မြဝတီက အွန်လိုင်းငွေလိမ်ဂိုဏ်းတွေ နှိမ်နင်းရေးမှာ တရုတ်ပါမှ အောင်မြင်မယ်လို့ဆို

RFA Burmese
2024.02.02
မြဝတီက အွန်လိုင်းငွေလိမ်ဂိုဏ်းတွေ နှိမ်နင်းရေးမှာ တရုတ်ပါမှ အောင်မြင်မယ်လို့ဆို ကရင်ပြည်နယ် မြဝတီမြို့ သောင်းရင်းမြစ်ဘေး၌ ကာစီနိုနှင့် အွန်လိုင်း‌လောင်းကစား လုပ်ကိုင်နေသည့် အဆောက်အဦတစ်ခုအား တွေ့ရစဥ်။
Photo: RFA

ကရင်ပြည်နယ် မြဝတီမြို့နယ်ထဲက အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်) တွေကို ထိုင်းနဲ့မြန်မာ ပူးပေါင်းနှိမ်နင်းမယ်လို့ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၂၀၂၃ ဒီဇင်ဘာနဲ့ ၂၀၂၄ ဇန်နဝါရီလထဲမှာ နှစ်ကြိမ်ပြောခဲ့ပါတယ်။

ဒါပေမဲ့လည်း ထိုင်းဒေသဆိုင်ရာ အာဏာပိုင်တွေ၊ စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ် BGF၊ ဒီမိုကရေစီ အကျိုးပြုကရင့်တပ်မတော် DKBA တို့ရဲ့ အကျိုးစီးပွားတွေ ဆက်စပ်နေတာကြောင့် တရုတ်ဘက်ကပါလာမှ ဒီစီမံချက်အောင်မြင်မယ်လို့ နိုင်ငံရေးလေ့လာသူတွေက RFA ကိုပြောပါတယ်။

“မြဝတီမြို့ပေါ်က ရပ်ကွက်တွေမှာ အွန်လိုင်းဈေးကွက်ရှာတဲ့စနစ်နဲ့ အသွင်ပြောင်းလှုပ်ရှားနေတယ်”

ထိုင်းအရေးကျွမ်းကျင်သူ စတီဗင်စန်းယုကတော့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတချို့နဲ့ တရုတ်ကိုယ်စားလှယ်တွေ ဆက်သွယ်တာရှိနေပြီလို့ RFA ကိုပြောပါတယ်။

“ရွှေကုက္ကိုနဲ့ KK Park အဲဒီနေရာနှစ်ခုကို ဒါကို လုံးဝ နှိမ်နင်းဖို့ဆိုတာ၊ သူတို့ (တရုတ်) က ရည်ရွယ်ချက်ရှိတယ်။ တရုတ်ရဲ့ခြေလှမ်းက အများကြီး ကြံနေတာတွေရှိတယ်။ ကျွန်တော်သိရသလောက် အခုတိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေကို အခုတရုတ်က ကိုယ်စားလှယ်လွှတ်ပြီး တိုက်ရိုက်ချိတ်ဆက်နေတာတွေ လုပ်နေတယ်”

ဘယ်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ ဆက်သွယ်လဲဆိုတာကိုတော့ သူက တိတိကျကျမပြောပါဘူး။

ကရင်အမျိုးသား အစည်းအရုံး KNU ပြောခွင့်ရ ပဒိုစောတောနီးကတော့ ကျားဖျန့်တွေကိုနှိမ်နင်းဖို့ ထိုင်း၊ တရုတ်တို့နဲ့ပူးပေါင်းမယ်လို့ ဇန်နဝါရီလအစောပိုင်းက ပြောခဲ့ပါတယ်။

ဒါကြောင့် ထိုင်းနဲ့ တရုတ်တို့ KNU နဲ့ ပူးပေါင်းဆောင်ရွက်နေပြီလားဆိုတာ KNU ပြောခွင့်ရ ပဒိုစောတောနီးကို RFA က ဆက်သွယ်ခဲ့ပေမယ့်မရခဲ့ပါဘူး။

ကရင်ပြည်နယ် နယ်ခြားစောင့်တပ် အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီးစောချစ်သူကတော့ မြဝတီဒေသကို လောက်ကိုင်လိုအဖြစ်မခံဘဲ တရုတ်နိုင်ငံသားတွေကို တောင်းခံလာတာရှိရင်ပြန်ပြီး လွှဲပြောင်းပေးနေတယ်လို့ RFA ကိုပြောပါတယ်။

“ကျွန်တော်ကတော့ လောက်ကိုင်လိုမျိုး အဖြစ်မခံပါဘူး၊ နှစ်နိုင်ငံနယ်စပ်။ ပြီးတော့ နိုင်ငံခြားသားတွေလည်း ရှိတဲ့အခါကျတော့ ကျွန်တော်တို့ကလည်း သူ့နိုင်ငံကတောင်းဆိုရင် ပြန်ပို့ရမယ့်တာဝန်ရှိတယ်။ အခုလည်း ပြန်ပို့နေတယ်။ အဝင်လည်း ပေးမဝင်ဘူး။ ပြန်ပို့နေပါတယ်။ ပူးပေါင်းပြီးတော့ အချောနည်းလမ်းတစ်ခုနဲ့ လုပ်မှာပဲလို့ ကျွန်တော်မျှော်လင့်ပါတယ်”

တရုတ်နိုင်ငံသား ထောင့်ငါးရာနီးပါး (၁၄၈၀ ဦး) ကို သံရုံးရဲ့ဆက်သွယ်မှုနဲ့ ပြန်ပို့လိုက်တဲ့အကြောင်း BGF ဥက္ကဋ္ဌ ဗိုလ်ချုပ်စောထွန်းလှိုင်က Karen Information Center – KIC သတင်းဌာနနဲ့ မေးမြန်းခန်းမှာပြောဆိုထားပါတယ်။

ရွှေကုက္ကိုက ကျားဖြန့်လုပ်ငန်းတချို့ မြဝတီမြို့ပေါ်က ရပ်ကွက်တွေမှာ အွန်လိုင်း ဈေးကွက်ရှာတဲ့စနစ်နဲ့ အသွင်ပြောင်းလှုပ်ရှားနေတယ်လို့ ကျားဖြန့်လုပ်ငန်းက ဝန်ထမ်းဟောင်းတစ်ယောက်က RFA ကို ပြောပါတယ်။

“သူတို့က Online Marketing ဆိုပြီး ခေါင်းစဉ်တပ်လိုက်တယ်။ ပြီးတော့ ရပ်ကွက်တွေထဲမှာ အိမ်ငှားလိုက်တယ်။ ငှားပြီးတော့ အဲဒီမှာပဲ ရုံးလုပ်ပြီးတော့ မသိရင်တော့ ပုံမှန်ရုံးပဲပေါ့။ သူတို့လမ်းထိပ်မှာ စာကပ်ထားတယ်၊ ဘာအရောင်းအဝယ် ကုမ္ပဏီ အဲဒီလိုမျိုး နာမည်တပ်ပြီး တကယ်တမ်းကျတော့ ကျားဖြန့်ပဲလုပ်နေတာပဲ။ မြဝတီမြို့ထဲမှာ အဲဒီလိုပြန်ဖြစ်လာတယ်။ ရပ်ကွက်တစ်ခုထဲမှာ လေးငါးခုလောက်ရှိတယ်”

သူလုပ်ခဲ့တဲ့ တစ်နေရာတည်းမှာတင် ပိတ်လှောင်ခံထားရတဲ့ တရုတ်နိုင်ငံသား တစ်ထောင်လောက်ရှိတာကြောင့် မြဝတီမြို့နယ်ထဲက ကျားဖြန့်လုပ်ငန်းတွေမှာ တရုတ်နိုင်ငံသား တစ်သောင်းနီးပါးအထိ ရှိနိုင်တယ်လို့ပြောပါတယ်။

တရုတ်နိုင်ငံသားတွေ ပိတ်လှောင်ဖမ်းဆီးခံနေရတာနဲ့ပတ်သက်လို့ ဘယ်လိုလုပ်မလဲလို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးကို RFA က အီးမေးလ်ကနေ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။

နိုင်ငံရေးလေ့လာသုံးသပ်သူ စစ်တပ်အရာရှိဟောင်းတစ်ဦးကတော့ တရုတ်ဘက်က ကရင်အမျိုးသား အစည်းအရုံး KNU နဲ့ပူးပေါင်းပြီး ဒီကိစ္စလုပ်လာနိုင်တယ်လို့ RFA ကိုပြောပါတယ်။

“တရုတ်ရဲ့တုံ့ပြန်မှုကို အခုကျွန်တော်တို့မြင်ခဲ့ပြီ။ သူ တိုင်းရင်းသား လက်နက်ကိုင်တွေကို မြှောက်ပေးတယ်။ အဲဒီတော့ အခုလည်း သူ (တရုတ်) KNU ကို မြှောက်ပေးမလား။ KNU ကိုမြှောက်ပေးလို့ရှိရင် ဒါတစ်ခုကတော့ ဖြစ်နိုင်တာပေါ့နော်။ KNU ကို သူမြှောက်ပေးရင် ကျန်တဲ့ဗမာအများစုက ငြိမ်ခံမှာလားဆိုတာ ဒါကိုအမြဲသုံးသပ်ရမှာပေါ့။ သူ (တရုတ်) လုပ်နိုင်တဲ့အတိုင်းအတာက အောက်ပိုင်းရောက်သွားလေ နည်းလေပဲလေ”

၂၀၂၃ ခုနှစ် ဇူလိုင်လ ၁၂နေ့က တရုတ်နိုင်ငံ မကာအိုရှိ ကာစီနိုတစ်ခုတွင် Global Gaming Expo Asia (G2E Asia) မှ ဧည့်သည်တစ်ဦး လောင်းကစားစားပွဲပေါ်တွင် ဖဲချပ်များကိုင်ဆောင်ထားစဉ်။ (Photo: AFP)
၂၀၂၃ ခုနှစ် ဇူလိုင်လ ၁၂နေ့က တရုတ်နိုင်ငံ မကာအိုရှိ ကာစီနိုတစ်ခုတွင် Global Gaming Expo Asia (G2E Asia) မှ ဧည့်သည်တစ်ဦး လောင်းကစားစားပွဲပေါ်တွင် ဖဲချပ်များကိုင်ဆောင်ထားစဉ်။ (Photo: AFP)

လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကရင်နိုင်ငံရေး တက်ကြွလှုပ်ရှားသူတစ်ဦးကတော့ မြဝတီက ကျားဖြန့်တွေကိုနှိမ်နင်းဖို့ တရုတ်က ထိုင်းအစိုးရကို ဖိအားပေးလာနိုင်တယ်လို့ RFA ကိုပြောပါတယ်။

“အာဆီယံ သဘောတူညီချက် ငါးချက်ကို အကောင်အထည်ဖော်ပါလို့စပြီး ပြောတာက တရုတ်ပဲလေ။ တရုတ်ကတော့ ဒေသတွင်းထဲမှာတော့ နိုင်ငံရေးဩဇာရှိတယ်။ တရုတ်ဝင်စွက်ဖက်ခဲ့ရင် ထိုင်းနိုင်ငံအနေနဲ့လုပ်မယ်။ ဒါပေမဲ့ စစ်ကောင်စီနဲ့ပူးပေါင်းပြီး လုပ်မှာမဟုတ်ဘူး။ ကျန်တဲ့တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ပဲ လုပ်လိမ့်မယ်”

ရွှေကုက္ကို အပါအဝင် မြဝတီက အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကို ထိုင်း-မြန်မာ ပူးပေါင်းနှိမ်နင်းမယ့်ကိစ္စနဲ့ပတ်သက်ပြီး ထိုင်းကာကွယ်ရေးဝန်ကြီးဌာန တာဝန်ရှိသူတွေကို RFA က အီးမေးလ်ပို့မေးမြန်းခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။

ထိုင်းအစိုးရတာဝန်ရှိသူတချို့ကို မေးမြန်းတဲ့အခါ အမည်မဖော်လိုတဲ့ အရာရှိတစ်ဦးက “ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဗိုလ်မှူးကြီးစောချစ်သူကို ဆယ်စုနှစ်နဲ့ချီပြီး အကာအကွယ်ပေးထားတာပါ။ ကရင်အမျိုးသားအစည်းအရုံး (KNU) နဲ့ပတ်သက်လာရင် သူ့ကိုအသုံးချတာကလွဲလို့ သူ့ကို အခွင့်အရေးပေးထားပါတယ်။ ထိုင်းနိုင်ငံကိုကူညီဖို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အတွက် ခက်ခဲမှာပါ။ ဒီကိစ္စနဲ့ပတ်သက်ပြီး အရင်ကလည်း မြန်မာဘက်က ဘယ်တုန်းကမှ တုံ့ပြန်ခဲ့တာမရှိတဲ့အတွက် ထိုင်း-မြန်မာ ပူးပေါင်းစစ်ဆင်ရေးဆိုတာလည်း ဖြစ်လာနိုင်စရာမရှိဘူး”လို့ RFA ကို အီးမေးလ်ကတစ်ဆင့် ဖြေကြားပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
ငလျင်ဒဏ်သင့် ပြည်သူအချို့ နိုင်ငံတကာအထောက်အပံ့နဲ့ အလှမ်းဝေးနေ
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။