တကျော့ပြန် ကိုဗစ်ကူးစက်မှုကြောင့် နယ်စပ်ကုန်သည်တွေ စိုးရိမ်နေ

2022.02.17
တကျော့ပြန် ကိုဗစ်ကူးစက်မှုကြောင့် နယ်စပ်ကုန်သည်တွေ စိုးရိမ်နေ ကိုဗစ်ရောဂါပိုးတွေ့ ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များကို မူဆယ် ၁၀၅ မိုင် ကုတင် ၁၀၀၀ ဆေးရုံဆီ လူမှုကူညီရေးအသင်းက ပို့ဆောင်ပေးနေစဥ်
Photo: Citizen Journalist

မြန်မာနိုင်ငံမှာ တကျော့ပြန်ဖြစ်ပွားလာနေတဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုတွေကို တရုတ်နယ်စပ်မှာပါ ပြန်တွေ့လာရတဲ့အတွက် နှစ်နိုင်ငံကုန်သွယ်မှုလုပ်ငန်းတွေအပေါ် ထပ်မံထိခိုက်လာမှာကို ကုန်သည်တွေက စိုးရိမ်နေကြပါတယ်။

မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်မှာ ဖေဖော်ဝါရီလ ၁၁ ရက်ကနေ ၁၇ ရက်နေ့အထိ တစ်ပတ်အတွင်း ကိုဗစ်အတည်ပြုလူနာ ၃၀ ကျော်တွေ့ရှိခဲ့ပါတယ်။

ကုန်ပစ္စည်းတွေ လာရောက်ပို့ဆောင်တဲ့ ယာဉ်မောင်းနဲ့ ယာဉ်နောက်တွေမှာ ဗိုင်းရပ်စ် ကူးစက်ခံရတာလို့ ၁၀၅ မိုင် အခြေစိုက် ပါရမီလူမှုကူညီရေးအသင်းတာဝန်ခံ ဦးကျော်သန်းက RFA ကို ပြောပါတယ်။

“အရှေ့ပိုင်းတွေတုန်းက လာတဲ့ကားလည်း နည်းသလို ကျန်းမာရေးစစ်ဆေးမှု အပိုင်းကလည်း ကျယ်ကျယ်ပြန့်ပြန့် မရှိသေးတော့လေ သိရသလောက်ဆို ၁၁ ရက်နေ့ နောက်ပိုင်းမှ ကားတွေလည်း များလာတာပေါ့နော်။ စစ်ဆေးတဲ့အပိုင်းမှာလည်း ကျယ်ကျယ်ပြန့်ပြန့် လုပ်လာတဲ့အခါကျတော့ အဲလိုတွေ့တာပေါ့။ ဦးရေတွေလည်း တိုးလာတာပေါ့။ မြန်မာပြည်ကလာတဲ့ ကားသမားတွေပေါ့။ လားရှိုး၊ သီပေါ၊ ကျောက်မဲတို့ စသဖြင့်ပေါ့ဗျာ။ ကုန်တင်ယာဉ်မောင်းရယ်၊ ယာဉ်နောက်လိုက်ရယ် အဲဒါတွေပဲ အဓိကစစ်တာပေါ့”

ပိုးတွေ့လူနာတွေကို ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှာရှိတဲ့ ကုတင် (၁၀၀၀) ကိုဗစ် ကုသစင်တာမှာ စောင့်ကြပ်ကုသပေးထားတယ်လို့ ဦးကျော်သန်း က ပြောပါတယ်။

ယခင် ကိုဗစ်လှိုင်းအရှိန်နဲ့ ဒီနေ့အထိ တရုတ်နိုင်ငံဘက်ကို ကုန်ပစ္စည်းတွေ အကန့်အသတ် နဲ့ တင်ပို့နေရချိန်မှာ အခုတစ်ဖန် နယ်စပ်ကုန်သွယ်ရေးအပေါ် တရုတ်နိုင်ငံဘက်က ထပ်မံ ထိန်းချုပ်လာမှာကို ကုန်သည်တွေက စိုးရိမ်နေတာပါ။

ဒါ့အပြင် တရုတ်ရဲ့ အကောက်ခွန်စနစ် ပြောင်းလဲမှုတွေကြောင့်လည်း ဆယ့်နှစ်ဘီးကား တစ်စီးဆန့် ပို့ကုန်ပစ္စည်းဟာ သိန်းတစ်ရာကျော်အထိ ကုန်ကျမှုရှိနေပါတယ်။ ဒါကြောင့် လက်ရှိမှာလည်း ကုန်သည်တွေအနေနဲ့ မရောင်းမဖြစ်တဲ့ကုန်ပစ္စည်းတွေကိုသာ အရှုံးခံပြီး ရောင်းချနေကြရတာလို့ မူဆယ်နယ်စပ် ခွာညိုသစ်သီးပွဲရုံပိုင်ရှင် ဦးစိုင်းခင်မောင် က ပြောပါတယ်။

“ကန့်သတ်ချက်များစွာနဲ့ တရုတ်ပြည်ထဲရောက်ရတာပေါ့ဗျာ။ ကုန်ပစ္စည်းတွေ ဆေးဖျန်းတယ်။ ၂၄ နာရီထားတယ်။ နောက်ထပ် ဟိုဘက်မှာ ၄၈ နာရီထပ်ထားတယ်။ အဲလိုအဆင့်ဆင့်လုပ်ရတာပေါ့။ ဒါပေမဲ့ ဒီဘက်မှာ ပိုးတွေ့မှုက ပိုများလာတော့ သူ့ဘက် ကလည်း စိုးရိမ်ပြီးတော့ ပိတ်ချလိုက်တာတို့၊  ပိုကန့်သတ်တာတို့ လုပ်ရင်လည်းလုပ်မှာ ပေါ့ ပြောလို့မရဘူး။ တွေ့လည်း သွားလည်း ဒီအတိုင်းပါပဲ ဘာမှမထူးပါဘူး။ စရိတ်စက ပေါင်းများစွာနဲ့ အရှုံးနဲ့ လုပ်နေရတဲ့အခြေအနေမှာပဲရှိပါတယ်”

ပြီးခဲ့တဲ့ ကိုဗစ်တတိယလှိုင်းကစလို့ တရုတ်နယ်စပ်ကုန်သွယ်ရေးမှာ ကိုဗစ်ရောဂါထိန်းချုပ် နိုင်ဖို့ဆိုပြီး မြန်မာဘက်က ကုန်ပစ္စည်းတွေနဲ့ တရုတ်ကဝင်တဲ့ကုန်ပစ္စည်းတွေကို ကြားခံ ဇုန်နေရာတွေသတ်မှတ်ပြီး အပြန်အလှန်သယ်ယူတဲ့စနစ်ကို ကျင့်သုံးနေတာပါ။ မြန်မာ ကုန်သည်တွေဟာ တရုတ်ပို့ကုန်တွေဖြစ်တဲ့ ဆန်၊ ပဲ၊ ပြောင်း၊ သကြား၊ ငပိ၊ ငါးခြောက် စတဲ့ကုန်တွေကို ပြန်လည်တင်ဆောင်ပေးကြရတာပါ။

"ဒီဘက်မှာ ပိုးတွေ့မှုက ပိုများလာတော့ သူ့ဘက်ကလည်း စိုးရိမ်ပြီးတော့ ပိတ်ချလိုက်တာတို့၊  ပိုကန့်သတ်တာတို့ လုပ်ရင်လည်းလုပ်မှာပေါ့"

အခုရက်ပိုင်းအတွင်း တရုတ်ဘက်က ကိုဗစ်စည်းကမ်းသတ်မှတ်ချက်တွေကြောင့် နှစ်နိုင်ငံအဝင်အထွက်ကားတွေ မရှိသလောက်ဖြစ်နေပြီး နယ်စပ်မှာ တရုတ်ကိုပို့မယ့် ပြောင်းကုန်စည်တစ်မျိုးတည်းတင် တန်ချိန် သောင်းနဲ့ချီ စုပြုံနေတယ်လို့ ပြောင်းကုန်သည် တစ်ဦးဖြစ်တဲ့ ခွန်မင်းသန့် က ပြောပါတယ်။

“ပြောင်းကျတော့ ကိုတာစနစ်ပေါ့။ ဘိန်းအစားထိုးသီးနှံအနေနဲ့ တရုတ်နိုင်ငံအစိုးရရဲ့ ခွင့်ပြုချက်နဲ့ တင်ပို့ခွင့်ရတာ။ တခြားကုန်တွေလို တင်ပို့လို့မရဘူး။ သူတို့က ဥပမာဆိုရင် ၆ လပိုင်းနဲ့ ၈ လပိုင်းမှာချပေးတယ်။ ကိုယ်တွေက နှစ်မကုန်ခင် ၁၂ လပိုင်းမှာ အပြီး သွင်းရတာ။ ဒီနှစ်ဆိုရင် ကိုဗစ်ကြောင့် ၁၀ လပိုင်းမှ ချပေးတယ်။ ဒီလိုချပေးတော့ ဂိတ်ကမဖွင့်သေးဘူး။ ဂိတ်ဖွင့်လို့ပို့မယ်ဆိုတော့ ဒီဇင်ဘာမှာ သက်တမ်းကကုန်သွား တယ်။ ပို့ဖို့မမီတော့ တရုတ်နိုင်ငံအစိုးရဆီမှာ အသနားခံစာပြန်တင်ရတာပေါ့။ အသနား ခံစာပြန်တင်တော့ အခု ၂ လပိုင်းအကုန်ကို နောက်ဆုံး ပြန်သတ်မှတ်ထားတယ်။ ကိုယ် တို့ ကုမ္ပဏီတစ်ခုတည်းတင် တန်ချိန် ခုနစ်ထောင်လောက်ရှိတယ်။ တခြားကုမ္ပဏီတွေ လည်းရှိမှာပေါ့။ တန်ချိန် ခုနစ်ထောင်မှာ အခုမှတန်ချိန် တစ်ထောင်ကျော်လောက်ပဲ သွားရသေးတယ်။ အဲလိုတွေဖြစ်နေတာပေါ့”

တရုတ်ဘက်အခြမ်း ဝမ်တိန်မြို့မှာတော့ ဖေဖော်ဝါရီလ ၁၅ ရက်နေ့က ကိုဗစ်ရောဂါ လူနာတွေ့လို့ တစ်မြို့လုံးကို ကျန်းမာရေးစစ်ဆေးဖို့အတွက် လော့ဒေါင်းချထားရာကနေ ဒီနေ့မနက်မှာတော့ ပြန်ဖွင့်ပေးခဲ့တယ်လို့ ဝမ်တိန်မှာရှိတဲ့ မြန်မာကုန်သည်တစ်ဦးက ပြောပါတယ်။ ဒါဟာ တရုတ်ဘက်က ကိုဗစ်ရောဂါနဲ့ ပတ်သက်ရင် စည်းကမ်းတင်းကျပ် တယ်ဆိုတာကို ပြသနေတာဖြစ်ပြီး လက်ရှိ မြန်မာနယ်စပ်မှာ ရောဂါဖြစ်ပွားသူများလာရင် ကန့်သတ်မှုလုပ်လာနိုင်တယ်လို့ သူကသုံးသပ်ပါတယ်။

(ကိုဗစ်ပိုးတွေ့ ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များကို  မူဆယ် ကုတင် ၁၀၀၀ ဆေးရုံဆီ လူမှုကူညီရေးအသင်းက ပို့ဆောင်ပေးစဥ်) Photo: CJ
(ကိုဗစ်ပိုးတွေ့ ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များကို မူဆယ် ကုတင် ၁၀၀၀ ဆေးရုံဆီ လူမှုကူညီရေးအသင်းက ပို့ဆောင်ပေးစဥ်) Photo: CJ

တရုတ်နိုင်ငံမှာ ကိုဗစ်ရောဂါစတင်ဖြစ်ပွားခဲ့ပြီးနောက် ၂၀၂၀ ဧပြီလကစပြီး တရုတ်ဘက် က မြန်မာနယ်စပ်က ကုန်သွယ်ရေးဂိတ်တွေ၊ လူဝင်လူထွက်ဂိတ်တွေကို ကန့်သတ်မှုတွေ လုပ်လာခဲ့ပါတယ်။ ၂၀၂၁ ဇူလိုင် ၈ ရက်နေ့မှာတော့ နယ်စပ်ဂိတ်တွေအားလုံးကို တရုတ် ဘက်က ပိတ်လိုက်လို့ ကုန်သွယ်မှုရပ်တန့်သွားခဲ့ရပါတယ်။

၂၀၂၁ နိုဝင်ဘာလ အကုန်ပိုင်းမှာတော့ တရုတ်ဘက်က ပိတ်ထားခဲ့တဲ့ နယ်စပ်ဂိတ်တွေ ထဲက မူဆယ် ကျင်စန်း ကျော့ဂိတ်နဲ့ ကိုးကန့်ဒေသ ချင်းရွှေဟော်ဂိတ်ကို ပြန်ဖွင့်ခဲ့သလို အခုနှစ်ဇန်နဝါရီမှာတော့ ကချင်ပြည်နယ် လွယ်ဂျယ်နယ်စပ်ဂိတ်တွေကို ပြန်ဖွင့်ပေးခဲ့ ပါတယ်။ ဒီလိုပြန်ဖွင့်ပေမယ့် နယ်စပ်ဂိတ်တွေမှာ ကိုဗစ်ရောဂါကန့်သတ်ချက်တွေကြောင့် ကုန်စည်စီးဆင်နိုင်မှု အရင်လိုမဖြစ်သေးဘူးလို့ ကုန်သည်တွေက ပြောပါတယ်။

ဒီလိုကာလကြာရှည် ဂိတ်တွေပိတ်ခဲ့ရတဲ့အတွက် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှုတန်ဖိုးတွေ ကျဆင်းခဲ့သလို ကုန်သည်တွေနဲ့ တောင်သူတွေကြားမှာ ကြီးမားတဲ့ဆုံးရှုံးမှုတွေနဲ့ ရင်ဆိုင် ခဲ့ရပါတယ်။

စစ်ကောင်စီရဲ့ စီပွားကူးသန်းဝန်ကြီးဌာနစာရင်းအရ ၂၀၁၉ - ၂၀၂၀ ဘဏ္ဍနှစ်မှာ မူဆယ် နယ်စပ်ကုန်သွယ်ရေးဇုန်ကနေ ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ သန်းပေါင်း ၄၈၉၀.၅၇၈ သန်းရှိခဲ့ရာကနေ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်မှာတော့ အမေရိကန် ဒေါ်လာ သန်းပေါင်း ၄၀၅၇.၇၂၄ အထိ လျော့ကျသွားတာကို တွေ့ရပါတယ်။

လက်ရှိနယ်စပ်မှာ ကိုဗစ်ပိုးတွေ့လူနာများလာတဲ့ကိစ္စအတွက် စစ်ကောင်စီ ကျန်းမာရေးဌာနနဲ့ စီးပွားကူးသန်းဝန်ကြီးဌာနကို RFA ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ တိတိကျကျ တုံ့ပြန်ပြောဆိုတာ မရှိသေးပါဘူး။

ဒေသအတွင်းမှာ ကိုဗစ်ရောဂါအတွက် ကူညီပေးနေတဲ့ လူမှုကူညီရေးအသင်း တာဝန် ရှိသူတွေကတော့ လက်ရှိ မူဆယ် (၁၀၅) မိုင်အပါအဝင် ရှမ်းပြည်နယ်မြောက်ပိုင်းက မြို့နယ်တွေမှာ ကိုဗစ်ရောဂါပိုးတွေ့သူတွေ ပိုများလာနေပေမယ့် ရောဂါထိန်းချုပ်မှုနဲ့ စစ်ဆေးမှုဆောင်ရွက်တဲ့နေရာမှာ အရင်ထက်အားနည်းနေတာကြောင့် ပိုမိုကြပ်မတ် ထိန်းချုပ်ဆောင်ရွက်ဖို့ လိုအပ်နေတယ်လို့ ထောက်ပြပြောဆိုနေကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။