ကိုဗစ်ဆေးတွေ သိန်းရာနဲ့ချီ ဈေးတက်နေ

အေးအေးမွန် (အော်စလို)
2021.08.09

မြန်မာနိုင်ငံရဲ့ ကိုဗစ်တတိယလှိုင်းမှာ ကူးစက်နှုန်းမြန်၊ ဝေဒနာအပြင်းအထန်ခံစားရပြီး သေဆုံးမှုနှုန်းတွေ မြင့်တက်ခဲ့တဲ့ ပြီးခဲ့တဲ့ဇူလိုင်လ ဒုတိယအပတ်ကစလို့ တော်စလီဇူးမက် (Tocilizumab) လို့ခေါ်တဲ့ ကိုဗစ်ဆေး ကို ပိုက်ဆံတတ်နိုင်တဲ့သူတွေက ကျပ်ငွေသိန်းဆယ်ဂဏန်းကနေ သိန်းလေးငါးရာအထိ ပေးဝယ်ပြီး အသုံးပြုခဲ့ ကြပါတယ်။

ဒီဆေးဟာ အရေးပေါ်ဆေးရုံရောက်နေတဲ့ လူနာတချို့မှာပဲ သုံးတဲ့ဆေးဖြစ်ပြီး အပြင်မှာတော့ မသုံးသင့်တဲ့ ဆေးဖြစ်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကိုဗစ်ကုသရေး ဆရာဝန်တစ်ယောက်က RFA ကို ပြောပါတယ်။

“ကိုဗစ်မှာဆိုရင် ခန္ဓာကိုယ်ရဲ့ ဗိုင်းရပ်စ်နဲ့ ကိုယ်ခံအားစနစ်တွေကျတယ်၊ ကျတော့ ယောင်ရမ်းနေတဲ့ သွေးခဲတွေအရမ်းထွက်လာပြီး အဲဒါတွေက ခန္ဓာကိုယ်တစ်ခုလုံးကိုပြန်ပြီး ထိခိုက်မှုတွေဖြစ်တယ်၊ အထူး သဖြင့် အဆုတ်ကိုပေါ့၊ ဒီဟာကို အဲလိုအရမ်းဆိုးတဲ့အချိန်တွေမှာ သုံးတယ်ပေါ့၊ အမှန်တကယ်တော့ ဒီဆေးက အရမ်းကြီးဈေးမကြီးပါဘူး၊ ဒီကာလမှာ လောဘသမားတွေကြောင့် အလုအယက် ဝယ်ကြတာ တွေရောကြောင့် အဲလောက်ဖြစ်သွားတာ၊ တကယ်တမ်း ပုံမှန်ဈေးက သိန်းဆယ်ဂဏန်းပဲရှိတာပေါ့နော်၊ ဆယ်ဂဏန်းဆိုတာ ဆယ်ဂဏန်းအောက်တောင်ရှိပါတယ်၊ အရမ်းအခြေအနေဆိုးတဲ့ ICU လူနာတွေမှာပဲ ဒီဆေးကိုသုံးကြတာ၊ ဆေးရုံမှာပဲသုံးကြတယ်၊ အပြင်မှာတော့ မသုံးသင့်ဘူးလို့ ကျနော်ထင်တယ်ပေါ့နော်၊ ကျနော်ကတော့ ကျနော့်လူနာတွေကို အဲလိုဆေးမျိုးတွေ On လေ့မရှိဘူး”

လက်ရှိလက်ခံကုသပေးနေတဲ့ ကိုဗစ်လူနာတွေအားလုံးထဲမှာ တော်စလီဇူးမက် (Tocilizumab) ရော ရမ်ဒက်ဆဗီယာ (Remdesivir) ဆေးရော လိုအပ်တဲ့သူမရှိသေးသလို ICU ထဲရောက်နေတဲ့လူနာမဟုတ်ဘဲ ပေးမသုံးသင့်ဘူးလို့ ဆက်ပြောပါတယ်။

နေအိမ်တွေမှာပဲကုသနေကြရတဲ့ ကိုဗစ်လူနာတွေအတွက် ရောဂါအခြေအနေ နောက်ဆုံးအဆင့်ဖြစ်နေချိန်မှာ တော်စလီဇူးမက် (Tocilizumab) ဆေးကို နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်တွေရဲ့ ညွှန်ကြားမှုမပါဘဲ ဝယ်ယူ ကြသလို ငွေကြေးတတ်နိုင်သူတွေက ကိုယ့်လူနာအတွက် မရမက ဝယ်ယူနေကြတာတွေကြောင့် ဈေးတွေ အဆမတန်တက်သွားခဲ့တာပါ။

"မိမိသဘောနဲ့မိမိ မသုံးရဘူး၊ သမားတော်ရဲ့ ညွှန်ကြားချက်နဲ့ပဲ သုံးရမယ်"

ဒီဆေးဟာ ခုခံအားတွေကို အရမ်းချလိုက်တာဖြစ်လို့ မူလအခံရောဂါတွေကြွလာပြီး အဲဒါတွေကိုမထိန်းနိုင်ရင် လူနာအသက်အန္တရာယ်ရှိနိုင်တယ်တယ်လို့ ကိုဗစ်ရောဂါ ကူးစက်ခံရသူတွေကို ကုသပေးနေတဲ့ ဒေါက်တာနိုင်ဖြိုးအောင်ဝင်း က RFA ကို ပြောပါတယ်။

“ဒီတော်စလီဇူးမက် (Tocilizumab) ဆေးက ခန္ဓာကိုယ်ကခုခံအားတွေ တအားချတယ်၊ အဲလို တအားချ လိုက်ရတဲ့အတွက် ပြဿနာကဘာရှိလဲဆိုတော့ သူ့ရဲ့မူလအခံရောဂါတွေ ကြွလာတတ်တယ်၊ ဥပမာ အားဖြင့် အသည်းရောင်အသားဝါဘီပိုးတို့၊ တီဘီပိုးတို့ရှိရင်လည်း သူကပိုကြွလာတယ်၊ နောက်ဆက်တွဲ အဲဒီဘက်တီးရီးယားပိုးတွေ ပွားလာတာကို မထိန်းနိုင်ရင် ပိုးဆိပ်ပျံ့တယ်၊ ပိုးဆိပ်ပျံ့ပြီး လူနာသေနိုင်တယ်၊ ပြောရမယ်ဆိုရင်တော့ ဒီတော်စလီဇူးမက် (Tocilizumab) ဆေးဟာ ဗိုင်းရပ်စ်သတ်ဆေးမဟုတ်ဘူး၊ အဲဒါ ကြောင့် မိမိသဘောနဲ့မိမိ မသုံးရဘူး သမားတော်ရဲ့ ညွှန်ကြားချက်နဲ့ပဲသုံးရမယ်၊ တစ်လုံးကို အမှန်တကယ် ကတော့ ၇၇၀,၀၀၀ လောက်ပဲရှိတာပေါ့နော်၊ ဒါပေမဲ့ အပြင်မှာက အွန်လိုင်းရှော့ပင်လုပ်နေတဲ့ဟာတွေ ကျန်တဲ့အင်္ကျီရောင်းနေတဲ့သူတွေက တော်စလီဇူးမက် (Tocilizumab) ကို မျိုးစုံနဲ့ ဖြစ်ချင်တိုင်းဖြစ်ပြီး တော့ကို ရောင်းနေကြတယ်၊ တစ်လုံးကိုသိန်း ၂၅၀၊ သိန်း ၅၀၀ နဲ့ပါ ရောင်းနေကြတဲ့ ဈေးကွက်ထဲမှာ ပေါက်ဈေးကတော့ရှိနေတာပေါ့”

ဒုတိယဈေးအကြီးဆုံးဆေးကတော့ ရမ်ဒက်ဆဗီယာ (Remdesivir) လို့ခေါ်တဲ့ ဗိုင်းရပ်စ်သတ်ဆေးဖြစ်ပါတယ်။ အီဘိုလာရောဂါအတွက် အမေရိကန်နိုင်ငံက ထုတ်ထားတဲ့ ရမ်ဒက်ဆဗီယာ ဆေးကို ကိုဗစ်အတွက် အရေးပေါ်အသုံးပြုဖို့ အမေရိကန် FDA က သမ္မတဒေါ်နယ်ထရန့် လက်ထက်မှာ ခွင့်ပြုခဲ့ပါတယ်။ ရမ်ဒက်ဆဗီယာ ဆေးဟာလည်း မသုံးတတ်ရင် အန္တရာယ်ရှိနိုင်တာမို့ နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်တွေရဲ့ ညွှန်ကြားချက်နဲ့ပဲ ထိုးသင့်တယ်လို့ ဒေါက်တာနိုင်ဖြိုးအောင်ဝင်း က RFA ကို ပြောပါတယ်။

“ဒီ ရမ်ဒက်ဆဗီယာ (Remdesivir) ဆေးနဲ့ ပတ်သက်ပြီးတော့ အဓိကအားဖြင့်ကတော့ ဗိုင်းရပ်စ်ပိုးဝင်တယ် ဝင်ပြီးတော့ ရောဂါလက္ခဏာပြပြီးတော့ တစ်ပတ်အတောအတွင်း ထန်ကုန် ၁၀ ရက်၊ ၁၁ ရက် အတော အတွင်းမှာပဲထိုးမှ အကျိုးရှိတယ်၊ အဲနောက်ပိုင်းမှာထိုးရင်တော့ အကျိုးမရှိဘူး၊ ထိုးမယ်ဆိုရင်တော့ နားလည်တတ်ကျွမ်းတဲ့ဆရာဝန်ရဲ့  ညွှန်ကြားမှုနဲ့ပဲ ထိုးဖို့ မှာချင်ပါတယ်၊ ရောဂါလက္ခဏာတွေပြနေတဲ့ ဗိုင်းရပ်စ်ပွားနေတဲ့ တစ်ပတ်အတောအတွင်းမှာပဲ ဗိုင်းရပ်စ်သတ်ဆေးတွေ ပိုးသေဆေးတွေက အကျိုး ရှိတယ်၊ ဘယ်လိုလူတွေထိုးသင့်လဲဆိုတော့ အသက်ခြောက်ဆယ်ကျော်တဲ့သူတွေ၊ သွေးတိုးတို့ ဆီးချိုတို့ နှလုံးတို့ ရောဂါရှိနေတဲ့သူတွေ၊ နာတာရှည်ကျောက်ကပ်ရောဂါဖြစ်နေတဲ့သူတွေ၊ အသည်းမကောင်းတဲ့ သူတွေ၊ နာတာရှည်အဆုတ်ရောဂါဖြစ်နေတဲ့သူတွေ၊ HIV / AIDS ဖြစ်နေတဲ့သူတွေ၊ မိမိ ကိုယ်ခံအားကနေ ဖောက်လွှဲဖောက်ပြန်ဖြစ်နေတဲ့သူတွေ၊ ကိုယ်ခံအားကျစေတဲ့ဆေး စတီးရိုက်တွေ သောက်နေရတဲ့သူတွေ မှာတော့ ဒီဗိုင်းရပ်စ်သေဆေး ရမ်ဒက်ဆဗီယာ ကို ထိုးသင့်တယ်၊ အန္တရာယ်ရှိအုပ်စုဝင်တွေ မှာလည်း မဟုတ်ဘူးဆိုရင်တော့ ရမ်ဒက်ဆဗီယာ ဆေးကို ထိုးစရာမလိုဘူး၊ ဘာဖြစ်လို့လဲ ဆိုတော့ ၈၀ ရာခိုင်နှုန်းဟာ သူ့ဘာသာအလိုလိုပြန်ကောင်းတာ”

မထိုးခင်မှာ သွေးစစ်ရတာ၊ အသည်းဓာတ်တွေကောင်းမကောင်းစစ်ရတာ၊ ကျောက်ကပ်အဆိပ်အတောက်တွေ တက်နေလားဆိုတာကို စစ်ရမှာဖြစ်ပြီး တစ်လုံး ထိုးပြီးတိုင်းမှာလည်း အထက်ပါအတိုင်း စစ်ဆေးရမှာဖြစ်သလို အဆိပ်အတောက်ဓာတ်တွေ ပုံမှန်မဟုတ်ဘူးဆိုရင်တော့ ဆက်မထိုးတော့ဘဲ ရပ်လိုက်ရမယ်လို့ ဒေါက်တာ နိုင်ဖြိုးအောင်ဝင်း က ပြောပါတယ်။ ကိုဗစ်ကူးစက်ခံရတဲ့လူနာ ၈၀ ရာခိုင်နှုန်းဟာ သူ့ဘာသာသူပြန်ကောင်း တာဖြစ်လို့ အဲဒီဆေးတွေကို ဈေးကြီးပေးပြီး မထိုးသင့်ဘဲ ထိုးမိခဲ့ရင်တော့ ဆေးရဲ့ဘေးထွက်ဆိုးကျိုးတွေကိုပါ ခံစားရနိုင်တယ်လို့ဆိုပါတယ်။

ရမ်ဒက်ဆဗီယာ (Remdesivir) ကို ကိုဗစ်ရောဂါပိုးစတင်ကူးစက်ခံရပြီး တစ်ပတ်လောက်အတွင်း ထိုးခဲ့ရင် ဗိုင်းရပ်စ် ပိုးအကောင်ရေ လျှော့ချနိုင်တယ်လို့ ဆိုတာကြောင့် မြန်မာပြည်ဈေးကွက်ထဲမှာ သိန်းလေးငါးဆယ်အထိ ပေါက်ခဲ့ပါတယ်။ အမှန်တကယ်မူရင်းဈေးကတော့ တစ်လုံးကို ကျပ် ၈၅၀၀၀ နဲ့ ခြောက်လုံးတစ်စုံကိုမှ ကျပ် ၅၁၀၀၀၀ လောက်သာရှိတာပါ။

Remdesivir.jpg
(Remdesivir ဆေးပုလင်းကို တွေ့ရစဥ်) AFP Photo

စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာနကတော့ ပုဂ္ဂလိကကုမ္ပဏီတစ်ခုက လှူဒါန်းတဲ့ ရမ်ဒက်ဆဗီယာ (Remdesivir) ကုသဆေးအလုံးပေါင်း ၃၀၀၀၀ ဇူလိုင်လ ၂၀ ရက်နေ့မှာ အိန္ဒိယကနေ မြန်မာနိုင်ငံ ကို ရောက်ရှိလာတဲ့အတွက် ဆေးရုံတွေကို အမြန်ဆုံးဖြန့်ပေးမယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။ အဲဒီထုတ်ပြန်ချက်အရ ရမ်ဒက်ဆဗီယာ အလုံး ၃၀၀၀၀ အတွက် ကျပ်ငွေ သုံးဘီလီယံခန့် တန်ဖိုးရှိတယ်ဆို တာကြောင့် ဆေးတစ်လုံးကို ကျပ်ငွေတစ်သိန်းလောက် ရှိပါတယ်။ ဆေးကုမ္ပဏီအချို့က အခုလဆန်းပိုင်းမှာ ပြန်လည်ဖွင့်လှစ်ကြပြီဖြစ်တာကြောင့် မကြာခင်ရက်ပိုင်းအတွင်း ဈေးကွက်ထဲမှာ အဲဒီဆေးတွေ ဈေးပြန်ကျ နိုင်တယ်လို့လည်း လုံခြုံရေးအရအမည်မဖော်လိုတဲ့ ဆရာဝန်တစ်ယောက်က ခန့်မှန်းပါတယ်။

“အရမ်းကြီး ဈေးကြီးသွားတာတော့ မကောင်းဘူးပေါ့ဗျာ၊ ကိုဗစ်ဖြစ်တာကလည်း အရမ်းမထိန်းနိုင်တော့ အရမ်းများလာတော့ အဖိတ်အစင်တွေလည်း များလာတယ်၊ အဲတော့ လူတွေက အားလုံးမှာလည်း အသက် တစ်ချောင်းပဲရှိတာကိုး၊ အဲတော့စားဖို့မရှိရင်တောင် အသက်ရှင်ဖို့အတွက် သူတို့ ဒါကို လိုက်ဝယ်ကြတယ်၊ အဲအတွက်လိုအပ်ချက်များလာတယ်၊ ပြီးတော့ စီးပွားရေးသမားတွေလည်းရှိတာပေါ့၊ သူတို့ရဲ့လောဘ ကြောင့် ဝယ်တယ် စုတယ်ဆောင်းတယ် ဈေးတင်ရောင်းကြတယ်၊ အဲလိုတွေဖြစ်လာတော့ ကြာတော့ မကောင်းဘူးပေါ့ဗျာ၊ အခုဒီလဆန်းမှာ ကုမ္ပဏီတော်တော်များများပြန်ဖွင့်ကြပြီ၊ တချို့တွေလည်း ပစ္စည်း တွေ တော်တော်များများ ပြန်ပြီးတင်သွင်းပြီဆိုတော့ တစ်ပတ်ဆယ်ရက်အတွင်းမှာတော့ ပုံမှန်လေး ပြန်ဖြစ်မယ်လို့ ကျနော်တို့ယူဆပါတယ်၊ ဈေးတွေတော့ ပုံမှန်ပြန်ဖြစ်ဖို့ရှိတာပေါ့နော်”

ဆရာဝန်ညွှန်ကြားချက်နဲ့ လက်ရှိကိုဗစ်လူနာတွေအားလုံးနီးပါး ဝယ်ယူထိုးနေကြတဲ့ နောက်ထပ်ဆေးကတော့ အီနောက်ဇာပရင် (Enoxaparin) လို့ခေါ်တဲ့ သွေးကျဲဆေးဖြစ်ပါတယ်။

အီနောက်ဇာပရင် (Enoxaparin) မှာ 0.6 နဲ့ 0.4 ဆိုပြီး နှစ်မျိုးရှိပါတယ်။ ကိုဗစ်ကြောင့်သွေခဲမှုမဖြစ်အောင် ဆရာဝန်ညွှန်ကြားချက်နဲ့ ဝယ်ယူအသုံးပြုနေကြပြီး ဈေးကွက်ထဲမှာတော့ ကျပ် ၂၀၀၀၀ ကျော်ကနေ ၃၀၀၀၀ ကျော်အထိ ရောင်းချနေကြပါတယ်။

ဆရာဝန်ရဲ့ ညွှန်ကြားချက်နဲ့ အဖိုးနဲ့အဖွားအတွက် ခက်ခက်ခဲခဲလိုက်လံရှာဖွေပြီး ဆေးတွေဝယ်ခဲ့ရတယ်လို့ ရန်ကုန်တိုင်း စမ်းချောင်းမြို့နယ်မှာ နေထိုင်သူတစ်ဦးက ရှင်းပြပါတယ်။

“ဆရာဝန်ကစစ်လိုက်တဲ့အချိန်မှာ ကျနော့်အဖိုးက အဆုတ်တစ်ခြမ်းက သွေးခဲသွားပြီဆိုပြီးတော့ သုံးရက်ပဲ ခံမယ်လို့ပြောတဲ့အခါမှာ သူဆေးနှစ်လုံး ထိုးပေးခဲ့တယ်တဲ့၊ အဲဆေးနှစ်လုံးက နာရီ ၄၀ ခံမယ်ပေါ့နော်၊ နာရီ ၄၀ အတွင်းမှာ ဒီဆေးကိုရအောင်ရှာရမယ်ဆိုပြီး ကျနော်တို့ကိုပြောတာပေါ့နော်၊ ရှာတဲ့အခါမှာ ကျနော် လည်း ဘယ်မှာမှမရဘူး၊ နောက်သုဝဏ္ဏ အင်ကြင်းမြိုင် ၂ လမ်းက ဆေးကုမ္ပဏီတစ်ခုကနေပြီးတော့ တစ်ဦးကိုလေးချောင်းနှုန်း ရောင်းနေပါတယ်ဆိုပြီး ကြားတော့ ဆေးလိုတဲ့ ရန်ကုန်တစ်မြို့လုံးကလူတွေက အဲကိုသွားတာ၊ အယောက် ၅၀၀ လောက်ရှိမယ်ဗျ တန်းစီကြတာ၊ ကျနော် နောက်ဆုံးပဲရတာ လေးချောင်း ရတာ၊ ကျနော် ကံကောင်းပြီးရတဲ့အတွက် ကျနော့်အဖိုးကတော့ ဒီဆေးနဲ့ အသက်ဆက်လိုက်ရတယ်၊ နောက် ရမ်ဒက်စဗီယာ (Remdesivir) ဆိုရင်လည်း ဆေးဆိုင်တစ်ဆိုင်ဆို သိန်း ၃၀ အထိ ရောင်းတယ်ဗျ”

ငွေကြေးမတတ်နိုင်တဲ့သူတွေမှာတော့ ဆေးနာမည်ကို ကြားတောင်မကြားဖူးလိုက်ဘဲ သေသွားသူတွေရှိသလို ပိုက်ဆံရှိပေမယ့်လည်း ဝယ်လို့မရတဲ့အခြေအနေတွေနဲ့ ကြုံခဲ့ရတယ်လို့ သူကဆက်ပြောပါတယ်။

အီနောက်ဇာပရင် (Enoxaparin) ဆေးကိုမထိုးခင် သွေးယိုစိမ့်တဲ့လက္ခဏာရှိ မရှိ စစ်ဆေးဖို့လိုပြီး မိမိသဘောနဲ့မိမိ မထိုးသင့်ဘဲ ဆရာဝန်ရဲ့ ညွှန်ကြားချက်နဲ့သာ ထိုးသင့်တဲ့ဆေးဖြစ်တယ်လို့ ဆရာဝန်တွေက ပြောပါ တယ်။ ဆရာဝန်ရဲ့ညွှန်ကြားချက်ရနိုင်ဖို့က ဆေးရုံကိုသွားမှာဖြစ်တာပါ။ ဒါပေမဲ့ ကိုဗစ်ရောဂါဖြစ်နေတယ်လို့ ယူဆရသူတွေ ဆေးရုံတွေသွားပြတဲ့အခါ ဆေးရုံအများစုက အလွယ်တကူ လက်မခံတာကြောင့် ဝေဒနာရှင် တော်တော်များများက အိမ်မှာပဲ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကုသကြရတဲ့အခြေအနေမှာရှိနေပါတယ်။ အိမ်မှာပဲ ရရာဆေးကိုဝယ်ပြီး ကြုံသလိုကုသရတဲ့သူတွေ အများအပြားရှိလာတာကြောင့် ကိုဗစ်ရောဂါနဲ့ဆိုင်တဲ့ဆေးတွေ လည်း အဆမတန်မြင့်တက်လာခဲ့ရပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
ငလျင်ဒဏ်သင့် ပြည်သူအချို့ နိုင်ငံတကာအထောက်အပံ့နဲ့ အလှမ်းဝေးနေ
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။