စစ်အာဏာသိမ်းမှုကြောင့် ကလေးငယ် တစ်သန်းနီးပါး ပုံမှန်ကာကွယ်ဆေးထိုးခွင့် ဆုံးရှုံးနေ
2021.07.09
စစ်အာဏာသိမ်းမှုရဲ့ နောက်ဆက်တွဲ ဆိုးကျိုးအနေနဲ့ မြန်မာတစ်နိုင်ငံလုံးက ကလေးငယ်တွေအတွက် အရေး ကြီးတဲ့ ပုံမှန်ကာကွယ်ဆေးထိုးလုပ်ငန်းတွေ ရပ်ဆိုင်းလုနီးပါးဖြစ်နေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကျန်းမာရေးဝန်ထမ်းတွေက ပြောပါတယ်။
ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ UNICEF ကလည်း စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပုံမှန်ထိုးပေးနေကျ ကာကွယ်ဆေးထိုးလုပ်ငန်းတွေ ထိခိုက်နစ်နာနေတာကြောင့် မြန်မာနိုင်ငံက ကလေးသူငယ် တစ်သန်းနီးပါး အတွက် အလွန်အမင်း စိုးရိမ်မိတယ်လို့ ပြီးခဲ့တဲ့မေလအတွင်း RFA ကို အီးမေးလ်ကတဆင့် ပြောကြားခဲ့ ပါတယ်။
အာဆီယံဒေသမှာ အသက် ၅ နှစ်အောက် ကလေးသေဆုံးမှု အများဆုံးနိုင်ငံတစ်ခုဖြစ်တဲ့ မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီးနောက်ပိုင်း မွေးကင်းစကနေ အသက် ၁၀ နှစ်အထိ ကလေးငယ်တွေ အားလုံးနီးပါး ပုံမှန်ထိုးနေကြ ကာကွယ်ဆေးတွေ ထိုးခွင့်မရဘဲ အခက်အခဲဖြစ်နေတယ်လို့ မိခင်တွေက ပြောကြပါတယ်။
ပြီးခဲ့တဲ့မေလကစပြီး ကယားပြည်နယ်ဖြစ်ပွားတဲ့ စစ်ကောင်စီတပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေရဲ့ တိုက်ပွဲတွေကြောင့် စစ်ဘေးဒုက္ခသည်စခန်းမှာ ခိုလှုံနေရတဲ့ အသက် ၁ နှစ် ၄ လအရွယ် သမီးလေးကို ကာကွယ်ဆေးမထိုးဖြစ်ခဲ့ဘူးလို့ ဒီးမော့ဆိုမြို့နယ်က စစ်ဘေးဒုက္ခသည် မိခင်တစ်ယောက်က RFA ကို ပြောပါတယ်။
"တစ်နှစ်လေးလအရွယ်ကလေးကို ဆယ်လတုန်းက တစ်ခေါက်ထိုးသေးတယ်လေ။ ၆ လပိုင်း တစ်ခေါက် ထိုးဖို့ရှိတယ်။ ဒီအတောတွင်းပဲ။ တစ်ခေါက်ထိုးရဦးမယ်လို့ ဆရာမကမှာထားတယ်။ မထိုးဖြစ်တော့ဘူး။ အဲ့လို ဟိုပြေး ဒီပြေးဖြစ်နေတော့ မထိုးဖြစ်တော့ဘူး။ အခု ၁ နှစ်ကျော်ဆိုတော့ တအားစိတ်ပူတာမျိုးတော့ မရှိတော့ မရှိဘူး။ ဒါပေမဲ့ ထိုးလိုက်ရင်တော့ ပိုအဆင်ပြေမယ်ထင်တယ်။ အရင်လည်း ထိုးပေးနေကြ ဆိုတော့။ တစ်ခုခုဖြစ်ခဲ့ရင် စိတ်ပူစရာဖြစ်သွားတာပေါ့။"
စစ်တပ်က လူနေအိမ်တွေဘက်ကိုပါ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် ဘေးလွတ်ရာကို ဝရုန်းသုန်း ကား ထွက်ပြေးခဲ့ရတဲ့အတွက် ကျန်းမာရေးဌာနကပေးထားတဲ့ သူ့ကလေးအတွက် ကာကွယ်ဆေးထိုးရမယ့် အစီအစဉ် စာရွက်တွေကိုလည်း မယူနိုင်ခဲ့ဘူးလို့ ဆိုပါတယ်။
တိုက်ပွဲတွေဖြစ်နေတဲ့ ကယားပြည်နယ် ဒီးမော့ဆိုမြို့မှာ လောလောဆယ် စစ်ဘေးရှောင်ပြည်သူ တစ်သိန်း ကျော်ရှိနေပြီး၊ အဲဒီအထဲမှာ မွေးကင်းစကလေးနဲ့ သက်ကြီးရွယ်အိုတွေလည်း ပါဝင်ပါတယ်။
ပုံမှန်ဆိုရင် တိုင်းနဲ့ပြည်နယ်အသီးသီးက ဆေးရုံတွေ၊ မိခင်နဲ့ကလေးစောင့်ရှောက်ရေးဌာနတွေ၊ ကျေးလက် ဒေသန္တရဆေးပေးခန်းတွေကနေ ကလေးတိုင်းအတွက် မဖြစ်မနေထိုးရမယ့် ပုံမှန်ကာကွယ်ဆေးတွေကို ထိုးပေးနေတာဖြစ်ပြီး၊ တချို့မြို့နယ်တွေမှာတော့ ရပ်ကွက်၊ ကျေးရွာတွေက ဓမ္မာရုံတွေမှာတောင် လူစုပြီး ကျန်းမာရေးဝန်ထမ်းတွေက ကာကွယ်ဆေးထိုးပေးလေ့ရှိတယ်လို့ ကယားပြည်နယ်က မိခင်အချို့က ပြောပြကြပါတယ်။
"တချို့ဆေးတွေက အပြင်မှာ ဝယ်မရဘူးပြောတယ်။"
မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ NLD အစိုးရလက်ထက် ၂၀၂၀ ပြည့်နှစ် မတ်လ ကိုရိုနာဗိုင်းရပ်စ် စကူးစက်ခံရချိန်တုန်း ကလည်း ကလေးတွေအတွက် ပုံမှန်ကာကွယ်ဆေးထိုး ဆေးတိုက်အစီအစဉ်တွေကို ဧပြီ ၁ ရက်ကစပြီး ယာယီ ရပ်ဆိုင်းခဲ့ဖူးပါတယ်။
ဒါပေမဲ့ နှစ်လအကြာ ဇွန်လ ၁ ရက်နေ့ကစပြီး ကိုဗစ်ကာကွယ်ရေးနည်းလမ်းတွေနဲ့အညီ ဗဟို၊ တိုင်း၊ ပြည် နယ်၊ ခရိုင်၊ မြို့နယ် အဆင့်ဆေးရုံတွေမှာ တစ်ရက်ကို ကလေး ၅၀ နှုန်း သတ်မှတ်ပြီး အသက် ၁၀ နှစ်အောက် ကလေးတွေအတွက် တီဘီဦးနှောက်အမှေးရောင်၊ မေးခိုင်၊ ပိုလီယို၊ ဝက်သက်၊ ဆုံဆို့ကြက်ညှာ၊ အသည်း ရောင်အသားဝါ (ဘီ) စတဲ့ ရောဂါတွေအတွက် ပုံမှန်ထိုးနေကြ ကာကွယ်ဆေးထိုး ဆေးတိုက်တာတွေကို လုပ်ပေးနိုင်ခဲ့ပါတယ်။
ဒါပေမဲ့ စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြို့နယ်နဲ့ ကျေးရွာတော်တော်များများမှာ ဆေးရုံတွေ၊ ဒေသန္တရ ဆေးခန်းတွေ မဖွင့်တာ၊ ကျန်းမာရေးဝန်ထမ်းအများစုက အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM မှာ ပါဝင်နေကြတာကြောင့် ကလေးတွေ ကာကွယ်ဆေးထိုးဖို့ အခက်ခဲတွေဖြစ်နေတာလို့ လုံခြုံရေးအရ အမည် မဖော်လိုတဲ့ ဆရာဝန်တွေ၊ ကျေးလက်ဆေးပေးခန်း သူနာပြုတွေနဲ့ မိခင်တွေက ပြောပါတယ်။
ရန်ကုန်မြို့က အသက် ၁ နှစ် ၃ လ အရွယ် သားတစ်ယောက်မိခင် မပြည့်ပြည့် ကတော့ လာမယ့်ဩဂုတ်လမှာ ထိုးရမယ့် သူ့ကလေးအတွက် ကာကွယ်ဆေးကို ဘယ်မှာထိုးရမှန်းမသိတာကြောင့် ခက်ခက်ခဲခဲ စုံစမ်းနေ ရတယ်လို့ ပြောပါတယ်။
"သူတို့ ဖွင့်လား မဖွင့်လားတော့ မမေးရသေးဘူး။ တကယ်လို့ မရဘူးဆိုရင် တစ်ချက်မေးပြီးတော့ အပြင် မှာ ထိုးရမလား စဉ်းတော့စဉ်းစားထားတယ်။ ဒါပေမဲ့ မလွယ်လောက်ဘူး။ အပြင်မှာလည်း တခါမှမဝယ် ဖူးဘူးဆိုတော့လေ။ တော်တော်များများက အပြင်မှာ မထိုးကြဘူးလေ။ အစိုးရက ထိုးပေးတာပဲ ထိုးရတာ။ တချို့ဆေးတွေက အပြင်မှာ ဝယ်မရဘူးပြောတယ်။ ဒီဆေးတွေဆိုရင်တော့ အပြင်မှာဝယ်လို့ မရလောက် ဘူးထင်တယ်။"
မြန်မာနိုင်ငံမှာ မွေးကင်းစကနေ ၁ နှစ်ခွဲအထိ ကလေးငယ်တွေအတွက် ကာကွယ်ဆေး ၁၂ မျိုး၊ မိန်းကလေး တွေအတွက်ဆိုရင် သားအိမ်ခေါင်းကင်ဆာရောဂါအတွက် ကာကွယ်ဆေး တစ်မျိုး ထပ်ထိုးရတာကြောင့် စုစု ပေါင်း ကာကွယ်ဆေး ၁၃ မျိုးရှိတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
ကျန်းမာရေးဌာနက သတ်မှတ်ထားတဲ့ ကာကွယ်ဆေးထိုးရမယ့်အစီအစဉ်ထဲမှာ တစ်နှစ်ခွဲကလေးတွေကို ဝက်သက်၊ ဂျိုက်သိုး၊ ဆုံဆို့နာ၊ ကြက်ညှာ၊ မေးခိုင် အသည်းရောင်အသားဝါ(ဘီ)၊ ဦးနှောက်အမြှေးရောင်/ အဆုတ်ရောင်ရောဂါတွေအတွက် ထိုးပေးရမှာဖြစ်ပါတယ်။
အဲဒီအထဲမှာမှ ကလေးတွေအတွက် ဦးနှောက်အမြှေးရောင်ကာကွယ်ဆေးက ပိုအရေးကြီးပြီး တစ်နှစ်အောက် မှာ မထိုးခဲ့ဘူးဆိုရင် ၅ နှစ်အတွင်းမှာ ဦးနှောက်တီဘီ အမြှေးရောင်နဲ့ တခြားဆိုးဝါးတဲ့ တီဘီရောဂါတွေ ဖြစ် နိုင်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရှမ်းပြည်နယ်တောင်ပိုင်းက သားဖွားဆရာမတစ်ယောက်က RFA ကို ပြောပါတယ်။
"အဲအထဲမှာမှ တီဘီ၊ ဦးနှောက်အမြှေးရောင်ကာကွယ်ဆေးက အရေးကြီးတယ်။ ဘာလို့ဆိုတော့ အဲဆေး တွေက အသက် ၁ နှစ်အောက်ကလေးတွေမှာ ထိုးမှ ထိရောက်တယ်။ ပိုပြီးကာကွယ်နိုင်တယ်၊ ပိုပြီး အာနိသင်ရှိတယ်ပေါ့နော်။ အခုအခြေအနေတွေကြောင့် ပုံမှန်ကာကွယ်ဆေးတွေ မထိုးရတဲ့အပေါ် အသက် ၅ နှစ်အောက်အရွယ်မှာ ဦးနှောက်တီဘီရောဂါနဲ့ တခြားဆိုးဝါးတဲ့ တီဘီရောဂါတွေ ဖြစ်နိုင်တယ်။ ဒါကို ကလေးတွေအတွက် စိုးရိမ်မိတယ်ပေါ့နော်။ ဒီအချိန်မှာပေါ့။"

တိုင်းပြည်ပုံမှန်အခြေအနေမှာဆိုရင်တော့ ကလေးတွေ ကာကွယ်ဆေးထိုးဖို့အတွက် လိုအပ်တဲ့ဆေးဝါးမျိုးစုံကို ကျန်းမာရေးဌာနအဆင့်ဆင့်ကနေ ထုတ်ယူ၊ ဆေးထိုးရမယ့် မြို့နယ်တွေမှာ ပြန်သိုလှောင် စတဲ့လုပ်ငန်း အဆင့်ဆင့်ကို သက်ဆိုင်ရာဌာနတွေအချင်းချင်း ချိတ်ဆက်ပူးပေါင်း လုပ်ကိုင်လေ့ရှိတယ်လို့ သူက ဆိုပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း အခု ငါးလကျော်ကြာလာချိန်မှာတော့ အဲဒီလို ချိတ်ဆက်ဆောင်ရွက်မှု အားလုံး နီးပါး ပျက်စီးပြတ်တောက်ကုန်တာကြောင့် ကလေးသူငယ်ကျန်းမာရေးစောင့်ရှောက်မှုက ပိုခက်ခဲပြီး ဆေးဝါး ရဖို့ ပိုလိုအပ်နေတဲ့အပြင် ရာသီအလိုက်ဖြစ်ပွားလေ့ရှိတဲ့ သွေးလွန်တုတ်ကွေးနဲ့ ဝမ်းပျက်ဝမ်းလျောလို ရောဂါ တွေအတွက်လည်း ဆေးဝါးတွေ လိုအပ်နေတယ်လို့ အဲဒီသားဖွားဆရာမက ပြောပါတယ်။
ဒီကိစ္စတွေနဲ့ပတ်သက်ပြီး ကျန်းမာရေးဝန်ကြီးဌာနရဲ့ တုံ့ပြန်ချက်သိနိုင်ဖို့အတွက် နေပြည်တော်ရှိ ကျန်းမာ ရေးနဲ့ အားကစားဝန်ကြီးဌာန၊ ဗဟိုမိခင်နဲ့ကလေးစောက်ရှောက်ရေးဌာနကို RFA က ဖုန်းခေါ်မေးမြန်းခဲ့ ပေမယ့် လက်ခံဖြေကြားတာမျိုး မရှိပါဘူး။
ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ ကလေးများရန်ပုံငွေအဖွဲ့ UNICEF ရဲ့ ဇွန် ၂၃ ရက် ထုတ်ပြန်ချက်မှာလည်း ကလေးငယ် တစ်သန်းနီးပါးဟာ ပုံမှန်ကာကွယ်ဆေးတွေ မရနိုင်တော့တဲ့အပြင်၊ ကလေးသူငယ် ငါးသိန်းက ဗီတာမင်(အေ) ဖြည့်စွက်ဆေးတွေ လက်လွတ်ဆုံးရှုံးနေပြီး ကူးစက်ရောဂါတွေနဲ့ ပြင်းထန်တဲ့အခြေအနေတွေ မှာ မျက်လုံးကွယ်တဲ့အထိ ဘေးအန္တရာယ် ကျရောက်စေနိုင်တယ်လို့ ဖော်ပြထားပါတယ်။
ဒါကြောင့် UNICEF အနေနဲ့ မြန်မာနိုင်ငံက ကလေးငယ်တွေအတွက် လိုအပ်တဲ့ ပုံမှန်ကာကွယ်ဆေးတွေ ပြန်ရပြီး ထိုးပေးနိုင်ဖို့အတွက် မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ လက်တွဲလုပ်ကိုင်နေတယ်လို့လည်း အဲဒီထုတ်ပြန် ချက်မှာ ဖော်ပြထားပါတယ်။