ကိုဗစ်လူနာတွေအတွက် Remdesivir ဆေး မြန်မာပြည်မှာ သုံးစွဲနေ

ခင်မောင်စိုး
2020.10.14


ကိုရိုနာဗိုင်းရပ်စ်လူနာတွေကို ကုသရာနေတဲ့ဆေးတွေထဲက နာမည်ကျော် Remdesivir ရမ်း ဒဲဆဲဗီးယာ ဆေးကို မြန်မာပြည်မှာသုံးစွဲနေပါပြီ။  ဝေဘာဂီအထူးကုဆေးရုံက ဆရာဝန်ကြီး ပါမောက္ခ ဒေါ်စံပယ်ဖြူက လိုအပ်တဲ့ လမ်းညွန်ချက်တွေအတိုင်း အသုံးပြုနေပါတယ်လို့ RFA ကို မနေ့ညနေက ပြောပါတယ်။

“ဒီဆေး ကျမတို့လက်ထဲရောက်လာတာ ၂ ပတ်ကျော်ကျော်ပဲ ရှိပါသေးတယ်။ ကျမတို့ ဒီဆေးကိုသုံးဖို့ SOP (Standard Operating Procedure -အဆင့်ဆင့် စံလုပ်ငန်းလမ်းညွန်) ထုတ်ပြီးသားပဲ။ ကျမတို့ guide lines တွေလည်း ထွက်ပြီးသားပဲ။ အဲဒီအတိုင်းပါပဲ။ ကျမတို့က ဗိုင်းရပ်စ်ရဲ့ ဆေးတခုအဖြစ်နဲ့ပဲ သုံးရတာပါ။ သူ့တခုတည်းနဲ့လည်း မပြီးပါဘူး။ ကျမတို့ဆေးရုံမှာ ကုသရေး ကော်မတီ ရှိပါတယ်။ ဒီကိစ္စက ဒီလို ဒီလို ဆိုပြီး တင်ပြပြီးတော့ ရွေးချယ်ရတာ အဖွဲ့နဲ့ပဲပေါ့နော်။”

လူထုကျန်းမာရေးပညာရှင် Public Health Practitioner ဒေါက်တာ စစ်နိုင်က ဒီဆေးဟာ ဗိုင်းရပ်စ်ကို ထိန်းတဲ့ဆေးဖြစ်ပြီး ကိုရိုနာဗိုင်းရပ်စ်ကူးစက်သူတိုင်းကို ပေးလို့မရဘဲ ချင့်ချိန်အသုံးပြုရတာ ဖြစ်ပါတယ်လို့ ရှင်းလင်းပြောဆိုပါတယ်။

“ဒီဆေးက ဗိုင်းရပ်စ် မျိုးပွားလုပ်ကိုင်ဆောင်ရွက်တဲ့အခါမှာ လိုတဲ့ပစ္စည်းကို ပိတ်တာ တားတာ လဲပစ်တာတို့ လုပ်တဲ့ဆေးအုပ်စုဝင်ပေါ့။ အရင်တုန်းက အီဘိုလာဗိုင်းရပ်စ် အတွက် သုံးလို့ရတယ်ဆိုပြီး ထုတ်ထားခဲ့တယ်။ အခု ကိုရိုနာဗိုင်းရပ်စ်ဖြစ်လာတဲ့အခါ ရှိပြီးသားဗိုင်းရပ်စ်ထိန်းတဲ့ဆေး အမျိုးမျိုးကို စမ်းသုံးကြည့်တဲ့အထဲမှာ သူက ထွက်လာတာပေါ့။ မဆိုးဘူး အာနိသင်ရှိတယ်ဆိုပြီးတော့။ အနံ့မရရုံလောက် ဖျားပြီးတော့ နေမကောင်း ဖြစ်ယုံလောက်နဲ့ တော့ မသုံးပါဘူး။ အထူးသဖြင့် အဆုတ်ပိုင်းကို သွားထိခိုက်ပြီးတော့ အောက်ဆီဂျင် ကျလာတဲ့လူတွေ ICU အထူးကြပ်မတ်ဆောင်ထဲကို ထည့်ရသူတွေကို သုံးတာများတယ်။ လူတိုင်းကို ပေးစရာမရှိသလို လူတိုင်းကို ပေးစရာလဲ မလိုဘူး။ အရေးကြီးတာ ဒီဆေးက ၂ ခုပေါ့နော်။ ဒီဆေးပေးလို့ ထူးခြားမှုရှိတဲ့အခြေအနေမျိုး ဖြစ်ရမယ်။ သိပ်လက်လွန်သွားရင်လည်း ထူးခြားမှုမရှိတော့ဘူး။ သိပ်ပြီး ဆိုးဆိုးဝါးဝါးမဖြစ်ရင်လည်း သူက ထူးခြားမှုမရှိဘူး။ နောက်တခုက ဆေးပေးခံရမယ့်သူရဲ့ အသည်းတွေ ကျောက်ကပ်တွေ ကောင်းရမယ်။ နဂိုထဲကအသည်းတွေ ကျောက်ကပ်တွေ မကောင်းထားတဲ့သူက ဘယ်လိုမှ ပေးလို့မရဘူး။ သူက နှလုံးကို သိပ်ဒုက္ခမပေးဘူး။ အသည်းနဲ့ ကျောက်ကပ်ကို သွားထိတာ။ ဆေးအသစ်အဆန်း တို့ ဆေးအုပ်စု ထူးထူးခြားခြားတို့ဆိုရင် သူက အဲဒီဆေးတွေကို ခန္ဓာကိုယ်က အသည်းနဲ့ကျောက်ကပ်က ပြန်ထုတ်ရတာ။ အသည်းနဲ့ကျောက်ကပ် မကောင်းရင် အဲမှာ ဒုက္ခရောက်ရော။ အသည်းနဲ့ကျောက်ကပ်ကို ကြည့်တာတင်မကဘဲ ခန္ဓာကိုယ်မှာ ရှိတဲ့ အင်ဇိုင်းတွေများလာလားပေါ့ ခန္ဓာကိုယ်မှာ ကိုယ်တွင်းအင်္ဂါ ထိခိုက်ပျက်စီးရင်များတတ်တဲ့ အင်ဇိုင်းတွေရှိတော့ အဲဒါတွေ မများလာမှ အဲဒါတွေမထိခိုက်မှ ပေးလို့ရတာ။ တောက်လျှောက်တော့ စောင့်ကြည့်နေရတယ် အနီးကပ်။ အဆင့်တခုကျော်ပြီး အောက်စီဂျင် ပြုတ်ကျလာပြီ တော်တော်လေး နေမကောင်းဖြစ်လာတယ်ဆိုတော့မှ အရမ်းလက်မလွန်ခင်မှာ မြန်မြန်လေး ဒီဆေးကို ပေးရတယ်။ ခုလောလောဆယ်မှာ မြန်မာပြည်မှာ လိုအပ်တယ်။ဆေးလည်းခံနိုင်တယ်ဆိုတဲ့ လူတွေကို နိုင်နိုင်နင်းနင်းသုံးနိုင်တဲ့ အနေအထားရှိပါတယ်။”

မြောက်ဥက္ကလာပ ပြည်သူ့ဆေးရုံ အရေးပေါ်ဌာနက ဦးဆောင်ဆရာဝန်ကြီးဖြစ်တဲ့ ပါမောက္ခ ဒေါ်ခိုင်ရွှေဝါ ကို RFA ဆက်သွယ်မေးမြန်းရာမှာ ဒီဆေးကို သူတို့ဆေးရုံမှာလည်း သုံးစွဲနေပြီး လိုအပ်တဲ့ သွေးစစ်မှုတွေကို သူတို့လုပ်ဆောင်ပေးနေတယ်လို့ ပြောပါတယ်။

“အရင်ဖောက်တဲ့သွေးအပြင် နောက်ထပ် သုံးဖို့အတွက်ပေါ့နော်။ ကျမတို့အရင်က ဖောက်တဲ့သွေးအပြင် အခုဆိုရင် သူ့အတွက်ကြောင့် liver function and renal function  ဖြစ်တဲ့ creatinine ကို ဆရာမတို့  တိုးဖောက်ပေးလို့ရလားဆိုတော့ ဖောက်ပေးလို့ရတယ်ပေါ့၊ သွေးဖောက်တဲ့အချိန်မှာ ပိုစုပ်လိုက်ရတာပဲလေ။ ဒီဆေးကို သုံးမယ်ဆိုရင် အသည်းတွေ ကျောက်ကပ်တွေ ကောင်းရဲ့လားဆိုပြီး အသည်း ကျောက်ကပ်တွေရဲ့ လုပ်ဆောင်ချက်တွေ function တွေကို စစ်တဲ့ test လေးတွေကို ကျမတို့တခါတည်းဖောက်ပြီး စစ်ပေးလိုက်တာပေါ့"

လောလောဆယ်ဆယ်မှာ ရန်ကုန်တိုင်းက ဆေးရုံတိုင်းမှာတော့ ဒီဆေးမရှိသေးဘူးလို့ သိရပါတယ်။ ပိုမိုကျယ်ကျယ်ပြန့်ပြန့် သုံးနိုင်အောင် ပုဂ္ဂလိက ဆေးကုမ္ပဏီတွေက အလှူရှင်တွေအကူအညီနဲ့ ဒီဆေးကို ပြည်ပက သွင်းဖို့ ကြိုးစားနေပါတယ်။ K Medical Co. က ဒေါက်တာ ကျော်မင်းထွန်းက ….

“ကျနော်တို့က zero profit နဲ့ သွင်းပေးမယ်။ ကျနော်တို့အတွက် အမြတ်လုံးဝမယူဘူး။ အရင်းအတိုင်းပဲ သွင်းပေးမှာ။ ကျနော်တို့က တဖက်ကလည်း အလှူရှင်တွေ ရှာပေးမယ်။ အလှူရှင်တွေဆီက ရတဲ့ အလှူငွေတွေနဲ့ သွင်းပေးမယ်။ တလုံးကို အိန္ဒိယက ဆိုရင် ကန် ၄၅ ဒေါ်လာရှိတယ်။ အမေရိက ကဆိုရင် တလုံး ဒေါ်လာ ၅ဝဝ လောက်ရှိတယ်။ အမေရိက ကတော့ ကျနော်တို့ မသွင်းနိုင်ဘူးပေါ့နော်။ သွင်းမယ်ဆိုရင် အိန္ဒိယက သွင်းပေးမယ်။ ဒါပေမယ့် လောလောဆယ်တော့ အစိုးရဆီက ခွင့်ပြုချက်တောင်းဖို့ ရှိတယ်”

ဒေါက်တာကျော်မင်းထွန်းက အစိုးရနဲ့ ပုဂ္ဂလိက ကျန်းမာရေးဌာနက ပုဂ္ဂိုလ်တွေကို  သူတို့ ဆက်သွယ်မေးမြန်းနေပါတယ်။ မကြာခင် ဒီဆေးကို တင်သွင်းပြီး ပြည်သူတွေကို ကူညီခွင့်ရဖို့ မျှော်လင့်ပါတယ်လို့လည်း RFA ကို ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။