ပြည်တွင်းစစ်ကြောင့် ကလေးငယ်တွေ ပုံမှန်ကာကွယ်ဆေးထိုးခွင့် ဆုံးရှုံးနေ

2022.04.21
ပြည်တွင်းစစ်ကြောင့် ကလေးငယ်တွေ ပုံမှန်ကာကွယ်ဆေးထိုးခွင့် ဆုံးရှုံးနေ ကရင်နီစစ်ဘေးဒုက္ခသည်စခန်းမှာ ကလေးငယ်များကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာလတွင် တွေ့ရစဥ်
MPA Photo

မြန်မာနိုင်ငံမှာ အာဏာသိမ်းပြီးနောက်ပိုင်း ပြည်တွင်းစစ်ဖြစ်နေတဲ့ဒေသက ကလေးငယ် တွေဟာ မွေးကင်းစကနေ အသက်တစ်နှစ်ခွဲအရွယ်တိုင်းအတွက် မဖြစ်မနေ ထိုးနှံရမယ့် ပုံမှန်ကာကွယ်ဆေးထိုးခွင့်တွေ ဆုံးရှုံးနေကြပါတယ်။

အထူးသဖြင့် ကရင်၊ ကယား၊ ချင်းနဲ့ စစ်ကိုင်းတိုင်းထဲက ကလေးတွေရဲ့ အခြေအနေက အဆိုးဆုံးဖြစ်ပြီး ပုံမှန်ကာကွယ်ဆေး ထိုးခွင့်မရဘဲ ကြီးပြင်းလာတဲ့အခါ စိတ်ပိုင်း၊ ရုပ်ပိုင်း ဖွံ့ဖြိုးမှုအားနည်းနိမ့်ကျတဲ့ ကလေးတွေ ဖြစ်လာနိုင်တယ်လို့ ဆရာဝန်တွေက သတိပေး ပါတယ်။

မွေးကင်းစအရွယ်ကနေ အသက် ၁၈ လအတွင်း ကလေးငယ်တွေဟာ ပုံမှန်ကြီးထွား ကျန်းမာသန်စွမ်းဖို့နဲ့ ကူးစက်ရောဂါတွေ အပါအဝင် ရောဂါတချို့ကို ကာကွယ်နိုင်ဖို့အတွက် ပုံမှန်ကာကွယ်ဆေး ၁၂ မျိုးကနေ ၁၃ မျိုးထိ မဖြစ်မနေ ထိုးနှံကြရပါတယ်။

ဒါပေမဲ့ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုရဲ့ နောက်ဆက်တွဲ အကျိုးဆက်အနေနဲ့ စစ်မက် ဖြစ်ပွားရာ ဒေသတွေက မိခင်တွေဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရ တာကြောင့် သူတို့ရဲ့ ရင်သွေးငယ်တွေကိုလည်း ပုံမှန်ကာကွယ်ဆေးထိုးခွင့်တွေ ဆုံးရှုံး ခဲ့ရတယ်လို့ RFA က မေးမြန်းခဲ့တဲ့ စစ်ဘေးဒုက္ခသည် အမျိုးသမီးတွေက ပြောဆိုကြ ပါတယ်။

ကရင်ပြည်နယ်က တိုက်ပွဲတွေကြောင့် ထိုင်း-မြန်မာနယ်စပ် သောင်းရင်းမြစ်ဘေးကို မွေးကင်းစ ၁၄ ရက်သား သမီးငယ်ကို ရင်ခွင်ပိုက်ပြီးထွက်ပြေးနေရတဲ့ မိခင်တစ်ဦးကတော့ သူ့ရဲ့ သမီးလေးမှာ ဘာကာကွယ်ဆေးမှ ထိုးခွင့်မရခဲ့ဘူးလို့ ပြောပါတယ်။

“ကာကွယ်ဆေးကတော့ ၁၄ ရက်သားနဲ့ ပြေးရတာဆိုတော့ တစ်ခါမှ မထိုးရသေးဘူး။ ဟိုတလောက ဒီမှာ ပစ်ဟယ် ခတ်ဟယ်ဆိုတော့ ဟိုဘက်ကမ်း ကမ်းနားတွေမှာ လိုက် အိပ်လိုက်ရတော့ ကလေးတော်တော် ဖြစ်သွား သေးတယ်လေ။ အဲဒီရက်က သုံးရက် လောက် နှင်းတောထဲမှာ နေလိုက်ရတော့ တစ်ခါပြန်ဖြစ်တယ်။ ဒီက ကျန်းမာရေးဆရာ တွေနဲ့ပဲ ပါရာ(ပါရာစီတမော)တွေတိုက်လိုက်၊ ဘာလိုက်နဲ့ ပြန်ကောင်းသွားတာ။ စိုးရိမ် တာတော့ ကိုယ့်ကလေးအတွက်ကတော့ အများကြီး စိုးရိမ်ရတာပေါ့။ သူ့ပုံမှန်အတိုင်း ဆိုရင်တော့ ထိုးချင်တာပေါ့။ ဒီမှာက ထိုးမှ မထိုးရတာ၊ ထိုးစရာလည်း မရှိဘူးလေ။ ဆေးဝါးလည်း မပြည့်စုံဘူး”

ကရင်ပြည်နယ်လိုပဲ ခုခံတော်လှန်မှုတွေ ပြင်းထန်နေတဲ့ စစ်ကိုင်းတိုင်းမှာလည်း စစ်ကောင်စီတပ်က ရွာတွေကို စီးနင်းဝင်ရောက်တာ၊ မီးရှို့တာ၊ လေကြောင်းကနေ တိုက်ခိုက်တာတွေကြောင့် အဲဒီဒေသတွေက ကလေးတွေ ဟာလည်း မိဘတွေနဲ့အတူ ထွက်ပြေးနေရတဲ့အတွက် ပုံမှန်ကာကွယ်ဆေးထိုးခွင့် မရကြဘူးလို့ ဒေသခံတွေက ပြောပါတယ်။

လေကြောင်းတိုက်ခိုက်မှုဒဏ်ကို ကိုယ်တွေ့ကြုံခဲ့ရတဲ့ စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်၊ ချင်းပုန်းရွာက မိခင် တစ်ဦးကတော့ အာဏာသိမ်းပြီးကတည်းက သူတို့ကလေးတွေ ကာကွယ်ဆေးမထိုးရတဲ့အပြင် ကျန်းမာရေး စောင့်ရှောက်မှုတောင် အပြည့်အဝမရ ကြဘူးလို့ ပြောပါတယ်။

“ကာကွယ်ဆေးတွေလည်း ထိုးမရဘူး။ ကျမတို့ရွာတွေလည်း အဲဒီလိုပဲ ဆေးတွေ ဘာတွေလည်း မထိုးရဘူး။ သူတို့က လာနှောင့်ယှက်လိုက်ဆိုတော့ နေရာတွေလည်း မကျဘူး။ ပြေးနေရတာပဲ အဲဒီလိုပဲရှိတာ။ ဒီကလေး တွေနဲ့ ပတ်သက်ပြီး ဘယ်ဆေးမှ လည်း မဆောင်ရဘူး။ ကာကွယ်ဆေးတွေလည်း မထိုးရဘူး။ ကလေးတွေလည်း ကျန်းမာရေးတွေ ချို့ယွင်းတယ်။ ဆေးတွေ မဆောင်ရတော့ ဟိုဟာလေးနဲ့ ကုလိုက်၊ ဒါလေးနဲ့ကုလိုက်နဲ့ ကိုယ့်ဟာကိုယ်ပဲ ကုရတာ။ ဆေးခန်းတွေ၊ ဆေးရုံတွေလည်း မသွားရဘူး။ တောတွေထဲပဲ လှည့်ပြေးနေရတာဆိုတော့ ကလေးက အခု တစ်နှစ်နဲ့ သုံးလရှိပြီ ဘယ်မှဆေးမထိုးရဘူး”

အာဏာမသိမ်းခင်တုန်းကတော့ ကျန်းမာရေးဝန်ကြီးဌာန လက်အောက်ရှိ တိုင်းနဲ့ ပြည်နယ် အသီးသီးက ဆေးရုံတွေ၊ မိခင်နဲ့ကလေး စောင့်ရှောက်ရေးဌာနတွေ၊ ကျေးလက်ဆေးပေး ခန်းတွေကနေတစ်ဆင့် ကလေးတိုင်း အတွက် မဖြစ်မနေထိုးရမယ့် ပုံမှန်ကာကွယ်ဆေး တွေကို မပျက်မကွက် ထိုးပေးလေ့ရှိပါတယ်။

တချို့ မြို့ရွာတွေမှာဆိုရင် ရပ်ကွက်နဲ့ ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးတွေ၊ ဓမ္မာရုံနဲ့ ခရစ်ယာန် ဘုရားကျောင်းတွေမှာ မိခင်နဲ့ ကလေးတွေကို စုရုံးပြီး ကျန်းမာရေးဝန်ထမ်းတွေက ကာ ကွယ်ဆေးထိုးပေးလေ့ရှိတယ်လို့ RFA က ဆက်သွယ်မေးမြန်းခဲ့တဲ့ ကလေးမိခင်တွေက ပြောကြပါတယ်။

စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေး အသိပညာမြှင့်တင်ရေးဌာန ညွှန်ကြား ရေးမှူး ဒေါက်တာ သန်းနိုင်စိုးကတော့ မိခင်တွေရဲ့ ပြောဆိုချက်ကို ငြင်းဆိုပါတယ်။

“ကလေးတွေအတွက်က အရှိန်အဟုန်မပျက်ဘဲနဲ့ ဆက်လက်လည်ပတ်နိုင်တာက ဆေးရုံအခြေပြု ထိုးတဲ့ဟာတွေ၊ ကာကွယ်ဆေးတွေ အဲဒီဟာတွေက မပြတ်ဘူးပေါ့နော်၊ ကျနော်တို့ ထိုးပေးနိုင်တယ်။ ရပ်ကွက်ကျေးရွာတွေထဲမှာလည်း ပြည်သူ့ကျန်းမာက ဆောင်ရွက်သလို တစ်ဖက်က ဆေးရုံအခြေပြု ကာကွယ်ဆေးထိုးလုပ်ငန်းတွေက လည်း အရှိန်အဟုန်နဲ့ ဆက်လက်ဆောင်ရွက်နေတယ်”

"ဒီမှာက ထိုးမှမထိုးရတာ၊ ထိုးစရာလည်း မရှိဘူးလေ။ ဆေးဝါးလည်း မပြည့်စုံဘူး”

ဒါပေမဲ့ ခုခံစစ်တွေ ပြင်းထန်နေတဲ့ ချင်းပြည်နယ်မှာတော့ အာဏာသိမ်းပြီးကတည်းက ကျန်းမာရေးဌာနတွေကို ကာကွယ်ဆေးတွေ ရောက်မလာတော့ဘဲ ဆေးဝါးပြတ်တောက် နေတာ ကြာပြီလို့ တီးတိန်မြို့နယ်က ကလေး မိခင်တစ်ဦးက ပြောပါတယ်။

“ချင်းတောင်မှာကတော့ အာဏာသိမ်းပြီးနောက်ပိုင်းမှာ ဆေးတွေက မရတော့တာ။ တောင်ပေါ်က သားဖွား ဆရာမတွေ ကျေးလက်ကျန်းမာရေး ဆေးခန်းတွေဆိုလို့ရှိရင် CDM ဝင်တဲ့သူကဝင်၊ မဝင်တဲ့သူကလည်း ဆေးမရ၊ ဘာမရဆိုတော့ ဘာမှမလုပ် ပေးဘူး ဒီအတိုင်းပဲထားတာ။ အခုနောက်ပိုင်း တစ်ခါမှ မရသေးဘူး။ ကြာနေပြီ ဆေးကလည်း ပြတ်နေတာ မရဘူး။ မရတော့လည်း ဘယ်လိုလုပ်ရမလဲ ကိုယ့်သား သမီးကိုပဲ သေချာဂရုစိုက်ရတာပေါ့။ ဝယ်ထိုးလို့လည်း မရဘူးလေ”

မြန်မာနိုင်ငံမှာ မွေးကင်းစကနေ တစ်နှစ်ခွဲအထိ ကလေးငယ်တွေအတွက် ကာကွယ်ဆေး ၁၂ မျိုး၊ မိန်းကလေး တွေအတွက်ဆိုရင် သားအိမ်ခေါင်းကင်ဆာရောဂါအတွက် ကာကွယ် ဆေးတစ်မျိုး ထပ်ထိုးရတာကြောင့် စုစု ပေါင်း ကာကွယ်ဆေး ၁၃ မျိုးရှိတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက သတ်မှတ်ထားပါတယ်။

အဲဒီသတ်မှတ်ထားတဲ့ ကာကွယ်ဆေးတွေက တီဘီ၊ အသည်းရောင်အသားဝါ (ဘီ)၊ ဆုံဆို့ နာ၊ ကြက်ညှာချောင်း ဆိုး၊ မေးခိုင်ရောဂါ၊ ပိုလီယို၊ ဦးနှောက်အမြှေးရောင်၊ ဝက်သက်၊ ဂျိုက်သိုး၊ ပြင်းထန်အဆုတ်ရောင်၊ ဂျပန်ဦးနှောက်ရောင်ရောဂါ၊ ပြင်းထန်ဝမ်းပျက် ဝမ်းလျှောနဲ့ သားအိမ်ခေါင်းကင်ဆာ ရောဂါတွေအတွက် ကာကွယ်ဆေးတွေ ထိုးပေးရတာ ဖြစ်ပါတယ်။

ရေသယ်ရန်စောင့်ဆိုင်းနေသည့် ကရင်နီကလေးငယ်များကို ၂၀၂၂ ခုနှစ် မတ်လတွင် တွေ့ရစဥ် (ဓာတ်ပုံ - ကရင်နီပြည် စစ်ဘေးရှောင် ကူညီစောင့်ရှောက်ရေးကွန်ရက်)
ရေသယ်ရန်စောင့်ဆိုင်းနေသည့် ကရင်နီကလေးငယ်များကို ၂၀၂၂ ခုနှစ် မတ်လတွင် တွေ့ရစဥ် (ဓာတ်ပုံ - ကရင်နီပြည် စစ်ဘေးရှောင် ကူညီစောင့်ရှောက်ရေးကွန်ရက်)

ကလေးငယ်တွေဟာ အဲဒီ ပုံမှန်ကာကွယ်ဆေးတွေကို သတ်မှတ် အသက်အပိုင်းအခြား ကာလတွေအတိုင်း မထိုးနှံဖြစ်ခဲ့ဘူးဆိုရင် ကြီးထွားဖွံ့ဖြိုးမှု နှောင့်နေးတာ၊ ဉာဏ်ရည် ဉာဏ်သွေး ထိခိုက်တာတွေ အပါအဝင် ရောဂါ ပြင်းထန်ရင် အသက်ဆုံးရှုံးတဲ့အထိ ဖြစ်နိုင်တယ်လို့ CDM လုပ်ထားတဲ့ ဆရာဝန်တစ်ဦးဖြစ်တဲ့ Dr. Olivia က မှတ်ချက်ပြု ပြောဆိုပါတယ်။

“ကလေး ကာကွယ်ဆေးထိုးတာက အရမ်းအရေးကြီးတာပေါ့နော်။ မိခင်ဗိုက်ထဲမှာ ကတည်းကစပြီး ဒီကလေး ရဲ့ ကျန်းမာရေးကို ဂရုစိုက်ရတာ။ မွေးပြီးတဲ့အချိန်ကနေ ၁၈ လအတွင်းမှာလည်း သတ်မှတ်ထားတဲ့ ကာကွယ် ဆေးတွေကို အချိန်မီထိုးမှ ဒီကလေးရဲ့ ဉာဏ်ရည်ဉာဏ်သွေး၊ ကျန်းမာရေး၊ ခန္ဓာကိုယ် ဖွံ့ဖြိုးရေး အကုန်တိုး တက်မှာ။ ကာကွယ်ဆေးမထိုးရတဲ့အချိန်မှာ ကလေးတစ်ဦးချင်းစီရဲ့ ကျန်းမာရေး၊ ဉာဏ်ရည်ဖွံ့ဖြိုးမှုတွေလည်း ထိခိုက်မှု ရှိနိုင်တယ်။ နောက်တစ်ခါ အသက်ဆုံးရှုံးရ တာတွေ ဒီလိုမျိုးတွေဖြစ်မယ့်အပြင်ကို တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ဖို့အတွက် လိုအပ်တဲ့ လူသားအရင်းအမြစ်တွေ ဆုံးရှုံးနိုင်တဲ့ အခြေအနေမျိုးထိ ဖြစ်နိုင်တယ်”

ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ ကလေးများရန်ပုံငွေအဖွဲ့ (UNICEF) ရဲ့ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၁၄ ရက် ထုတ်ပြန်ချက်မှာတော့ ကျန်းမာရေးဝန်ဆောင်မှုတွေ ပြတ်လပ်နေတဲ့ ကလေးငယ်တစ်သန်းနီးပါးဟာ ပုံမှန်ကာကွယ်ဆေးထိုးခွင့်မရဘူးလို့ ဖော်ပြထားပါတယ်။

ကလေးငယ် ငါးသန်း နီးပါးဟာလည်း ဗီအာမင်အေ ဖြည့်စွက်ဆေးတွေ မရတဲ့အတွက် ကူးစက်ရောဂါပိုး ဝင်ရောက်တာနဲ့ မျက်စိကွယ်တဲ့ အန္တရာယ်မျိုး ကျရောက်စေနိုင်ကြောင်း ဖေဖော်ဝါရီ ၁၄ ရက် UNICEF ထုတ်ပြန် ချက်မှာ သတိပေးထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။