မြောင်နဲ့ ရေစကြို ရွာ ၁၃ ရွာမှာ တစ်ပတ်အတွင်း နေအိမ် တစ်ထောင်ကျော် မီးရှို့ခံရ

2022.11.23
မြောင်နဲ့ ရေစကြို ရွာ ၁၃ ရွာမှာ တစ်ပတ်အတွင်း နေအိမ် တစ်ထောင်ကျော် မီးရှို့ခံရ မကွေးတိုင်း ရေစကြိုမြို့နယ်၊ ရွှေလှံရွာရှိ မီးရှို့ခံထားရသည့် နေအိမ် အဆောက်အအုံများအား ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့က တွေ့ရစဉ်။
ဓာတ်ပုံ - မင်းစစ်နိုင်

စစ်ကိုင်းတိုင်း မြောင်မြို့နယ်နဲ့ မကွေးတိုင်း ရေစကြိုမြို့နယ်က အစပ်က ကျေးရွာပေါင်း ၁၃ ရွာမှာ စစ်ကောင်စီ တပ်ဝင်ရောက်ခဲ့တဲ့ နိုဝင်ဘာလ ၆ ရက်နေ့ကနေ ၁၃ ရက်နေ့အထိ တစ်ပတ်အတွင်း နေအိမ် စုစုပေါင်း ၁၀၆၈ လုံးကို မီးရှို့ခံခဲ့ရတယ်လို့ ဒေသခံရွာသားတွေက ပြောပါတယ်။

အင်အား ၄၀၀ ခန့်ရှိတဲ့ စစ်ကောင်စီ တပ်နဲ့ ပျူစောထီးပူးပေါင်းအဖွဲ့ဟာ နိုဝင်ဘာလ ၆ ရက်နေ့ ကစလို့ ချင်းတွင်းမြစ်နဲ့ ဧရာဝတီမြစ်ဆုံရာ စစ်ကိုင်းနဲ့ မကွေးတိုင်းအစပ်က ရွာတွေကို စစ်ကြောင်းသုံးကြောင်းနဲ့ ဝင်ရောက်လာပြီးနောက် မီးရှို့ခံခဲ့ရတာလို့ပြောပါတယ်။

စစ်ကိုင်းတိုင်း မြောင်မြို့နယ် မြစ်ဆုံရွာက နေအိမ် ၃၀၀၊ ပရိမ္မရွာက ၂၃၉ လုံး၊ နနွင်းကိုင်းရွာက ၉၄ လုံး၊ ဆူးလေကုန်းရွာက ၈၉ လုံး၊ မြစ်သာရွာက ၇၃ လုံး၊ ရွှေတချောင်းရွာက ၆၁ လုံး၊ နဂါးပေါက်ရွာက ၂၃ လုံး၊ သူဌေးကုန်း (သုခဒီပ) ရွာက ၁၅ လုံး၊ ဆင်လှောင်က ၁၂ လုံးနဲ့ ရေစကြိုမြို့နယ် ရွှေလှံရွာက ၁၄၆ လုံး၊ မာလကာခြံရွာက ၁၂ လုံး၊ ဆင်ခြေယာနဲ့ မြေစွန်းတော်ရွာတွေက နေအိမ် နှစ်လုံးစီ၊ စုစုပေါင်း နေအိမ် ၁၀၈၆ လုံး မီးရှို့ခံခဲ့ရတာလို့ ပြောပါတယ်။

နိုဝင်ဘာလ ၇ ရက်နေ့ တန်ဆောင်မုန်းလပြည့်ညက ရေစကြိုမြို့နယ်က စစ်ကောင်စီ တပ်သားတွေဟာ စက်လှေ ခုနှစ်စီးနဲ့ ချင်းတွင်း မြစ်ကမ်းဘေးမှာရှိတဲ့ မြောင်မြို့နယ် နနွင်းကိုင်းရွာကို ဝင်ရောက်ပြီး မီးစတင် ရှို့ခဲ့တာလို့ နနွင်းကိုင်းရွာသားတွေက ပြောပါတယ်။

နေအိမ်တွေ မီးရှို့ခံခဲ့ရသလို ကျေးရွာသားတွေပါ အချိန်တစ်ပတ်ခန့်ကြာ ထွက်ပြေး တိမ်းရှောင်ခဲ့ကြရတာကြောင့် သီးနှံစိုက်ခင်းတွေပါ ပျက်စီးတာတွေ ကြုံနေရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ နနွင်းကိုင်း ရွာသား တစ်ဦးက ပြောပါတယ်။

"မြောင်နယ်ပေါ့။ ရေလယ်ကျွန်းနဲ့ ဆက်စပ်တဲ့ ရွာတွေပေါ့ဗျာ။ တော်တော်နာလိုက်ပါပြီ။ အခုလူတွေ တော်တော် ကို နစ်နာကုန်ပြီ။ ကျနော်တို့က တောင်သူလုပ်တဲ့ အချိန်လည်းဖြစ်တယ်။ သီးနှံစိုက်တဲ့ အချိန်ဖြစ်တယ်။ သီးနှံက ရေက မတင်လိုက်ရတော့ ကျနော်တို့က ရေတင်ရတာ ရေသွင်းပြီးမှ လုပ်ရတာဆိုတော့ ရေမသွင်းလိုက်နိုင်တော့ဘူး။ ရေသွင်းရမယ့် အချိန် ရေမသွင်းရတော့ အခုအပင်တွေက ညိုးကုန်ပြီ သေကုန်ပြီ ပြောပါတော့ဗျာ။ မြေပဲတို့ ငရုပ်တို့ ပဲတို့ စသဖြင့်ပေါ့နော်။ ကျနော်တို့က ယာမြေတွေဆိုတော့ ရေမတင် လိုက်ရဘူး ခုနှစ်ရက် ရှစ်ရက်ကြာ သွားတော့ အခြေအနေတော်တော် ဆိုးသွားတာပေါ့။ လုပ်မယ့်တောင်သူကလည်း မရဘူး ပြောပါတော့ဗျာ။ ပစ္စည်းတွေဆိုလည်း ဘာမှ မယူလိုက်ရဘူး ပြောပါတော့ဗျာ။ ရွာတိုင်း အိမ်တိုင်းပါပဲ။ ကျနော်တို့က လယ်ယာမှာ သုံးနေတဲ့ ရေစက်တင် ကြိုးဆွဲစက်လေးတွေ မီးထဲပါသွားတာ အိမ်တိုင်းလိုလို ရှိနေတာကိုဗျ"

ရွာဆိပ်ကမ်းမှာ စစ်ကောင်စီတပ်ရဲ့ ဆန်တင်ရေယာဉ်ကို မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနဲ့ လုံခြုံရေးအဖွဲ့ (CDSOM) က နိုဝင်ဘာလ ၅ ရက်နေ့က သိမ်းယူခဲ့တာကြောင့် အဲဒီဒေသက ရွာတွေမှာ PDF တွေ ရှိနေတယ်လို့ စစ်တပ်ကယူဆပြီး ရွာတွေကို ဝင်ရောက်မီးရှို့ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီနေ့က ချင်းတွင်းမြစ်ထဲမှာ ဆန်အိတ် ၁၅၀၀၀ ကျော်နဲ့ စက်သုံးဆီတွေ တင်ဆောင်လာတဲ့ စစ်ကောင်စီ ရိက္ခာတင် သင်္ဘောတစ်စီးကို မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနဲ့ လုံခြုံရေးတပ်ဖွဲ့ ဖမ်းဆီးပြီး နနွင်းကိုင်းရွာ ဆိပ်ကမ်းမှာ ကပ်စေခဲ့တာလို့ ပြောပါတယ်။

"လေးငါးနေရာလောက် ခွဲရှို့တာဗျ။ မီးခိုးလုံးကတော့ မြင်ရတာ မကောင်းပါဘူး။"

အဲဒီနောက် ဆန်တွေကို နနွင်းကိုင်းရွာနဲ့ အနီးပတ်ဝန်းကျင်ကျေးရွာတွေက ပြည်သူတွေ လာသယ်ယူဖို့ PDF တွေက ကြေညာခဲ့တာလို့လည်း ဒေသခံတွေကပြောပါတယ်။

စစ်ကောင်စီတပ်ရဲ့ မီးရှို့မှုကြောင့် အိမ်ခြေ ၂၅၀ ဝန်းကျင်ရှိတဲ့ နနွင်းကိုင်းရွာက နေအိမ် ၉၄ လုံး မီးလောင် ပျက်ဆီးခဲ့သလို လေဖြတ်နေတဲ့ အသက် ၇၀ ဝန်းကျင် အမျိုးသမီးတစ်ဦးလည်း မီးထဲပါ သေဆုံးခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီစစ်ကြောင်းဟာ နနွင်းကိုင်းရွာမှာ ခြောက်ည အိပ်ပြီး အနီး ပတ်ဝန်းကျင်ရွာတွေကို ဆက်လက် မီးရှို့တာလို့ ဒေသခံတွေက ဆိုပါတယ်။

မြောင်မြို့နယ် ဆူးလေကုန်းရွာသားတစ်ဦးကတော့ စစ်ကောင်စီတပ်သားတွေဟာ ရွာထဲကနေ ပစ္စည်းတွေကို ယူပြီးမှ ရွာကို မီးရှို့တာလို့ ပြောပါတယ်။

"ကျနော်တို့ရွာကို သူတို့ ၈ ရက်နေ့ စစ်ကြောင်းထိုးပြီးတော့ ရွာထဲလိုချင်တဲ့ ပစ္စည်းတွေ ဘာတွေ အကုန်သယ်တယ်။ တန်ကြေးရှိ ပစ္စည်းတွေ အကုန်သယ်ပြီးမှ အားရပြီးဆိုမှ ကျနော်တို့ ရွာကို မီးတင်တာဗျ။ ကျနော်တို့ဘက် သယ်သွားတဲ့ ပစ္စည်းတွေကို ကမ်းပါးမှာ ပုံပြီးတော့ ရေစကြိုတစ်ဖက်ကမ်းကို မော်တော်နဲ့ သယ်ရတာကို ခေါက်တုံ့ခေါက်ပြန်သယ်တာကို အခေါက်ပေါင်း မနည်းဘူးဗျ။ ရေတဲ့သူဆို ရေတောင် မရေနိုင်ဘူးတဲ့။ မော်တော်ကြီး မော်တော်ငယ်နဲ့ အမျိုးမျိုးလာလာသယ်ပြီးတော့ ယူကြတာဗျ။ အဲလို မီးတင်တာလည်း ကျနော်တို့ရွာ လက်ရှိ အိမ်ခြေ တစ်ရာလောက် ပါသွားတယ်။ အိမ်ခြေတစ်ရာဆို ကျနော်တို့ရွာ အိုးမဲ့အိမ်မဲ့ ဖြစ်သွားတာ လူဦးရေ ငါးရာကျော် ခြောက်ရာ လောက်ရှိတယ်"

စစ်ကောင်စီ စစ်ကြောင်းတွေက နနွင်းကိုင်းရွာကို မီးရှို့ပြီးနောက် ရွှေတချောင်းရွာနဲ့ ဆူးလေကုန်းရွာတွေကို ဆက်လက်မီးရှို့ခဲ့တယ်လို့ ဆိုပါတယ်။

အိမ်ခြေ ၃၀၀ နဲ့ လူဦးရေ ၁၀၀၀ ကျော်နေထိုင်တဲ့ ဆူးလေကုန်းရွာက ဒေသခံတွေရဲ့ နေအိမ်တွေကို ဖျက်ဆီး ပြီး နေအိမ်တွေထဲက ရေခဲသေတ္တာ၊ တီဗီနဲ့ အဖိုးတန် အိမ်အသုံးအဆောင် ပစ္စည်းတွေကိုပါ သယ်ဆောင်သွားတယ်လို့ ပြောပါတယ်။

နေအိမ် ၂၃၉ လုံးမီးရှို့ခံခဲ့ရတဲ့ မြောင်မြို့နယ် ပရိမ္မကျေးရွာမှာ ပျက်စီးဆုံးရှုံးမှုတန်ဖိုးဟာ ကျပ်သိန်းပေါင်း ရှစ်သောင်းခန့် ရှိနိုင်တယ်လို့ ဒေသခံရွာ သားတစ်ဦးက ပြောပါတယ်။

"ကျနော်တို့ ယျေဘူယျ တွက်ကြည့်တာတော့ အိမ်တန်ဖိုးနဲ့ ပစ္စည်းတန်ဖိုးနဲ့ပေါ့လေ အကြမ်းဖျင်း အနည်းဆုံး တွက်ကြည့်တာပေါ့ ။အိမ်တစ်အိမ်ကို သိန်းသုံးရာဆိုရင်ကိုပဲ ကျနော်တို့က သိန်းရှစ်သောင်း နီးပါးလောက်အထိ ဆုံးရှုံးမယ်လို့ ခန့်မှန်းရတာပေါ့ဗျာ။ ဒါအနည်းဆုံး တွက်ချက်မှုပေါ့နော်။ တကယ် သေချာတွက်မယ်ဆိုရင်တော့ အဲလောက်တောင် ကမယ်မထင်ဘူးဗျ။ တချို့က ထွန်စက်တွေပါတယ်၊ ကွမ်ဒေါင်းလို့ခေါ်တဲ့ လက်တွန်းထွန်စက် လေးတွေပါမယ်။ တချို့က ဆိုင်ကယ်တွေ ပါမယ်ပေါ့နော်။ များသောအားဖြင့်ကတော့ ကျနော်တို့က ဘာမှ အဆင်သင့် ပြင်မထားတဲ့အတွက် ပရိဘောဂကစ ပါတာပေါ့ဗျာ"

နိုဝင်ဘာလ ၁၁ ရက်နေ့မှာ အင်အား ၁၀၀ ခန့်ရှိတဲ့ စစ်ကြောင်းတစ်ခုက ပရိမ္မရွာကို ရောက်ရှိလာပြီး နောက်တစ်နေ့မှာ ရွာကို မီးရှို့ခဲ့တာလို့ ပြောပါတယ်။

အဲဒီလို မီးရှို့လို့ အိမ်ခြေ ၇၃၀ ရှိတဲ့ သူတို့ရွာက နေအိမ် ၂၃၉ လုံး ပျက်ဆီးခဲ့ပြီး မီးဘေးသင့်လူဦးရေက ၉၆၆ ဦး ရှိတယ်လို့ ပြောပါတယ်။

အဲဒီစစ်ကြောင်းက ရွာထဲဝင်ရောက်လာချိန် ရွာသားတစ်ဦးကို ဖမ်းဆီးပြီး ရွာက PDF လို့ ယူဆတဲ့ နေအိမ်တွေကို လိုက်လံပြခိုင်းပြီးနောက် မီးကျည်သေနတ်တွေနဲ့ ရွာရဲ့ ဆယ်နေရာလောက်ကို ပစ်ခတ် မီးရှို့တာလို့ ပြောပါတယ်။

နေအိမ်အဆောက်အအုံနဲ့ ဆန်စက်ပါ မီးထဲပါသွားတဲ့ ရေစကြိုမြို့နယ် ရွှေလှံ ရွာသားတစ်ဦးကတော့ စစ်ကောင်စီ တပ်သားတွေရဲ့ လုပ်ရပ်ကို ဒီအတိုင်း ကြည့်နေရတယ်လို့ ပြောပါတယ်။

"ဆုံးရှုံးတာတော့ ကျနော်တို့ အသားအိမ် ခုနှစ်ပင်ပတ်လည် တစ်လုံး၊ ငါးပင်က တစ်တဲ၊ ခုနှစ်ပင် ဂိုထောင်တစ်လုံး ပြီးကျတော့ ဆန်စက် ပြီးကျတော့ နွားစာတိုက်က ငါးပင်တစ်လုံးပေါ့ဗျာ။ စုစုပေါင်း ကျနော်တို့က အဆောင် လေးဆောင် ပါသွားတယ်။ လေးငါးနေရာလောက် ခွဲရှို့တာဗျ။ မီးခိုးလုံးကတော့ မြင်ရတာ မကောင်းပါဘူး။ သူတို့လုပ်တာဆိုတော့ မနိုင်တော့ ဒီအတိုင်းကြည့်ရတာပေါ့။ ဘာမှတော့ သိပ်ပြီးတော့ တွက်မနေပါတော့ဘူး"

ရေစကြိုမြို့နယ်က ရွှေလှံရွာကို နိုဝင်ဘာလ ၁၃ ရက်နေ့မှာ ပျူစောထီးတွေပါဝင်တဲ့ စစ်ကောင်စီတပ် စစ်ကြောင်းက ဝင်ရောက်မီးရှို့လို့ နေအိမ် ၁၄၆ လုံးအပါအဝင် အဆောက်အအုံ ၂၃၃ လုံး ပျက်ဆီးခဲ့တယ်လို့ ပြောပါတယ်။

myaung fire
တိမ်းရှောင်ထွက်ပြေးနေရသည့် စစ်ကိုင်းတိုင်း မြောင်မြို့နယ်မှ ဒေသခံများကို ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၂၂ ရက်နေ့က တွေ့ရစဉ်။ (Photo: CDSOM)

အဲဒီလို ရေစကြိုနဲ့မြောင်မြို့နယ်က နယ်မြေချင်းထိစပ်နေတဲ့ ကျေးရွာတွေကို မီးရှို့လို့ ဒေသခံ ရွာသားသောင်းနဲ့ချီ ထွက်ပြေးခဲ့ရပြီး နိုဝင်ဘာလ ၁၄ ရက်နေ့ နောက်ပိုင်း စစ်ကြောင်းတွေ ပြန်ထွက်သွားချိန်မှ ရွာတွေကို ပြန်ဝင်ခဲ့ရတယ်လို့ ဒေသခံတွေ ပြောပါတယ်။

လက်ရှိအချိန်မှာလည်း ဒေသခံတွေဟာ အိုးအိမ်တွေ မရှိတော့တာကြောင့် ဘုန်းကြီးကျောင်း၊ ဓမ္မာရုံနဲ့ နီးစပ်ရာ ဆွေမျိုးတွေ အိမ်တွေမှာ နေနေရတယ်လို့ နေအိမ် ၇၃ လုံးမီးရှို့ခံရတဲ့ မြစ်သာကျေးရွာသားတစ်ဦးက ပြောပါတယ်။

"လက်ရှိကတော့ဗျာ ဒီ မီးဘေးသင့်တဲ့ ပြည်သူတွေကတော့ နီးစပ်ရာဆွေမျိုးတွေ အိမ်မှာ နေတယ်။ နောက်တစ်ခါ ဘုရားကျောင်းကန်တွေမှာ နေတာပေါ့နော်။ အဲလိုမျိုးပဲ နေကြတာပေါ့။ကျနော်တို့လည်း ရှင်းလင်းရေး လုပ်ငန်းတွေ အခုမှ လုပ်နေရတုန်းလေ ပြေးလိုက် လွှားလိုက်ဆိုတော့ အခုမှပဲ ကောင်းကောင်း မွန်မွန် လုပ်ပေးရတာဆိုတော့ လူတွေ တော်တော်များများက ကိုယ့်အိမ်ကိုယ့်ယာမှာ မနေနိုင်သေးဘူးပေါ့ဗျာ။ အခက်အခဲကတော့ နေရေးထိုင်ရေးအတွက် ဝါးတို့ တိုင်တို့ အမိုးအကာအတွက်ပေါ့။ အခုဟာ ကျနော်တို့ တစ်ရွာထဲ ဖြစ်တာမဟုတ်ဘူးလေ။ တစ်နယ်လုံးဖြစ်နေတယ်။ နောက်တစ်ခါ ရွာတိုင်းမှာလည်း အိမ်ခြေတွေ များတဲ့ အခါကျတော့ အဲဒီ ရှာဖွေမှုလေးတော့ နည်းနည်း ခက်ခဲတာပေါ့ဗျာ။ ရှာဖွေမှုခက်ခဲသလို ရှာဖွေဖို့ရာလည်း ဘဏ္ဍာငွေ အခက်အခဲလည်း ရှိတာပေါ့"

မြစ်သာရွာက အိမ်ခြေ ၃၂၀ ရှိပြီး ပြီးခဲ့တဲ့ နိုဝင်ဘာလ ၉ ရက် နေ့လယ် ၁ နာရီမှာ မီးရှို့ခံရတာလို့ ပြောပါတယ်။

အဲဒီဒေသဟာ လယ်ယာကို အဓိက လုပ်ကိုင်ကြပြီး ရွာပေါင်းစုံကို စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီ တပ်သားတွေဟာ ရွာတွေထဲက တောင်သူကြီးတွေရဲ့ အိမ်ကြီးတွေနဲ့ အဆောက်အအုံ ကြီးကြီးမားမားတွေကို ရွေးပြီး မီးရှို့သွားတာလို့ ဒေသခံတွေက ပြောပါတယ်။

မီးရှို့ခံရတဲ့ ရွာတွေက ဒေသခံတွေဟာ လက်ရှိအချိန်မှာ စားနပ်ရိက္ခာ၊ အမိုးအကာ၊ အဝတ်အထည်၊ ဆေးဝါး စတာတွေ အရေးပေါ်လိုအပ်နေတယ်လို့ ပြောပါတယ်။

မြောင်နဲ့ ရေစကြိုမြို့နယ်က ကျေးရွာတွေ မီးရှိ့ခံရတဲ့ ဖြစ်စဉ်တွေနဲ့ ပတ်သက်လို့ အသေးစိတ်မေးမြန်းနိုင်ဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရသူ ဦးအေးလှိုင်နဲ့ မကွေးတိုင်း ပြောခွင့်ရသူ ဦးစိုးပိုင်မြင့်တို့ကို RFA က ဒီကနေ့ နေ့လယ်က ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံမဖြေကြားပါဘူး။

စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ အရပ်သားတွေရဲ့ နေအိမ်တွေကို မီးရှို့တာဟာ တပ်မတော်ရဲ့ လက်ချက်မဟုတ်ဘူးလို့ အရင်က ငြင်းဆိုထားပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက် ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၃၁ ရက်နေ့အထိ နိုင်ငံတစ်ဝန်း မြို့နယ်ပေါင်း ၈၁ ခုမှာ နေအိမ်၊ အဆောက်အအုံ ၃၈,၅၆၈ လုံး ထက်မနည်း မီးရှို့ဖျက်ဆီးခံရပြီး အဲဒီထဲမှာ မကွေးတိုင်းက ၈၈၆၆ လုံး ပါဝင်တယ်လို့ မြန်မာ့ မဟာဗျူဟာနဲ့ လေ့လာရေး အင်စတီကျု (ISP-Myanmar) ရဲ့ နိုဝင်ဘာလ ၁၁ ရက်နေ့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။