လက်ခတ်တောင်စခန်းကို ပြန်သိမ်းပိုက်ဖို့ကြိုးစားတဲ့ စစ်ကောင်စီတပ် အကျအဆုံးများ

RFA Burmese
2023.08.14
လက်ခတ်တောင်စခန်းကို ပြန်သိမ်းပိုက်ဖို့ကြိုးစားတဲ့ စစ်ကောင်စီတပ် အကျအဆုံးများ လက်ခတ်တောင် တာဝါတိုင်စခန်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရမိသည့် လက်နက်ပစ္စည်းများအား ၂၀၂၃ ခုနှစ် ဇူလိုင်လ ၂၁ ရက်နေ့ကတွေ့ရစဉ်။
Photo: RFA

KNLA ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် ပူးပေါင်းတပ်တွေ သိမ်းပိုက်ထားတဲ့ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ထဲက လက်ခတ်တောင် တာဝါတိုင်စခန်းကုန်းကို ပြန်လည်ရယူနိုင်ဖို့အတွက် စစ်ကောင်စီတပ်တွေ လာရောက်တိုက်ခိုက်နေတာ ၁ဝ ကြိမ်လောက် ရှိသွားပါပြီ။

အဲဒီတိုက်ခိုက်မှုတွေအတွင်း စစ်ကောင်စီတပ်ဟာ အကျအဆုံးအများအပြားနဲ့ တပ်ပြိုကွဲ ထွက်ပြေးနေကြရတယ်လို့ NUG အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယအတွင်းဝန် ဦးမောင်မောင်ဆွေက ပြောပါတယ်။

“လက်ခတ်တောင်ဘုရားကုန်းပေါ့နော်။ ၂ဝ ရက်နေ့က တိုက်တယ်။ မနက် ၅ နာရီမှာ တိုက်တယ်၊ ၂၁ ရက်နေ့ ည ၆ နာရီမှာ သိမ်းဆည်းရမိတယ်။ အဲ့ဒီစခန်းကုန်းက မဟာဗျူဟာအရ မြဝတီ-ကော့ကရိတ် လမ်းပိုင်းတွေမှာလည်း နယ်မြေစိုးမိုးမှုအရေးကြီးတဲ့အခါကျတော့ သူတို့အတွက် ကြီးမားတဲ့ ဆုံးရှုံးမှုလို့ ပြောရမယ် ။ အဲ့ဒီစခန်းကို သူတို့ ပြန်ရဖို့အတွက်ကိုလည်း ၂၃၊ ၂၄ လောက်ကနေ အင်အားအလုံးအရင်းနဲ့ ပြန်ပြီးတော့ ထိုးစစ်ဆင်ဖို့ ကြိုးစားကြတယ်၊ တောင်ခြေကို ကပ်ဖို့ ကြိုးစားကြတယ်ပေါ့နော်၊ ဒါပေမဲ့လည်း ဒီနေ့ထက်ထိ တိုက်ပွဲ ၁ဝ ကြိမ် မကဘူး။ တိုက်ပွဲဖြစ်ပြီး အကျအဆုံးများစွာနဲ့ လန်ပြီးတော့ ပြန်ပြေးရတယ်၊ တပ်တွေကွဲပြီးတော့ ပြိုပြီးတော့ ပြန်ပြေးရတယ်”

တိုက်ပွဲစဖြစ်တဲ့ ဩဂုတ်လ ၈ ရက်နေ့က တပ်မ ၄၄ လက်အောက်ခံ ခမရ ၁၁၈ တပ်ရင်းက ဒုတပ်ကြပ် တစ်ဦး၊ တပ်သား တစ်ဦးဟာ ၆၀ မမ ကွန်မန်ဒို စိန်ပြောင်းတစ်လက်၊ MA 2 သေနတ်တစ်လက်၊ ဆက်စပ် ဗုံးသီးကျည်ဆန်တွေနဲ့အတူ KNLA ပူးပေါင်းတပ်ဖွဲ့ဘက် ခိုလှုံလာခဲ့တယ်လို့ ကော်ပရာစစ်ကြောင်းရဲ့ သတင်းထုတ်ပြန်ချက်တွေ မှာ ဖော်ပြထားပါတယ်။ ခိုလှုံလာသူတွေကို ကော်ပရာစစ်ကြောင်းက တစ်ယောက် ထိုင်းဘတ်ငွေ ငါးသောင်း ချီးမြှင့်ထောက်ပံ့ပေးခဲ့တယ်လို့လည်း ဆိုပါတယ်။

အဲဒီသူတွေကို လုံခြုံတဲ့နေရာကိုပို့ပေးမယ်လို့ ကော်ပရာ စစ်ကြောင်းမှူး ဗိုလ်ဒါဘော ကပြောပါတယ်။

“နေ့တိုင်းဖြစ်နေတာ အဲ့ဒါတွေက။ ကျွန်တော်တို့ ဒီမှာစိစစ်နေဆဲပဲနော်။ အတိအကျကို ကျွန်တော်တို့ မထုတ်ပြန်နိုင်သေးဘူး ဖြစ်နေတယ်။ အခုမှတိုက်ပွဲတွေ ဖြစ်နေဆဲဆိုတော့ နှစ်ယောက်ကတော့ ကျွန်တော်တို့ဆီတော့ရောက်လာတာပေါ့။ ၁၁၈ ကလို့တော့ သိရတယ်။ သူတို့လုံခြုံတဲ့နေရာကို ပို့ပေးဖို့လည်း ကျွန်တော်တို့ကတော့ ပြည်သူ့ရင်ခွင်နဲ့ ချိတ်ဆက်ရမှာပေါ့။ ပို့ဖို့ အခုကတော့ မိုးထဲလေထဲဆိုတော့ ကျွန်တော်တို့ဆီမှာပဲရှိတယ်။”

စစ်ကောင်စီတပ်ဟာ လက်ခတ်တောင်ခြေ၊ တုံးတံတား၊ ကံ့ကော်တစ်ထောင် ဘုန်းကြီးကျောင်း၊ ကျောက်လုံးကြီးရပ်ကွက်နဲ့ ခလရ ၂၇၅ တပ်ရင်း နေရာတွေကနေ KNLA ပူးပေါင်း ကော်ပရာစစ်ကြောင်း ရှိရာနေရာတွေဘက်ကို အဆက်မပြတ် ပစ်ခတ်နေတယ်လို့လည်း ဗိုလ်ဒါဘော က ပြောပါတယ်။

“အခြေအနေကတော့ လက်ခတ်တောင်ကိုပြန်ရဖို့တော့ သူတို့တောက်လျှောက်ထိုးနေတာပဲ။ အခုဆိုရင် ကျွန်တော်တို့ သိမ်းပိုက်ပြီးတဲ့အချိန်ကစပြီးတော့ အခုချိန်ထိဆို စစ်ကြောင်းပြန်လည်ရရှိဖို့ထိုးလာတာ ဒီကနေ့ဆိုရင် ၁၀ ကြိမ်ရှိပြီးပေါ့။ စစ်ကြောင်းကတော့ သုံးကြောင်းတွေ့ရတယ်။ သုံးကြောင်း၊ နှစ်ကြောင်း ပေါ့နော်။ ခွဲပြီး ထိုးတာတွေ တွေ့ရမယ်။ တိုက်ပွဲကတော့ ဖြစ်နေတုန်းပဲလေဗျာ။”

KNLA4.jpg
၂ဝ၂၃ ခုနှစ် ဩဂုတ်လ ၈ ရက်နေ့က MA 2 သေနတ်တစ်လက်နှင့်အတူ KNLA ပူးပေါင်းတပ်ဖွဲ့ဘက်ကို ခိုလှုံလာသည့် တပ်မ ၄၄ လက်အောက်ခံ ခမရ ၁၁၈ တပ်ရင်းမှ တပ်ဖွဲ့ဝင်တစ်ဦး။ (Photo: Cobra Column)

တိုက်ပွဲကြောင့် စစ်ဘေးရှောင်နေရတဲ့ မေတ္တာလင်းမြိုင်ရွာ၊ ကျောက်လုံးကြီးရပ်ကွက်၊ တုံးတံတား ၊ကျောက်မိုင်း နေရာတွေက ဒေသခံ ၅၀၀ ကျော်လောက် စစ်ဘေးရှောင်နေရပါတယ်။

အစားအသောက်နဲ့နေရာထိုင်ခင်းအတွက် ထောက်ပံကူညီသူတွေ နည်းလာတာကြောင့် စစ်ဘေးရှောင်တွေ စားသောက်နေထိုင်ရေး အခက်အခဲကြုံနေရတယ်လို့ မြဝတီတောရကျောင်း ယာယီစစ်ရှောင်စခန်းမှာ ခိုလှုံနေတဲ့ အမည်မဖော်လိုသူ စစ်ဘေးရှောင်တစ်ဦးက RFA ကို ပြောပါတယ် ။

“တောရကျောင်းမှာကျတော့ ၁၇၀ ကျော်လောက်ရှိတယ်။ ကျခတ်တောမှာတော့ ၁၀၀ ကျော်လောက် ရှိတယ်။ စစ်ဘေးရှောင်တွေလေ။ တခြားကျောင်းမှာကျတော့ စစ်ဘေးရှောင်တွေ ခွဲပြီး နေနေကြတယ်လေ။ အခုက မိုးရွာတဲ့အခါကျတော့ နေရထိုင်ရတာ ကြပ်တယ်၊ စစ်ရှောင်တာကလည်း တစ်လနီးပါးလောက်ကြာတော့ အလှူရှင်တွေလည်းနည်းလာတယ်”

အခုလို စစ်ကောင်စီတပ်က လက်ခတ်တောင်တာဝါတိုင်စခန်းကုန်းကို ပြန်လည်တိုက်ခိုက်နေရာတဲ့ အခြေအနေနဲ့ပတ်သက်လို့ ကရင်ပြည်နယ် လုံခြုံရေးနဲ့နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မျိုးမင်းနောင်ကို RFA က ဖုန်းနဲ့ဆက်သွယ်မေးမြန်းပေမယ့် ဖုန်းလက်ခံမဖြေဆိုပါဘူး။

တစ်နိုင်ငံလုံးမှာ အာဏာသိမ်းစစ်တပ်ကို ဆန့်ကျင်တိုက်ခိုက်နေတဲ့ ပြည်သူကာကွယ်ရေးတပ်ဖွဲ့တွေ၊ မဟာမိတ် တော်လှန်ရေးအင်အားစုတွေကို စစ်တပ်ဘက်က မြေပြင်မှာနိုင်အောင် တိုက်ခိုက်နိုင်တာမျိုး မရှိတော့ဘူးလို့ NUG ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယအတွင်းဝန် ဦးမောင်မောင်ဆွေ က ပြောပါတယ်။

“အခုမြေပြင်အနေထားအရ တစ်နိုင်ငံလုံးမှာ စစ်ကောင်စီအနေနဲ့ကလေ ထိုးစစ်ဆင်တယ်ဆိုတာက သူတို့ လူတွေကို လိမ်ပြီးတော့ တိုက်ပွဲ တိုက်ပြတဲ့သဘောပဲရှိတယ်။ သူတို့လူတွေကို မိုတီ ပေးချင်လို့ တိုက်ပွဲကို မဖြစ်မနေ ဖော်နေရတော့တဲ့သဘောပဲရှိတယ်။ နိုင်အောင်တိုက်ခိုက်နိုင်ခြင်း နိုင်အောင် တိုက်လိုခြင်းလည်း မရှိတော့ဘူး။ နိုင်အောင်လည်းတိုက်ဖို့ သူတို့မှာအင်အားမရှိတော့ဘူး။ စိတ်ဓာတ်ရေးရာအရလည်း ဘယ်လိုမှ ကျွန်တော်တို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်သားတွေ၊ မဟာမိတ်တော်လှန်ရေးအင်အားတွေကို ယှဉ်ပြီးတော့ မတိုက်နိုင်တော့ဘူးလို့ပဲ ပြောချင်ပါတယ်။”

လက်ရှိတိုက်ပွဲအတွင်းမှာ စစ်တပ်စစ်ကြောင်းတွေက အရာရှိတချို့နဲ့တပ်သားတွေ ထိုင်းနိုင်ငံ မဲဆောက်မြို့ဘက်အထိ စစ်ကြောင်းကို စွန့်ခွာထွက်ပြေးနေတဲ့အတွက် သူတို့ကို နေရာချထားပေးဖို့ ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ ချိတ်ဆက်ဆောင်ရွက်နေတယ်လို့လည်း ဦးမောင်မောင်ဆွေက ပြောပါတယ်။

KNU တပ်မဟာ ၆ ထိန်းချုပ်နယ်မြေတွေဖြစ်တဲ့ မြဝတီ၊ ဝေါလေ၊ ကော့ကရိတ်၊ တောင်ကြာအင်း၊ ကျုံဒိုး ၊ ကြာအင်းဆိပ်ကြီး ဒေသတွေက စစ်ကောင်စီတပ်စခန်းတွေ၊ ဒေသအုပ်ချုပ်ရေးဆိုင်ရာ ရုံးနေရာတွေမှာ တပ်စွဲထားတဲ့ စစ်တပ် စစ်ကြောင်းတွေနဲ့ KNLA ပူးပေါင်းတပ်တွေ ဇူလိုင်လတစ်လတာအတွင်း တိုက်ပွဲပေါင်း ၆၆ ကြိမ် ဖြစ်ပွားခဲ့ရာမှာ စစ်တပ်ဘက်က ဗိုလ်ကြီးတစ်ဦး၊ တပ်ခွဲမှူး နှစ်ဦးအပါအဝင် ၉၅ ဦး သေဆုံးပြီး၊ ဗိုလ်မှူး တစ်ဦး၊ ဗိုလ်ကြီး ငါးဦး၊ တပ်ခွဲမှူး တစ်ဦး အပါအဝင် ၈၉ ဦး ထိခိုက်ဒဏ်ရာ ရရှိကြောင်း KNU ဗဟိုဌာနချုပ်ထုတ်ပြန်ချက်တွေမှာ ဖော်ပြထားပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
ငလျင်ဒဏ်သင့် ပြည်သူအချို့ နိုင်ငံတကာအထောက်အပံ့နဲ့ အလှမ်းဝေးနေ
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။