Covid-19 ကူးစက်ခံရသူ သန်းနှစ်ရာကျော်ရှိနေကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ပြော

ဦးသစ်ဆင်း (ဝါရှင်တန် ဒီစီ)
2021.08.07

ပြီးခဲ့တဲ့ နှစ်လအတွင်း တကမ္ဘာလုံး နိုင်ငံပေါင်း ၂၀၀ နီးပါးမှာ Covid-19 ကူးစက်ခံရသူ သန်းနှစ်ရာကျော် ရှိခဲ့ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က အတည်ပြုခဲ့ပါတယ်။

ကူးစက်မှုကြောင့်သေဆုံးသူ လေးသန်းကျော်၊ အသစ်ကူးစက်ခံရသူပေါင်း အခုထိ ခြောက်သိန်းရှစ်သောင်း ကျော် ရှိနေပါတယ်။ အမေရိကန် ပြည်ထောင်စု၊ အိန္ဒိယနဲ့ ဘရာဇီးမှာ ကူးစက်မှုအများဆုံးဖြစ်ပြီး၊ သူတို့ နောက်မှာ ပြင်သစ်၊ ရုရှား၊ ဗြိတိန်နဲ့ တူရကီနိုင်ငံတွေရှိနေတာပါ။

ကူးစက်မှုကပ်ဘေးကို ကျော်လွှားနိုင်ရေးအတွက် ကာကွယ်ဆေးတွေလည်း နိုင်ငံအလိုက် ထုတ်လုပ်နေကြ ပါတယ်။ ဗြိတိန်နိုင်ငံထုတ် Oxford-AstraZeneca ကာကွယ်ဆေးကို အသုံးအများဆုံးဖြစ်ပြီး၊ နိုင်ငံပေါင်း ၁၇၄ နိုင်ငံမှာ သုံးစွဲနေပါတယ်။ သူ့နောက်မှာ Pfizer-BioNTech၊ Sinopham Moderna၊ Sputnik V၊ Sinovac စတဲ့ ကာကွယ်ဆေး ၁၄ မျိုးလောက်ရှိပါတယ်။ တရုတ်ပြည်က ထုတ်လုပ်တဲ့ Sinopham နဲ့ Sinovac ကာကွယ်ဆေး နှစ်မျိုးကို အရေးပေါ် အခြေအနေမှာ အသုံးပြုဖို့၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က အတည် ပြုထားပြီး၊ တရုတ်ပြည်နဲ့ ကမ္ဘာ့နိုင်ငံ အများအပြားမှာ သုံးစွဲနေပြီလို့ သတင်းတွေမှာ ဖော်ပြပါတယ်။ တရုတ် ကာကွယ်ဆေးတွေကို ကမ္ဘာ့ကာကွယ်ဆေးစာရင်းမှာ အတည်ပြု လက်မှတ်ရေးထိုးထားပြီး၊ ဆင်းရဲတဲ့ နိုင်ငံတွေကို ဖြန့်ဖြူးပေးဖို့ ရည်ရွယ်ထားကြောင်းလည်း ပြောပါတယ်။

တရုတ်ကာကွယ်ဆေး Sinovac ဟာ ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ်ကို အသုံးချပြီး ရောဂါပိုးကို တုံ့ပြန်တာဖြစ် တယ်လို့ ဆိုပါတယ်။ Sinovac ရဲ့ အားသာချက်တစ်ခုကလည်း Oxford-AstraZeneca ကာကွယ်ဆေးလိုပဲ၊ ရေခဲသေတ္တာထဲမှာ အပူချိန် ၂ ကနေ ၈ ဒီဂရီ အထိ ထားရှိနိုင်တာပါ။ Moderna ကာကွယ်ဆေးက အပူချိန် အနှုတ် ၂၀ ဒီဂရီ စင်တီဂရိတ်၊ Pfizer ကာကွယ်ဆေးက အပူချိန် အနှုတ် ၇၀ စင်တီ ဂရိတ်မှာ ထားရပါတယ်။ ဒါကြောင့် Sinovac နဲ့ the Oxford-AstraZeneca ကာကွယ်ဆေးတွေ အများအပြားထားသိုနိုင်တဲ့ အပူချိန်ဖြစ် တာမို့၊ ဖွံ့ဖြိုဆဲနိုင်ငံတွေအတွက် ပိုမိုအသုံးဝင်တာလည်း ဖြစ်ပါတယ်။

ချီလီနိုင်ငံရဲ့ အတွေ့အကြုံအရ Sinovac ဟာ Covid-19 တိုက်ချက်ရေးအတွက် ထိရောက်မှု ၆၅.၉ ရာနှုန်း၊ ဆေးရုံတက်နှုန်း ကျဆင်းရေးအတွက် ၈၇.၅ ရာနှုန်း၊ သေဆုံးနှုန်း ကာကွယ်ရေးအတွက် ၈၆.၃ ရာနှုန်း ထိရောက်မှုရှိကြောင်း သိရပါတယ်။ ဒါပေမဲ့ နောက်ထပ် ကူးစက်မှု ပိုး မျိုးကွဲ တစ်ခုဖြစ်တဲ့ Delta အသွင်ပြောင်း ပိုး အပေါ် ထိရောက်မှုအခြေအနေနဲ့ပတ်သက်လို့တော့ အသေးစိတ် မသိရသေးပါဘူး။

COVID-19 ကာကွယ်ဆေးဟာ ကျန်းမာရေးလုပ်သားတွေနဲ့ သက်ကြီးရွယ်အိုတွေကို ဦးစားပေးပြီး၊ အကန့် အသတ်နဲ့ ထုတ်လုပ်တာဖြစ်ပါတယ်။ အသက် ၁၈ နှစ်အောက်ကို မထိုးနှံသေးပါဘူး။ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေကို တခြားကျန်းမာရေး ပြဿနာမရှိရင် ထိုးနှံနိုင်ပြီး၊ အရင်က COVID-19 ကူးစက်ခံခဲ့ ရသူတွေလည်း ကာကွယ်ဆေးထိုးနှံနိုင်တယ်လို့ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပြောပါတယ်။

အခုအခါ ကမ္ဘာတဝှမ်း Covid-19 ကာကွယ်တိုက်ဖျက်ရေးအတွက် ကာကွယ်ဆေးပေါင်း ၁၄ မျိုး လောက်ရှိ နေရာမှာ၊ Oxford-AstraZeneca သုံးစွဲတဲ့ နိုင်ငံပေါင်း အများဆုံးဖြစ်ပြီး ၁၇၄ နိုင်ငံမှာ သုံးစွဲနေတာပါ။ Pfizer-BioNTech ဆေးကို ၁၀၂ နိုင်ငံ၊ Sinopharm ဆေးကို ၆၄ နိုင်ငံ၊ မိုဒါးနားကို ၅၂ နိုင်ငံ၊ Sputnik V ကို ၄၇ နိုင်ငံ၊ Sinovac ကို ၃၄ နိုင်ငံက သုံးစွဲနေကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။