ထိုင်းကြက်ခြေနီအဖွဲ့ ကရင်နီဒုက္ခသည် ငါးထောင်ကျော် ကိုဗစ်ကာကွယ်ဆေးထိုး

2021.12.23
ထိုင်းကြက်ခြေနီအဖွဲ့ ကရင်နီဒုက္ခသည် ငါးထောင်ကျော် ကိုဗစ်ကာကွယ်ဆေးထိုး
Photo: RFA
ထိုင်းနိုင်ငံနယ်စပ်မှာရှိတဲ့ ကရင်နီဒုက္ခသည်စခန်းအမှတ် (၁) ထဲက အသက် ၁၈ နှစ်အထက်ရှိသူ လူဦးရေ ၅၀၀၀ ကျော်ကို ဒီဇင်ဘာလ ၂၁ ရက်နေ့ကနေ ၂၃ ရက်နေ့အထိ ပထမဆုံးအကြိမ် ကိုဗစ်ကာကွယ်ဆေး ထိုးပေးခဲ့ပါတယ်။
 
ထိုင်းနိုင်ငံကြက်ခြေနီအဖွဲ့ကနေ ဦးဆောင်ပြီး အပြည်ပြည်ဆိုင်ရာ ကယ်ဆယ်ရေးကော်မတီ IRC နဲ့ ပူးပေါင်းထိုးနှံပေးတာလို့ ကရင်နီကျန်းမာရေးဌာန ညွှန်ကြားရေးမှူး နော်ခူဖော က ပြောပါတယ်။
 
"လူဦးရေ ၁၈ နှစ်အထက်ကို ရရှိစေချင်တယ်။ အစတုန်းကတော့ စာရင်းသွင်းတဲ့လူလောက်ပဲ ပေးဖို့ အစီအစဉ်ရှိသော်ငြားလည်းပဲ လူထုတွေအားလုံးလည်း အခွင့်အရေးရစေချင်၊ ကျမတို့ တခါဆွေးနွေး တိုင်ပင်ကြရင်းနဲ့ပေါ့နော်။ ၁၈ နှစ်အထက်အားလုံးကို ရနိုင်အောင် ရပ်ကွက်ထဲမှာရှိတဲ့ လူဦးရေအတိုင်း ထုတ်ပြီးတော့မှပေါ့နော်၊ အားလုံးရနိုင်အောင် လုပ်မယ်ဆိုလို့ရှိရင်တော့ ကျမထင်တယ်၊ သူတို့ ရက်တိုး နိုင်ဖို့တော့ရှိမယ်ထင်တယ်။ ဘာလို့လဲဆို ကာကွယ်ဆေးက သူ့သတ်မှတ်ထားတဲ့ အအေးဓါတ်မှာပဲ အလုပ် လုပ်ရလို့လေး ဆေးရှိတဲ့အပေါ်မှာ မူတည်ပြီးတော့ အားလုံးထိုးဖို့တော့ အစီအစဉ်ရှိမယ်။"
 
ပထမအကြိမ်အဖြစ် ဆိုင်နိုဖန်း (Sinopharm) ကာကွယ်ဆေးကို ထိုးပေးနေတာဖြစ်ပြီး ဒုတိယအကြိမ် ကိုတော့ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၁၈ ရက်ကနေ ပြန်စထိုးပေးသွားမှာဖြစ်ပါတယ်။
 
ပြီးခဲ့တဲ့လထဲမှာတော့ အသက် ၆၀ ကျော်အရွယ်တွေကို ဆိုင်နိုဗက် (Sinovac) ကာကွယ်ဆေးထိုး‌ပေးခဲ့တယ် လို့ ဆိုပါတယ်။
 
ကရင်နီဒုက္ခသည်စခန်းအမှတ် (၁) မှာ နေထိုင်သူ ရှစ်ထောင်ကျော်ရှိတဲ့အနက် ၁၈ နှစ်အထက် လူဦးရေက ငါးထောင်ကျော်ရှိပါတယ်။ ကရင်နီဒုက္ခသည်စခန်းအမှတ် (၂) မှာလည်း အသက် ၁၈ နှစ်ပြည့်ပြီးသူ ၄၀၀ ကျော်ကို ကာကွယ်ဆေးထိုးပေးခဲ့ပြီးဖြစ်ပါတယ်။
 
သတ်မှတ်ထားတဲ့ရက်အတွင်း လူဦးရေအပြည့် ကာကွယ်ဆေးမထိုးနိုင်ခဲ့ပေမဲ့ ဆက်ပြီးထိုးပေးဖို့ စီစဉ်သွားမှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
 
၁၈ နှစ်အောက်နဲ့ ၁၂ နှစ်အထက် အရွယ်တွေကိုလည်း နောက်ပိုင်းမှာ ကိုဗစ်ကာကွယ်ဆေးထိုးပေးဖို့ရှိတယ်လို့ ဆိုပါတယ်။

 
အခုလို ကိုဗစ်ကာကွယ်ဆေးက လူတိုင်းထိုးခွင့်ရတာဟာ အခွင့်အရေးကောင်းပဲလို့ ဒုက္ခသည်စခန်းအမှတ် (၁) မှာနေထိုင်တဲ့ ငါးမယ် က ပြောပါတယ်။
 
"ကောင်းတယ်။ အခုကျမတို့ကို လာထိုးပေးတော့ ကျမတို့အခွင့်အရေးရတာပေါ့။ ကျမတို့ ဒီအခွင့်အရေးကို မဆုံးရှုံးသင့်ဘူး။ ကျမတို့ထိုးရမယ်။ ထိုးလည်းထိုးသင့်ပါတယ်"
 
ကရင်နီဒုက္ခသည်စခန်း အမှတ် (၁) ကို ကုလသမဂ္ဂ (UN) ကနေ အသိအမှတ်ပြုထားခဲ့တာ နှစ်ပေါင်း ၃၀ ကျော်ရှိပြီဖြစ်ပါတယ်။
 
စစ်ကောင်စီ အာဏာသိမ်းပြီးနောက်ပိုင်း တိုက်ပွဲတွေကြောင့် နယ်စပ်ဘက် ထပ်မံထွက်ပြေးတိမ်းရှောင်လာ ကြတဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ထိန်းချုပ်နယ်မြေထဲက စစ်ဘေးဒုက္ခသည်တွေကိုလည်း ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးနေပါတယ်။

"ကျမတို့ကို လာထိုးပေးတော့ ကျမတို့ အခွင့်အရေးရတာပေါ့။ ကျမတို့ ဒီအခွင့်အရေးကို မဆုံးရှုံးသင့်ဘူး"

 
ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်းက KNPP ထိန်းချုပ်နယ်မြေအတွင်းက ကိုဗစ်ကာကွယ်ဆေးထိုးခွင့်ရှိတဲ့ ၁၈ နှစ်အထက် လူဦးရေ ရှစ်ထောင်ကျော်ရှိတဲ့အနက် ၂၅၀ ကို ပထမဆုံးအကြိမ် ထိုးနှံပေးခဲ့ပြီးဖြစ်သလို ကိုဗစ်ကာကွယ်ဆေး ရရှိတဲ့အပေါ်မူတည်ပြီး ဒီဇင်ဘာလအတွင်းမှာလည်း ဆက်လက်ထိုးနှံပေးသွားမှာ ဖြစ်ပါတယ်။
 
"ကရင်နီထိန်းချုပ်နယ်မြေထဲမှာဆို လုပ်နေတာရှိတယ်။ KNPP နဲ့ NUG အစိုးရနဲ့ ပူးပေါင်းပြီး ဒီကျန်းမာ ရေးနဲ့ ပတ်သက်ပြီး ပါဝင်တဲ့ကော်မတီကနေ ဦးစီးပြီးတော့ သူတို့လုပ်နေတာ ကာကွယ်ဆေးပေးနေတာ ရှိတယ်။ ပထမတစ်ကြိမ်လည်းထိုးပြီးပြီ အခုက ဒုတိယတစ်သုတ် ထိုးပေးဖို့ ၂၃၊ ၂၄ မှာ နှစ်ရက်မှာ ထိုးပေးဖို့ စီစဉ်နေတာရှိပါတယ်"
 
KNPP ထိန်းချုပ်နယ်မြေထဲက စစ်ဘေးဒုက္ခသည်တွေကိုတော့ ကိုဗစ်ကာကွယ်ဆေးထိုးနှံတဲ့ အစီအစဉ် ကိုတော့ ကရင်နီကျန်းမာရေးဌာနက ဦးဆောင်ပြီး တိုင်းရင်းသား ကျန်းမာရေးအဖွဲ့အစည်းတွေ ကိုဗစ် - ၁၉ ကာကွယ်ထိန်းချုပ်ကုသရေးအဖွဲ့ Covid-19 Task Force (CTF) နဲ့ ပူးပေါင်းဆောင်ရွက်တာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။