NCA ခုနစ်နှစ်ပြည့်မှာ စစ်ကောင်စီနဲ့ တိုင်းရင်းသားလက်နက်ကိုင် ခုနစ်ဖွဲ့တွေ့

2022.10.15
NCA ခုနစ်နှစ်ပြည့်မှာ စစ်ကောင်စီနဲ့ တိုင်းရင်းသားလက်နက်ကိုင် ခုနစ်ဖွဲ့တွေ့ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်နေ့ ကျင်းပသည့် (NCA) လက်မှတ်ရေးထိုးမှု ခုနစ်နှစ်ပြည့်အခမ်းအနားမှာ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်ကို တွေ့ရစဉ်။
Photo: Tai Freedom - Burmese Version

တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ် (NCA) လက်မှတ်ရေးထိုးမှု ခုနစ်နှစ်ပြည့်တဲ့ အောက်တိုဘာလ ၁၅ ရက် ဒီကနေ့မှာ စစ်ကောင်စီနဲ့ တိုင်းရင်းသားလက်နက်ကိုင် ခုနစ်ဖွဲ့က ကိုယ်စားလှယ်တွေ နေပြည်တော်မှာ တွေ့ဆုံခဲ့ပါတယ်။

ဒီအခမ်းအနားကို စစ်ကောင်စီဘက်က ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် ဦးဆောင် တက်ရောက်ခဲ့ပြီး တိုင်းရင်းသားလက်နက်ကိုင်တွေဘက်က ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၊ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် (DKBA)၊ ကရင်အမျိုးသားငြိမ်းချမ်းရေးကောင်စီ (KNLA – PC)၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU)၊ မွန်ပြည်သစ်ပါတီ (NMSP) နဲ့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) တို့ တက်ရောက်ခဲ့ပါတယ်။

စစ်အာဏာသိမ်းပြီးကတည်းက NCA စာချုပ်ကို အကောင်အထည်မဖော်နိုင်တော့ပေမယ့် ပျက်စီးသွားလို့မဖြစ်တဲ့အကြောင်း ဒီတွေ့ဆုံပွဲမှာ ဆွေးနွေးခဲ့တယ်လို့ ALP ဒုတိယဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်းက ပြောပါတယ်။

"ခေါင်းဆောင်ကြီးများက NCA နဲ့ပတ်သက်တဲ့ အနှစ်သာရတွေ၊ NCA ကို ဘယ်လို ကြိုးပမ်းခဲ့ကြတယ်၊ NCA ရဲ့ ကောင်းမွန်တဲ့ အကျိုးအကြောင်းတွေ၊ လက္ခဏာတွေပေါ့။ NCA ဟာ ပျက်စီးသွားလို့မကောင်းဘူး။ NCA ကို အမျိုးမျိုး ရုပ်လုံးဖော်နေကြတယ်။ ပုံစံမျိုးစုံနဲ့ အားလုံးက အမှတ်တရ စကားတွေပြောကြပါတယ်"

ဒီကနေ့ အခမ်းအနားကို တက်ရောက်ခဲ့တဲ့ အဖွဲ့အစည်းတွေဟာ အာဏာသိမ်းပြီးနောက် စစ်ကောင်စီနဲ့ စေ့စပ်ညှိနှိုင်းမှုတွေ ပြုလုပ်နေတဲ့အဖွဲ့အစည်းတွေ ဖြစ်ပါတယ်။

NCA လက်မှတ်ထိုးထားတဲ့တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့ရှိပေမယ့် ကရင်အမျိုးသား အစည်းအရုံး (KNU)၊ ချင်းအမျိုးသားတပ်ဦး (CNF) နဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF) တို့ ဒီအခမ်းအနားကို မတက်ရောက် ခဲ့ပါဘူး။ ဒီအဖွဲ့တွေဟာ အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီနဲ့ စေ့စပ်ဆွေးနွေးမှု မလုပ်ခဲ့ပါဘူး။

စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်ကတော့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကို တက်ရောက်ကြဖို့ တိုင်းရင်းသားလက်နက်ကိုင်တွေကို ဒီကနေ့ ထပ်ပြီး ဖိတ်ခေါ်ခဲ့ပါတယ်။

"တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအနေနဲ့ သူတို့ရဲ့ လိုအင်ဆန္ဒတွေ၊ ဖြစ်ချင်တာတွေ၊ မျှော်မှန်းချက်တွေကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးခဲ့ကြပါတယ်။ ကျနော်တို့ဘက်ကလည်း ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးရရှိစေဖို့ ဖြစ်သင့်တာ တွေ၊ ဖြစ်နိုင်တာတွေ၊ ပြန်လည်ဆောင်ရွက်ရမယ့် ကိစ္စတွေကို ဆွေးနွေးခဲ့ပါတယ်။ တွေ့ဆုံမှုတိုင်းမှာ ပြည်သူလူထုနဲ့ နိုင်ငံတော်အတွက် ကောင်းမွန်တဲ့ ရလဒ်တွေ ရရှိခဲ့တယ်လို့ အသိပေးပြောကြားလိုပါတယ်"

nca-101522.jpg
၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်နေ့ ကျင်းပသည့် (NCA) လက်မှတ်ရေးထိုးမှု ခုနစ်နှစ်ပြည့်အခမ်းအနားတက်ရောက်လာသည့် စစ်ကောင်စီနှင့် တိုင်းရင်းသားလက်နက်ကိုင် ခုနစ်ဖွဲ့က ကိုယ်စားလှယ်များအား တွေ့ရစဉ်။ (Photo: Tai Freedom - Burmese Version)

အာဏာသိမ်းပြီးနောက် ဆွေးနွေးပွဲ ၈၈ ကြိမ်ရှိခဲ့ပြီး အောင်မြင်မှုတွေလည်းရရှိခဲ့တယ်လို့ စစ်ကောင်စီဥက္ကဋ္ဌက ပြောပါတယ်။

စစ်ကောင်စီရဲ့ဆွေးနွေးဖက်ဖြစ်တဲ့ ကရင်အမျိုးသားငြိမ်းချမ်းရေးကောင်စီ (KNLA – PC) ရဲ့ အထွေထွေအတွင်းရေးမှူးချုပ် ဗိုလ်မှူးကြီးစောကျော်ညွှန့်ကတော့ ဒီနှစ်နှစ် နီးပါးကာလ အတွင်း တိုးတက်မှု မရှိသလောက်ကိုဖြစ်ခဲ့တယ်လို့ RFA ကို ပြောပါတယ်။

"ကိုယ်ရည်မှန်းတဲ့အတိုင်း အရွေ့နည်းတာ၊ အရွေ့မရှိသလောက်ကိုဖြစ်နေတယ် ဆိုတာကလည်း ဒါက လက်ရှိ ပကတိအရှိတရားဖြစ်လို့ ကျနော်တို့ တစ်စုံတစ်ရာ မငြင်းဆန်လိုပါဘူး။ သို့သော်လည်း ကျနော် ဒီနည်းလမ်းအပေါ်မှာပဲ ဆက်လက် ကြိုးပမ်းနေတယ်ဆိုတာ နားလည်ထားပါတယ်"

အပစ်ရပ်အဖွဲ့တွေအနေနဲ့ NCA စာချုပ်ကို အကောင်အထည်ဖော်လို့မရနိုင်တဲ့ကာလမှာ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းဖို့၊ သက်ဆိုင်သူအားလုံးပါတဲ့ ဆွေးနွေးပွဲတွေလုပ်ဖို့နဲ့ အရပ်သားတွေကို အကာအကွယ်ပေးဖို့ဆိုတဲ့အချက်တွေကို ကြိုးစားနေပေမယ့် မအောင်မြင်ဘူးလို့ သူကပြောပါတယ်။

"လူတွေအကုန်မျှော်လင့်နေတဲ့ တကယ့် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံဖြစ်ထွန်းဖို့ ဦးတည်တယ်လို့ တပ်အပ်ပြောလို့မရသေးဘူး"

နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာစိုင်းကြည်ဇင်စိုးကတော့ စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲဟာ သူ့ထွက်ပေါက်အတွက်ဖြစ်တယ်လို့ ဝေဖန်ပါတယ်။

"အခု ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး ခေါင်းစဉ်တွေလုပ်တယ်။ လာမယ့်ရွေးကောက်ပွဲ အတွက် သူတို့ ပြင်ဆင်နေတာတွေလည်းရှိတယ်။ အဲဒါတွေအကုန်လုံးက ဒီဖြစ်ပျက် နေတဲ့အနေအထား၊ ရှိနေတဲ့အခြေအနေအရ ဒါက သူတို့ရဲ့ထွက်ပေါက်တစ်ခုကို သူတို့ဖန်တီးနေတယ်လို့ ပြောလို့ရတယ်။ လူတွေအကုန် မျှော်လင့်နေတဲ့ တကယ့် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံဖြစ်ထွန်းဖို့ ဦးတည်တယ်လို့ တပ်အပ်ပြောလို့မရသေးဘူး"

အစိုးရ၊ စစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေအကြား အချိန် ၁၈ လကျော်ကြာ ဆွေးနွေးပြီးနောက် ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်မှာ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ် (NCA) ကို ချုပ်ဆိုခဲ့တာပါ။ အဲဒီအချိန်တုန်းက KNU အပါအဝင် တိုင်းရင်းသားလက်နက်ကိုင် ရှစ်ဖွဲ့ ပါဝင်လက်မှတ်ရေးထိုးခဲ့ပြီး ၂၀၁၈ ခုနှစ်မှာ NMSP နဲ့ LDU တို့ ပါဝင်လက်မှတ်ရေးထိုးခဲ့တာပါ။

၀ ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP) နဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) အပါအဝင် တိုင်းရင်းသားလက်နက်ကိုင် ရှစ်ဖွဲ့ကတော့ လက်ရှိအချိန်အထိ NCA စာချုပ်ကို လက်မှတ်ရေးထိုးခြင်းမရှိပါဘူး။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
ငလျင်ဒဏ်သင့် ပြည်သူအချို့ နိုင်ငံတကာအထောက်အပံ့နဲ့ အလှမ်းဝေးနေ
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။