တစ်လနီးပါး ကြာနိုင်ပါတယ်။

mon-part-min-aung-hlaing
စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် မွန်ပြည်သစ်ပါတီ (NMSP) ဒုတိယဥက္ကဋ္ဌ နိုင်အောင်မင်းတို့ နေပြည်တော်မှာ ၂၀၂၂ ခုနှစ် မေလ ၂၄ ရက်နေ့က တွေ့ဆုံစဉ် (Photo: တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး)

အခုလိုအချိန်မှာ စစ်ကောင်စီဥက္ကဋ္ဌက တိုင်းရင်းသား လက်နက်ကိုင်တွေကို ခေါ်ယူ ဆွေးနွေးနေတာဟာ အာဏာသိမ်းပြီးတဲ့နောက်ဖြစ်လာတဲ့ နိုင်ငံတစ်ဝန်းက ပဋိပက္ခတွေကို အာရုံလွှဲတဲ့လုပ်ရပ်လို့ နိုင်ငံရေးအကဲခတ် ဒေါက်တာစိုင်းကြည်ဇင်စိုး က သုံးသပ်ပါတယ်။

“အခုလက်ရှိ ဒီနိုင်ငံရေးအကျပ်အတည်း၊ ဒီနိုင်ငံရေးအရှုပ်အထွေး အဲဒီဟာကို သူ လျစ်လျူရှုပြီးတော့ ဒီဘက် တစ်ခြမ်းက တိုင်းရင်းသားအရေးကို ကိုင်တွယ်တာ၊ ဒါ သူ့ရဲ့ ဗျူဟာတစ်ခု ဖြစ်နိုင်တယ်။ အာဏာသိမ်းလိုက်တဲ့အတွက် မြေပြန့်သားတွေနဲ့ တောင်တန်း ဒေသက ဖက်ဒရယ်ရေးရာကိစ္စနဲ့ ရုန်းကန်နေကြတဲ့သူတွေက ဒီအာဏာသိမ်းမှု ဖြစ်စဉ်နောက်မှာ ပူးပေါင်းသွားတဲ့ အခြေအနေတွေ၊ ကျနော်တို့ ပြီးခဲ့တဲ့ တစ်နှစ်အတွင်းမှာ မြင်လာရတယ်။ ဆက်ပြီးတော့ ပူးပေါင်းလို့ ရစရာ လမ်းကြောင်းတွေလည်း ပေါ်လာတယ်ဆိုတဲ့ဟာကိုလည်း မြင်နေရတယ်။ အဲဒီအချိန်မှာ သူ့ရဲ့ဖြေရှင်းမှုပုံစံက တောင်တန်းဒေသမှာရှိနေတဲ့ တိုင်းရင်းသားတွေ လိုချင်တာကို ပေးမယ်ဆိုရင် ဘယ်လိုဖြစ်မလဲဆိုပြီး လုပ်နေပုံရပါတယ်”

တိုင်းပြည်ကို စီမံခန့်ခွဲဖို့ စစ်ကောင်စီနဲ့အပြိုင် အစိုးရဖွဲ့ထားတဲ့ အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ရဲ့ သမ္မတရုံးနဲ့ ကာကွယ်ရေးဝန်ကြီးဌာန တာဝန်ရှိသူတွေကတော့ လက်တလော ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေအပေါ် မှတ်ချက်ပေးဖို့ ငြင်းပါတယ်။

စစ်ကောင်စီက တိုင်းရင်းသားလက်နက်ကိုင် ၁၈ ဖွဲ့ကို ငြိမ်းချမ်းရေး ကမ်းလှမ်းထားတာပါ။ အဲဒီထဲကမှ RCSS နဲ့ NMSP အပါအဝင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် NCA လက်မှတ်ထိုးထားတဲ့ အဖွဲ့ခြောက်ဖွဲ့ နဲ့ NCA မထိုးရသေးတဲ့ UWSA ၊ NDAA ၊ SSPP တို့ သုံးဖွဲ့ စုစုပေါင်း လက်နက်ကိုင် ကိုးဖွဲ့က ဆွေးနွေးဖို့ လက်ခံထားပါတယ်။

ကရင်အမျိုးသားအစည်းအရုံး (KNU) အပါအဝင် NCA ထိုးထားတဲ့ လေးဖွဲ့နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) အပါအဝင် NCA မထိုးရသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင် ငါးဖွဲ့ ၊ စုစုပေါင်း ကိုးဖွဲ့က စစ်ခေါင်းဆောင်နဲ့ ဆွေးနွေးဖို့ ငြင်းပယ် ထားပါတယ်။ ဒါ့ကြောင့် လက်နက်ကိုင်အဖွဲ့ ၁၈ ဖွဲ့မှာ ကိုးဖွဲ့က စစ်ကောင်စီရဲ့ ကမ်းလှမ်းချက်ကို လက်ခံထားပြီး ကျန် ကိုးဖွဲ့က ငြင်းပယ်ထားတာပါ။

ငြင်းပယ်ထားတဲ့အဖွဲ့တွေထဲမှာ KNU၊ KIO နဲ့ KNPP လို အင်အားကြီးအဖွဲ့တွေပါဝင်ပြီး ဒီအဖွဲ့တွေက စစ်ကောင်စီတပ်နဲ့ တိုက်ပွဲတွေ ဖြစ်နေပါတယ်။ ရက္ခိုင့်တပ်တော် (AA) နဲ့ တအာင်းတပ်ဖွဲ့ TNLA လို အဖွဲ့တွေနဲ့ စစ်ကောင်စီတပ်အကြားမှာလည်း အခြေအနေဟာ သတိထားစောင့်ကြည့်ရတဲ့ အနေအထား ဖြစ်နေတယ်လို့ နိုင်ငံရေး၊ စစ်ရေး အကဲခတ်တွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။