စစ်အာဏာသိမ်းပြီးနောက် တရားမဝင်လုပ်ငန်းနဲ့ ဒုစရိုက်မှုတိုးပွားလာ

ရဲခေါင်မြင့်မောင် (ဝါရှင်တန်ဒီစီ)
2023.03.14
စစ်အာဏာသိမ်းပြီးနောက် တရားမဝင်လုပ်ငန်းနဲ့ ဒုစရိုက်မှုတိုးပွားလာ ၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီလလယ်ပိုင်းက နေပြည်တော်တွင် တွေ့ရသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့။
AFP

မြန်မာစစ်တပ်ဟာ အာဏာသိမ်းဆန့်ကျင်တော်လှန်ရေးအင်အားစုတွေကို နှိမ်နင်းနိုင်ခြင်းမရှိသလို တော်လှန်ရေးတပ်ဖွဲ့တွေဘက်ကလည်း အနောက်နိုင်ငံတွေဘက်က လက်နက်အကူအညီမရတဲ့အတွက် မြန်မာစစ်တပ်ကို အနိုင်ရဖို့ အလှမ်းဝေးနေဆဲ ဖြစ်ကြောင်းနဲ့ အစိုးရရဲ့အာဏာသက်ရောက်မှု မရှိတော့တာကို အကြောင်းပြုပြီး တရားမဝင်စီးပွားရေးလုပ်ငန်းတွေ မြန်မာနိုင်ငံကို ရွှေ့ပြောင်းလာနေကြပြီး နိုင်ငံအနှံ့မှာ ဒုစရိုက်မှုတွေ တိုးပွားလာနေတယ်လို့ ပြီးခဲ့တဲ့ မတ်လ ၁၃ ရက်နေ့က ဝါရှင်တန်ဒီစီအခြေစိုက် Brookings Institute အဖွဲ့က ပြုလုပ်တဲ့ ဆွေးနွေးပွဲမှာ ကျွမ်းကျင်သူတွေက သုံးသပ်ကြပါတယ်။

“မြန်မာစစ်တပ်ဟာ သူတို့တိုင်းရင်းသားဒေသတွေမှာ လုပ်နေကျ နည်းလမ်းအတိုင်း ဒေသခံအရပ်သားတွေကို ထိတ်လန့်ကြောက်ရွံ့အောင် သတ်ဖြတ်မှုတွေ လုပ်ပြပြီး၊ တော်လှန်ရေးအဖွဲ့တွေကို မထောက်ခံရဲတော့အောင် လုပ်ပါတယ်။ ဒါပေမဲ့ သူတို့လုပ်နေတာ မအောင်မြင်ပါဘူး”

International Crisis Group (ICG) အဖွဲ့က မြန်မာ့အရေးကျွမ်းကျင်သူ ရစ်ချက် ဟိုဆေး (Richard Horsey) က လက်ရှိမြန်မာနိုင်ငံက တိုက်ခိုက်ရေးတပ်ဖွဲ့တွေရဲ့ အခြေအနေကို အခုလို သုံးသပ်ပါတယ်။

“စစ်တပ်က အာဏာသိမ်းထားတာ နှစ်နှစ်ကျော်လာချိန်မှာ စစ်ကောင်စီဘက်ကရော၊ တော်လှန်ရေးအင်အားစုတွေဘက်မှာပါ မျှော်လင့်ထားသလောက် မအောင်မြင်ဘဲ ရှိနေပါတယ်။ မြန်မာစစ်တပ်ဘက်က တော်လှန်ရေးတပ်ဖွဲ့တွေဟာ ကလေးသာသာ လူငယ်တွေနဲ့ ဖွဲ့စည်းထားတဲ့အတွက် လွယ်လွယ်နဲ့အနိုင်ရလိမ့်မယ်လို့ အစပိုင်းမှာ ယုံကြည်ခဲ့ပါတယ်။ မြန်မာစစ်တပ်ဟာ သူတို့တိုင်းရင်းသားဒေသတွေမှာ လုပ်နေကျ နည်းလမ်းအတိုင်း ဒေသခံအရပ်သားတွေကို ထိတ်လန့်ကြောက်ရွံ့အောင် သတ်ဖြတ်မှုတွေ လုပ်ပြပြီး၊ တော်လှန်ရေးအဖွဲ့တွေကို မထောက်ခံရဲတော့အောင် လုပ်ပါတယ်။ ဒါပေမဲ့ သူတို့လုပ်နေတာ မအောင်မြင်ပါဘူး။ တော်လှန်ရေးအင်အားစုတွေဘက်မှာတော့ အမျိုးသားညီညွတ်ရေးအစိုးရနဲ့ PDF တပ်ဖွဲ့ရာဂဏန်းလောက်က အာဏာသိမ်းစစ်တပ်အပေါ် အနိုင်ရမယ်လို့ ယုံကြည်ခဲ့ကြပါတယ်။ တော်လှန်ရေး အင်အားစုတွေဟာ ပြည်သူတွေရဲ့နာကျည်းဒေါသတွေကို တော်လှန်ရေးတပ်ဖွဲ့ကွင်းဆက်တွေအဖြစ် အောင်အောင်မြင်မြင် ပြောင်းလဲနိုင်ခဲ့ပါတယ်။ သူတို့ဘက်မှာလည်း ရည်မှန်းချက် အောင်မြင်ဖို့ အများကြီး လိုနေပါသေးတယ်။”

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဘက်မှာတော့ တစ်ဖွဲ့ချင်းရဲ့ ရည်မှန်းချက်နဲ့ အကျိုးစီးပွားတွေအပေါ်မူတည်ပြီး ရပ်တည်ချက်အမျိုးမျိုး ဖြစ်နေတဲ့အကြောင်း၊ ချင်းအမျိုးသားတပ်ဦး CNF၊ ကရင်နီအမျိုးသားတိုးတက်ရေး ပါတီ KNPP နဲ့ KNU ခွဲထွက်တပ်ဖွဲ့အချို့ဟာ မြန်မာစစ်တပ်ကို အရင်ကထက် ပိုပြီးပြင်းပြင်းထန်ထန် တိုက်ခိုက်လာကြကြောင်း၊ ရခိုင့်တပ်တော် AA နဲ့ တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့လို တပ်ဖွဲ့တွေကတော့ မြန်မာနိုင်ငံအလယ်ပိုင်းက စစ်ရေးပဋိပက္ခတွေကြောင့် မြန်မာစစ်တပ် အကြပ်ရိုက်လာတာကို အခွင့်ကောင်းယူပြီး၊ တပ်ဖွဲ့ရဲ့နယ်မြေနဲ့ အရှိန်အဝါတိုးချဲ့ဖို့ ကြိုးစားလာတာတွေ့ရကြောင်း၊ နေပြည်တော်အခြေစိုက် စစ်ကောင်စီဟာ မြန်မာနိုင်ငံနယ်စပ်ဒေသတွေမှာ အာဏာသက်ရောက်မှု မရှိတော့တာကို အခွင့်ကောင်းယူပြီး UWSA ဝ တပ်ဖွဲ့၊ တာချီလိတ်အခြေစိုက် လားဟူစစ်သွေးကြွအဖွဲ့တွေနဲ့ ကရင်နယ်ခြားစောင့်တပ်အဖွဲ့တွေဟာ တရားမဝင်စီးပွားရေးလုပ်ငန်းတွေကို လက်ခံပြီး ဝင်ငွေရှာလာကြတာလည်း တွေ့ရတဲ့အကြောင်း၊ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် ဘိန်းစိုက်ပျိုးထုတ်လုပ်မှု၊ မက်သာဖက်တာမင်းထုတ်လုပ်မှု၊ ကာစီနို လောင်းကစားရုံတွေ၊ အင်တာနက်ပေါ်ကနေ ငွေလိမ်တဲ့လုပ်ငန်းတွေ၊ တရားမဝင်သစ်ထုတ်လုပ်ရေးနဲ့သတ္တုတူးဖော်ရေးလုပ်ငန်းတွေ တိုးလာတဲ့အကြောင်း ရစ်ချက် ဟိုဆေး (Richard Horsey)က သုံးသပ်ပါတယ်။

မြန်မာနိုင်ငံရဲ့အိမ်နီးချင်းနိုင်ငံတွေဟာ ကိုယ်ကျိုးစီးပွားအတွက်ပဲ အလေးထားနေကြသလို ကမ္ဘာ့နိုင်ငံတွေဟာလည်း မြန်မာနိုင်ငံအကျပ်အတည်းကို အရေးမကြီးဘူးလို့ ထင်နေကြတာကြောင့်လည်း မြန်မာနိုင်ငံအတွက် အကျိုးယုတ်စေတယ်လို့ ရစ်ချက် ဟိုဆေး (Richard Horsey) က သုံးသပ်ပါတယ်။

“စစ်တပ်က အာဏာသိမ်းလိုက်တဲ့နောက်အစပိုင်းမှာ ဒုက္ခသည် ပြဿနာအပါအဝင် ပြဿနာပေါင်းစုံ ဖြစ်လာမှာကို စိုးရိမ်ခဲ့ကြပါတယ်။ တကယ်တမ်းကျတော့ စစ်တပ်က အာဏာသိမ်းပြီး ဖြစ်လာတဲ့ ဒုက္ခသည်အများစုက ပြည်တွင်းမှာပဲ ရှိနေတာပါ။ အိမ်နီးချင်းနိုင်ငံတွေကို ဒုက္ခသည် အမြောက်အမြားရောက်လာတာ မရှိသေးပါဘူး။ ဒါကြောင့် မြန်မာနိုင်ငံအကျပ်အတည်းဟာ သူတို့အတွက် ထင်သလောက်မဆိုးဘူးလို့ အိမ်နီးချင်း နိုင်ငံတွေက ယူဆနေကြပါတယ်။ ဒါကြောင့်လည်း နေပြည်တော်နဲ့ ထိတွေ့ဆက်ဆံတာလိုမျိုး၊ ကိုယ်ကျိုးအတွက်ပဲ ကြည့်တဲ့ လုပ်ရပ်တွေကို ဆက်လုပ်နေကြတာ ဖြစ်ပါတယ်။ အခြားကမ္ဘာ့နိုင်ငံတွေကလည်း အလားတူအမြင်မျိုးရှိနေပါတယ်။ ကိုဗစ်နဲ့ယူကရိန်းလို ပြဿနာမျိုးတွေနဲ့ ယှဉ်ရင် မြန်မာနိုင်ငံအကျပ်အတည်းက သိပ်အရေးမကြီးဘူးလို့ ထင်နေကြပါတယ်။ ဒီလိုအမြင်မျိုးက မြန်မာနိုင်ငံအတွက် အကျိုးယုတ်စေရုံမကဘဲ သူတို့အတွက်လည်း မဟာဗျူဟာအမှားတစ်ခု ဖြစ်ပါတယ်”

မြန်မာ့ငြိမ်းချမ်းရေးနဲ့လုံခြုံရေး အင်စတီကျု (MIPS) က ဦးမင်းဇော်ဦးက စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ပေါ်ထွက်လာတဲ့ တိုက်ခိုက်ရေးတပ်ဖွဲ့တွေအကြောင်းကို အခုလို သုံးသပ်ပါတယ်။

“၂၀၂၁ခုနှစ် စစ်တပ်က အာဏာသိမ်းလိုက်တဲ့နောက်မှာ တိုက်ခိုက်ရေးတပ်ဖွဲ့အသစ်တွေ အမြောက်အမြားပေါ်ထွက်လာခဲ့ပါတယ်။ အစပိုင်းမှာ အဖွဲ့ပေါင်း ၃၅ဝ လောက်ရှိခဲ့ပြီး၊ နောက်ပိုင်းမှာ အချို့အဖွဲ့တွေ ပေါင်းစည်းသွားကြတဲ့အတွက် ဒါဇင်အနည်းငယ်လောက်ရှိနေပါတယ်။ ဒီ တိုက်ခိုက်ရေးအဖွဲ့တွေကို အမျိုးအစား ငါးမျိုးခွဲပြီး ရှုမြင်လို့ရပါတယ်။”

image (2).jpg
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်က ဝက်လက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ။ (Photo: Wetlet Peoples Defense Force)

အသစ်ပေါ်ထွန်းလာတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကို ပထမဆုံး အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် လက်ခံထားတဲ့ ဗမာလူမျိုးစုအခြေပြု PDF တပ်ဖွဲ့တွေ၊ ဒုတိယအနေနဲ့ စစ်ကိုင်းတိုင်းက ဗိုလ်နဂါးတပ်ဖွဲ့လို NUG ရဲ့ လက်အောက်ခံအဖြစ် မခံယူတဲ့ ဗမာလူမျိုးစု အခြေပြုတပ်ဖွဲ့တွေ၊ တတိယ ကယားပြည်နယ်နဲ့ချင်းပြည်နယ်က တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့တွေ၊ စတုတ္ထအနေနဲ့ ရှိပြီးသား တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ ပူးပေါင်းသွားတဲ့ တိုက်ခိုက်ရေးအဖွဲ့တွေနဲ့ နောက်ဆုံး ရခိုင့်တပ်တော်၊ KNU၊ MNDAA တို့လို တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေက သြဇာခံအဖြစ် တည်ထောင်ပေးထားတဲ့ တပ်ဖွဲ့တွေ ဆိုပြီး ဦးမင်းဇော်ဦးက ခွဲခြားသုံးသပ်ပါတယ်။

"မြန်မာနိုင်ငံအကျပ်အတည်းဟာ သူတို့အတွက် ထင်သလောက်မဆိုးဘူးလို့ အိမ်နီးချင်း နိုင်ငံတွေက ယူဆနေကြပါတယ်"

အဲဒီနောက် ဦးမင်းဇော်ဦးက အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ ရှိပြီးသား လက်ရှိတိုင်းရင်းသာလက်နက်ကိုင်တပ်ဖွဲ့တွေအကြား ဆက်ဆံရေးအခြေအနေကို သုံးသပ်ရာမှာ UWSA၊ NDAA၊ SSPP တို့လို စစ်တပ်နဲ့ NCA လက်မှတ်ထိုးထားတဲ့ အဖွဲ့အချို့ဟာ အပစ်ရပ်သဘောတူညီမှုကို ဆက်ထိန်းထားချင်တဲ့အတွက် NUG နဲ့ ခပ်ကင်းကင်းနေကြတာကို တွေ့ရတဲ့အကြောင်း၊ တိုင်းရင်းသားတပ်ဖွဲ့အချို့ကတော့ မြန်မာစစ်တပ်နဲ့တိုက်ပွဲဖြစ်နေတာ မရှိပေမယ့် တော်လှန်ရေးအဖွဲ့တွေကို နောက်ကွယ်က ပံ့ပိုးကူညီမှုအချို့ ရှိနေတဲ့အကြောင်း၊ KIA KNU နဲ့ CNF လို အဖွဲ့တွေကတော့ NUG နဲ့ ပေါ်ပေါ်ထင်ထင် ပူးပေါင်းဆောင်ရွက်နေကြပေမယ့်၊ သူတို့ထိန်းချုပ်နယ်မြေထဲမှာ NUG လက်အောက်ခံ တပ်ဖွဲ့တွေ ထူထောင်မှာကိုတော့ မလိုလားကြတဲ့အကြောင်း၊ အခြားတိုင်းရင်းသားတပ်ဖွဲ့အချို့နဲ့ နယ်ခြားစောင့်တပ်တွေကတော့ စစ်တပ်နဲ့ ပူးပေါင်းဆောင်ရွက်ပြီး အရန်တပ်ဖွဲ့ပမာ ဆောင်ရွက်နေကြတာ တွေ့ရတဲ့အကြောင်း သုံးသပ်ပါတယ်။

ဒါ့အပြင် မြန်မာ့နိုင်ငံရေးမှာ အဖွဲ့အမျိုးမျိုးကွဲနေတာဟာလည်း တိုက်ခိုက်ရေးတပ်ဖွဲ့တွေအပေါ် သက်ရောက်မှုရှိတဲ့အကြောင်း၊ NLD ခေါင်းဆောင်ပိုင်းမှာ စိတ်ဝမ်းကွဲပြားမှုနဲ့ တရုတ်နိုင်ငံလို အိမ်နီးချင်းနိုင်ငံတွေရဲ့ ရပ်တည်ချက်တွေကလည်း မြန်မာနိုင်ငံတွင်းက ဖြစ်ရပ်တွေအပေါ် သက်ရောက်မှုရှိနိုင်ကြောင်း ဦးမင်းဇော်ဦးက သုံးသပ်ပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
ငလျင်ဒဏ်သင့် ပြည်သူအချို့ နိုင်ငံတကာအထောက်အပံ့နဲ့ အလှမ်းဝေးနေ
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။