ကိုရိုနာဗိုင်းရပ်စ် ကူးစက်နှုန်း မြင့်မားနေ

2022.02.14
ကိုရိုနာဗိုင်းရပ်စ် ကူးစက်နှုန်း မြင့်မားနေ လားရှိုးမြို့မှာ ၂၀၂၁ ဇူလိုင် ၂၁ ရက်က ကိုဗစ်ပိုးတွေ့လူနာတွေနဲ့ ဆက်စပ်သူတွေကို နှာခေါင်းအာခေါင်တို့ပတ် ယူနေစဉ်
Photo: RFA

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁၁ ရက်နဲ့ ၁၂ ရက်ကြား ၂၄ နာရီအတွင်း ကိုဗစ်ပိုးတွေ့ လူနာပေါင်း ၁၇၈၇ ဦးအထိရှိခဲ့တယ်လို့ စစ်ကောင်စီရဲ့ ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန် ထားတဲ့စာရင်းမှာ ဖော်ပြထားပါတယ်။

ဒီပမာဏကိုကြည့်ရင် တစ်ပတ်အတွင်း ကူးစက်ခံ ရတဲ့သူဦးရေ စံချိန်တင် မြင့်တက်ခဲ့တာဖြစ်ပါတယ်။ ပိုးတွေ့သူအများဆုံးက ရန်ကုန်တိုင်း မှာဖြစ်ပြီး ဖေဖော်ဝါရီ ၁၂ ရက်က တစ်ရက်တည်းမှာတင် ၉၀၀ ကျော် တွေ့ရတယ်လို့ ထုတ်ပြန်ထားပါတယ်။

ဖေဖော်ဝါရီလဆန်းပိုင်းရဲ့ သီတင်းပတ်အစမှာ ပိုးကူးစက်ခံရသူ ၃၀၀ ကျော်ပဲရှိခဲ့ပါတယ်။ ဒါကြောင့် အခုဆိုရင် ကူးစက်နှုန်း ခြောက်ဆအထိ မြင့်တက်သွားတာကို အဲဒီထုတ်ပြန်ချက် မှာ တွေ့ရပါတယ်။

ဖေဖော်ဝါရီ ၆ ရက်ကနေ ဖေဖော်ဝါရီ ၁၂ ရက်အထိ တစ်ပတ်အတွင်းမှာတော့ လူပေါင်း ၈၀၀၀ ကျော် ကူးစက်ခဲ့တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ စာရင်းမှာ တွေ့ရပါတယ်။ အဲဒီအချက်အလက်တွေဟာ အိမ်ထဲမှာတင် ဆေးကုသနေတဲ့ ကိုဗစ်ကူးစက်သူတွေ မပါဝင်သေးတာကြောင့် လက်တွေ့မှာ ကူးစက်လူနာ ဒီထက်ပိုများပြားနိုင်တဲ့ အနေ အထားမှာရှိနေပါတယ်။

စစ်အာဏာသိမ်းပြီးနောက် ကိုဗစ်စစ်ပေးမယ့် လူအင်အား လုံလုံလောက်လောက်မရှိလို့ အခုဖြစ်နေတဲ့ ကိုဗစ်ဟာ ဘာအမျိုးအစားလဲဆိုတာ သေချာမပြောနိုင်ဘူးလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရန်ကုန်မြို့ခံ ဆရာဝန်တဦးက ပြောပါတယ်။

"မြို့နယ်တိုင်းမှာလည်း Fever Clinic တွေမရှိတော့ဘူး၊ ဆေးရုံတွေမှာလည်း fever corner တွေ သိပ်ပြီးတော့ အလုပ်လုပ်နေတာ မရှိတော့ အခြေခံ ကျန်းမာရေးတွေဖြစ်တဲ့ GP ဆေးခန်းတွေ၊ ပြင်ပဆေးရုံတွေကပဲ လက်ခံကုသပေးရတဲ့သဘော ဖြစ်နေတယ်၊ မြေပြင်မှာကျတော့ စစ်ဖို့မလွယ်တော့ Omicron လား Delta လားမသိရဘူး၊ ကိုဗစ် ရှိ၊မရှိဆိုတာပဲ သိရတယ်။ ဒီ နှစ်လပိုင်းထဲမှာ ကိုဗစ်လှိုင်းတစ်ခုထပ်တက်လာတဲ့ အနေအထားကိုမြင်နေရတယ်"

ကူးစက်နှုန်းများနေတာကြောင့် ဆေးခန်းတချို့ ပိတ်ထားရတဲ့ အခြေအနေအထိဖြစ်ရ တယ်လို့ ကိုဗစ်ကူးစက်ခံထားရတဲ့ ရန်ကုန်မြို့ခံတစ်ယောက်က ပြောပြပါတယ်။

“သေချာကြည့်လိုက်တော့ အစ်မတို့ ရပ်ကွက်ထဲ၊ လမ်းထဲမှာ တစ်လမ်းလုံးကိုဖြစ်နေတာ ဒီလိုပဲ အိမ်တံခါးတွေ ပိတ်ထားပြီးတော့။ ဆေးခန်းတွေဆိုလည်း လူများလို့ သွားလို့ တောင်မရဘူး။ နေ့လယ် နှစ်နာရီဆိုရင် ပိတ်ချလိုက်ပြီ။ ညနေပိုင်းဖွင့်တဲ့ ဆေးခန်းတွေ ဆိုရင်လည်း အယောက် ၂၀၊ ၃၀ လောက် တန်းစီနေတာ အများကြီးပဲ။ တချို့တွေက ဆေးမြီးတိုနဲ့ ကုတယ်။ ကိုယ့်မှာရှိတဲ့ ဆေးပဲသောက်ပြီးတော့ပဲ နေကြတယ်ပေါ့။ အွန်လိုင်းပေါ်ကနေ ဆရာဝန်တွေရဲ့ လမ်းညွှန်ချက်တွေ၊ သူတို့တွေနဲ့ အခမဲ့ဆွေးနွေး ပြီးတော့ပဲ ဆေးဝယ်ပြီး သောက်ကြတယ်။ ဆေးခန်းလည်း သွားတဲ့သူသွားတယ်။ တခြားဟာတော့ သိပ်ပြီး မလုပ်ကြဘူး”

ကိုဗစ်ကာကွယ်ဆေး နှစ်ကြိမ် ထိုးထားပြီးပေမဲ့ အခုလိုကူးစက်ခံရတာပဲလို့ သူကပြော ပါတယ်။

လက်ရှိရင်ဆိုင်နေရတဲ့ ကိုဗစ်မျိုးကွဲ အိုမီခရွန် (Omicron) ဗိုင်းရပ်စ်ဟာ အရင်တတိယ လှိုင်းတုန်းက ကြုံတွေ့ခဲ့ရတဲ့ ဒယ်လ်တာ (Delta) ဗိုင်းရပ်စ်လို လက္ခဏာ ပြင်းထန်မှု မရှိပေမဲ့ အဝလွန်သူတွေ၊ ရောဂါ အခံရှိသူတွေဟာ သေဆုံးတဲ့အထိ ကြုံတွေ့ရနိုင်တယ်လို့ အမည်မဖော်လိုတဲ့ ဆရာဝန်တွေက ပြောထားပါတယ်။

ဒီအတွက် ကာကွယ်ဆေးထိုးထားသူတွေဟာ မထိုးထားသူတွေထက် အိုမီခရွန် (Omicron) ဗိုင်းရပ်စ်ကို ခုခံနိုင်စွမ်းရှိပေမဲ့ ရောဂါဖြစ်ပြီးတဲ့ တစ်ပတ်အထိ အိမ်အပြင်မထွက်သင့်ဘူးလို့ အကြံပြုထားကြပါတယ်။

တဘက်မှာလည်း ကိုဗစ် တတိယလှိုင်းတုန်းက ဈေးကြီးပေးဝယ်ခဲ့ရတဲ့ဆေးတွေဟာ အရင် ကလောက် ဈေးမြင့်တက်တာမျိုးမရှိသလို ဝယ်ယူသူပမာဏဟာလည်း ငါးပုံ တစ်ပုံပဲ ရှိနေတယ်လို့ ရန်ကုန်မြို့က ဆေးဆိုင်တစ်ဆိုင်က ပြောပြပါတယ်။

“ရောင်းအားက သိပ်ပြီး မထူးခြားဘူး။ ၁၀ ရာခိုင်နှုန်း၊ ၂၀ ရာခိုင်နှုန်းလောက်ပဲ တက် တယ်။ ဒါပေမဲ့ အများကြီးမဟုတ်ဘူး။ သုံး၊ လေးရက်လောက်နေရင် ပြီးသွားရော။ တအားကြီး လူတွေလည်းထိတာ သိပ်ပြဿနာမကြီးတော့ တော်သေးတာပေါ့ ဒီတစ် ခေါက်က။ ဈေးကလည်း မတက်ဘူး။ ဘာဖြစ်လို့လည်းဆို အရင်ကဆို ပုံမှန်ရောင်းရတာ ထက် ငါးဆလောက်သွားတာကို။ အခုဟာက ပုံမှန်ရောင်းရတာရဲ့ ၂၀ ရာခိုင်နှုန်းက အများဆုံးပဲ”

လက်ရှိ အိုမီခရွန် (Omicron) ဗိုင်းရပ်စ်ဟာ အရင်ဗိုင်းရပ်စ်လို ရောဂါပြင်းထန်မှုမရှိ တာကြောင့် အကိုက်အခဲပျောက်ဆေး၊ နှာဆေး၊ ချောင်းဆိုးပျောက်ဆေးတွေကိုသာ အဓိကထား ဝယ်ယူနေကြတယ်လို့ ပြောပါတယ်။

"တချို့တွေက ဆေးမြီးတိုနဲ့ ကုတယ်။ ကိုယ့်မှာရှိတဲ့ ဆေးပဲသောက်ပြီးတော့ပဲ နေကြတယ်ပေါ့"

မနှစ်ကဖြစ်ခဲ့တဲ့ ကိုဗစ်ကြောင့် သေဆုံးလူနာ လိုက်ပို့ရတာမျိုး အခုချိန်မှာ မရှိသေးဘူးလို့ ရန်ကုန်မြို့က မေတ္တာသင်္ဃဟ နာရေးကူညီမှုက ဦးမင်းဒင်က ပြောပါတယ်။

“ပို့ရတဲ့အနေအထားက အရင်ကဆို Positive ထွက်ရင် ထိတွေ့လူနာတွေကို ထပ်ပို့ ရတယ်ဗျာ။ အခုဟာက သာမာန် ပုဂ္ဂလိက ဆေးခန်းလေးတွေမှာတောင်မှ လက္ခဏာ တူတယ်ဆို ဆရာမတွေက ဒီအတိုင်းပဲ Swap ယူလိုက်တယ်ဗျာ။ Positive သွားတွေ့ရင် အိမ်မှာ ခွဲနေပေးပါ။ ဆေးသောက်ပါ။ ဒါနဲ့ပဲ ပြီးနေကြတာလေ။ အခု Positive ဆိုတာ တွေက နိုင်ငံခြားသွားဖို့ ဆေးစစ်တဲ့သူတွေ၊ မဖြစ်မနေပေါ့ MOHS နဲ့ ဆက်စပ်ပြီး ဆေးစစ်တဲ့သူတွေလောက်ပဲ တွေ့တာပါဗျ။ ကျန်တဲ့သူတွေကတော့ အသိစိတ်ဓာတ်ရှိရှိ ကျွန်တော်၊ ကျွန်မ Positive ရှိပါတယ်ဆိုပြီး အာဏာပိုင်အဖွဲ့တွေ၊ ကျွန်တော်တို့ အသင်းအဖွဲ့တွေနဲ့ လာပို့တာမျိုး မရှိတော့ပါဘူး”

ရန်ကုန်မြို့က လူမှုကူညီရေးအသင်းတွေအနေနဲ့ အကူအညီတောင်းခံလာရင် ကူညီပေးဖို့ ပြင်ဆင်ထားတယ်လို့ ဆိုကြပါတယ်။

(လားရှိုးမြို့မှာ ၂၀၂၁ ဇူလိုင် ၃၀ ရက်နေ့က ကျန်းမာရေးဌာနက အသက် ၆၅ နှစ်အထက် သက်ကြီးရွယ်အိုတွေကို ကိုဗစ်ကာကွယ်ဆေး ထိုးပေးစဥ်) Photo: RFA
(လားရှိုးမြို့မှာ ၂၀၂၁ ဇူလိုင် ၃၀ ရက်နေ့က ကျန်းမာရေးဌာနက အသက် ၆၅ နှစ်အထက် သက်ကြီးရွယ်အိုတွေကို ကိုဗစ်ကာကွယ်ဆေး ထိုးပေးစဥ်) Photo: RFA

အခုအခြေအနေနဲ့ ပတ်သက်ပြီး ကြိုတင်ပြင်မှုတွေလုပ်ထားသလို၊ အရေးပေါ်တုံ့ပြန်ရေး အဖွဲ့တွေနဲ့ ဆောင်ရွက်နေတယ်လို့ စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ သန်းနိုင်စိုး က RFA ကိုပြောပါတယ်။

“ဆေးထိုးတဲ့အပိုင်းတွေကတော့ နေ့စဉ်နီးပါးလောက် ထုတ်ပြန်နေပါတယ်ခင်ဗျ။ ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ ဆောင်ရွက်ထားတာတွေလည်း ဟိုးဒီဇင်ဘာလလောက် ကတည်းက မီဒီယာတွေထဲမှာပါအောင် ကျွန်တော်တို့ ပြောလည်းပြောခဲ့ ရေးလည်း ရေးခဲ့ပါတယ် ခင်ဗျ။ အခုလတ်တလော တက်လာတဲ့အခြေအနေမှာလည်း အရေးပေါ် တုံ့ပြန်ရေး ဆောင်ရွက်ရေးအဖွဲ့တွေနဲ့ပေါ့နော်။ အဲဒီလိုဆောင်ရွက်နေတဲ့ဟာတွေလည်း ကျွန်တော်တို့ ထုတ်ပြန်ထားပါတယ်ခင်ဗျ”

စစ်ကောင်စီရဲ့ ကျန်းမာရေးဝန်ကြီးဌာနဟာ ရန်ကုန်မြို့က မြို့နယ်တချို့မှာ ကိုဗစ် ကာကွယ်ရေး ပညာပေးသီချင်းတွေ လိုက်ဖွင့်တာ၊ သတိပေးကြေညာတာတွေကို လုပ်ဆောင်နေပါတယ်။

ဒါပေမဲ့လည်း မြို့လယ်က ရပ်ကွက်တွေမှာသာ လိုက်လံကြေညာပြီး တခြားမြို့နယ်၊ ရပ်ကွက်တွေမှာတော့ ကြေညာတာမျိုး မရှိတာမို့ ထိထိရောက်ရောက် လုပ်ဆောင်တာမျိုး မရှိဘူးလို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။

ကိုဗစ်ကာကွယ်ဆေး နှစ်ကြိမ်ထိုးထားပြီးတဲ့သူ ဖေဖော်ဝါရီလ ၁၂ ရက်နေ့အထိ ၁၉ သန်း ကျော်ရှိပြီလို့ စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ တွေ့ရပါတယ်။

စစ်ကောင်စီထုတ်ပြန်တဲ့ စာရင်းတွေအရ ဖေဖော်ဝါရီလ ၁၄ ရက်နေ့ထိ မြန်မာနိုင်ငံမှာ ကိုဗစ်ကူးစက်ခံထားရသူ စုစုပေါင်း ၅၄၈၃၅၇ ဦး ရှိပြီး၊ သေဆုံးသူစုစုပေါင်း ၁၉၃၁၁ ဦးရှိပါတယ်။

စစ်အာဏာသိမ်းပြီးနောက် စာရင်းကောက်ဖို့ ခက်သွားတာကြောင့် ကူးစက်နှုန်းရော သေဆုံးနှုန်းရော အရေအတွက်ဟာ စစ်ကောင်စီက ထုတ်ပြန်တာထက် ပိုများနိုင်တယ်လို့ လူမှုကူညီရေးသမားတွေက ပြောဆိုနေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။