မဏိပူရ်ရောက် မြန်မာဒုက္ခသည်တွေ ဆက်လက်ဖမ်းဆီးခံနေရ
2023.03.17

အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ် မိုးရေးမြို့နယ်က နယ်စပ်တစ်လျှောက်ရွာတွေမှာ ခိုလှုံနေကြတဲ့ မြန်မာစစ်ဘေးဒုက္ခသည်တွေကို မဏိပူရ်ရဲတပ်ဖွဲ့က ဖမ်းဆီးနေတာ ပြီးခဲ့တဲ့ နှစ်လအတွင်း အနည်းဆုံး ၁၇၀ ကျော်ရှိနေပြီလို့ မဏိပူရ်ရောက် မြန်မာဒုက္ခသည်တွေက ပြောပါတယ်။
လောင်တလိုင်ခရိုင် (Lawngtlai) မှာရှိတဲ့ ကျေးရွာ ၁၇ ရွာကို မဏိပူရ်အာဏာပိုင်တွေဟာ အထူးကွန်မန်ဒို တပ်သားတွေနဲ့ တစ်အိမ်တက် တစ်အိမ်ဆင်းလိုက်ရှာပြီး ဖမ်းနေတယ်လို့ သိရပါတယ်။
ဒါကြောင့် တချို့က ယာယီနေထိုင်ဖို့ ဆောက်လုပ်ထားတဲ့ နေအိမ်တွေမှာမနေရဲဘဲ တောတောင်တွေမှာ ထွက်ပြေးနေရတယ်လို့ မြန်မာဒုက္ခသည်တွေက ပြောပါတယ်။
“အိမ်တိုင်းကို တက်စစ်ပြီးတော့မှ ရှာတာလုပ်လာတာ တစ်လဝန်းကျင်လောက်ရှိပြီပေါ့လေ"
အဲဒီဒေသဟာ မြန်မာနိုင်ငံ စစ်ကိုင်းတိုင်း တမူးမြို့နယ်ရဲ့တဘက်က နယ်စပ်ရွာတွေ ဖြစ်ပါတယ်။
မြန်မာဒုက္ခသည်တွေဟာ တောတောင်တွေထဲမှာ တိမ်းရှောင်နေကြရသလို မြန်မာနိုင်ငံ ဘက်ကို ပြန်ထွက်ပြေးလာကြရသူတွေလည်း ရှိနေတယ်လို့ မြန်မာဒုက္ခသည်တွေအရေး ဆောင်ရွက်နေတဲ့ India For Myanmar အဖွဲ့ တည်ထောင်သူ ဆလိုင်းဒိုခါရ်က RFA ကို ပြောပါတယ်။
“အိမ်တိုင်းကို တက်စစ်ပြီးတော့မှ ရှာတာလုပ်လာတာ တစ်လဝန်းကျင်လောက်ရှိပြီ ပေါ့လေ။ ဒီလိုရှာပြီးတော့မှ စာရင်းဇယားတွေပြုစုပြီးတော့မှ ဒီရလဒ်အပေါ်မှာ သူတို့အနေနဲ့ တစ်ခုခုလုပ်ဖို့ စဉ်းစားထားပုံရတယ်လို့ ကျနော်တို့ထင်တယ်။ ဒီလို တိုက်စစ်တဲ့အခါကျတော့ တိမ်းရှောင်နေတဲ့သူတွေ အများကြီးရှိတယ်။ ပြည်တွင်း ပြန်ဝင်သူတွေ အများကြီးရှိတယ်။ နောက်ပြီးတော့မှ ဒီစစ်ဘေးရှောင်ကျောင်းတွေ ပိတ်ထားတဲ့ဟာတွေ အများကြီးရှိတယ်။ ဒီလိုအခက်ခဲလေးတွေ ကြုံရတယ်။ နောက်ပိုင်း ထပ်မံပြီးတော့ ဖမ်းဆီးတဲ့ဟာမျိုးလေးတွေလည်း ရှိတယ်လို့ သတင်းထွက်နေတယ်”
ပြီးခဲ့တဲ့ ဇန်နဝါရီနဲ့ ဖေဖော်ဝါရီ နှစ်လအတွင်း မြန်မာဒုက္ခသည် ၁၇၀ ကျော် မဏိပူရ် ပြည်နယ် အင်ဖာအကျဉ်းထောင်ထဲမှာ ဖမ်းဆီးထိန်းသိမ်းခံထားရတယ်လို့လည်း India For Myanmar အဖွဲ့က ပြောပါတယ်။
အခုမတ်လအတွင်း ဖမ်းဆီးခံရတဲ့စာရင်းတွေကိုတော့ ပြုစုနေဆဲပဲလို့လည်း ဆိုပါတယ်။
မဏိပူရ်ပြည်နယ်မှာရှိတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေကိုလည်း မြန်မာဒုက္ခသည်တွေကို လက်မခံဖို့နဲ့ ရောက်လာတဲ့သူရှိရင်လည်း ပြန်မောင်းထုတ်ဖို့ အာဏာပိုင်တွေက မှာထားတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မဏိပူရ်ရောက် မြန်မာစစ်ဘေး ဒုက္ခသည်တစ်ဦးက RFA ကို ပြောပါတယ်။
“မဏိပူရ်မှာ သူတို့သတ်မှတ်ထားတဲ့ စစ်ဆင်ရေးဆင်းတဲ့ရွာက ၁၇ ရွာရှိတယ်။ နောက်ကျောက ချင်းရွာတွေ၊ နာဂရွာတွေအထိပါတယ်။ ဒီဘက်က စစ်ဘေးရှောင်တွေ ကလည်း များသောအားဖြင့် ဖြတ်ရင်ဒီနယ်စပ် တစ်လျှောက်ပဲဖြတ်တာလေ။ သူတို့ဒီရွာ၊ ဒီနယ်တွေကို စစ်ဆင်ရေးဆင်မယ်ဆို တောက်လျှောက် Refuge (စစ်ဘေးရှောင်) ရှိတဲ့ရွာတွေက အဲလိုပဲ။ ဥက္ကဋ္ဌတွေကလည်း နင်တို့ ဖမ်းဆီးတာတွေဘာတွေ ရှိတဲ့အတွက် သူတို့ကလည်း တာဝန်မယူပေးနိုင်တဲ့အတွက် သူတို့လာမယ်ဆိုရင် ရှောင်ပါဆိုပြီးမှ။ အဲမှာ သူတို့လာတော့မယ်ဆိုရင် ကျနော်တို့ Refuge (စစ်ဘေးရှောင်) တွေက ကိုယ်ပိုင်အိမ်လေးတွေ ဆောက်ကြတယ်။ အဲဒီအိမ်မှာ မနေရဲကြဘဲ ထွက်ပြေးကြရတယ်လေ။ ထွက်ပြေးတဲ့အခါကျတော့ သူတို့ရွာထဲဝင်လာရင် ဒီအိမ်တွေက ဘာဖြစ်လို့ လူမနေတာလဲ။ ဘယ်သွားကြတာလဲ။ ဒါမြန်မာပြည်က ဟာတွေလားလို့ ပြောတဲ့အခါကျတော့ မြန်မာပြည်က Refuge (စစ်ဘေးရှောင်) တွေကို လုံးဝမနေခိုင်းနဲ့ အကုန်လုံးပြန်မောင်းထုတ်ပါဆိုပြီး ဥက္ကဋ္ဌတွေကို သူတို့ပြောတာ”
အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ် မိုးရေးမြို့နယ်ဘက်ကို ထွက်ပြေးခိုလှုံနေတဲ့ မြန်မာ ဒုက္ခသည်တွေဟာ စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်ဘက်ကနေလာကြတာဖြစ်ပါတယ်။
မြန်မာနိုင်ငံဘက်ကနေ အိန္ဒိယဘက်ကို ထွက်ပြေးလာရပေမယ့် အထောက်အပံ့အကူအညီ မရလို့ မိသားစု စားဝတ်နေရေးအတွက် ရုန်းကန်လုပ်ကိုင်နေကြချိန်မှာ အိန္ဒိယဘက်က အခုလို ဖမ်းဆီးတာတွေလုပ်လာတဲ့အတွက် အားကိုးရာမဲ့နေကြတယ်လို့ မိုးရေးမြို့နယ်မှာ ရောက်နေတဲ့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ဒုက္ခသည် တစ်ဦးက RFA ကို ပြောပါတယ်။
“ကျနော်တို့ကတော့ ကိုယ့်နိုင်ငံ၊ ကိုယ့်မြို့က နေဖို့မသင့်တော့ အသက်လွတ်ရာကို ကိုယ့်မိသားစုလိုက် ဒီဘက်ကို ပြေးလာကြတာ။ ဒီဘက်မှာ အိန္ဒိယဘက်မှာ ပြေးလာတာဆိုပေမယ့်လည်း စားဝတ်နေရေးတွေက တအားကျပ်တယ်လေ။ ကြံရာကျပန်း လုပ်စားနေရတာ။ ဒီဘက် အိန္ဒိယဘက်ရောက်တော့လည်း အိန္ဒိယဘက်က ကျနော်တို့ စစ်ဘေးရှောင်တွေကို ဖမ်းတာဆီးတာ၊ အသက်ပျောက်တာ ဒီအဆင့်ထိရောက်ပြီဆိုတော့ တော်တော်လေးကို ရင်ထဲမှာ မကောင်းဘူး။ ဘယ်လိုပြောရမလဲ။ အခုချိန်မှာ ကျနော်တို့ စစ်ဘေးရှောင်ပြည်သူတွေက အားကိုးရာမဲ့တဲ့ သားသမီးလိုဖြစ်နေပြီ”
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၅ ရက်နေ့က မဏိပူရ်ပြည်နယ်၊ အင်ဖာထောင်ထဲမှာ အဖမ်းခံထား ရတဲ့ အသက် ၃၂ နှစ် အရွယ် မြန်မာစစ်ဘေးဒုက္ခသည် ကူကီးချင်းလူမျိုး ကိုလမ်းခိုချွန်း ရုတ်တရက် သေဆုံးခဲ့ပါတယ်။
အင်ဖာအကျဉ်းထောင်မှာ ဖမ်းဆီးခံထားရတဲ့ မြန်မာစစ်ဘေးဒုက္ခသည်တွေအတွက် ကျန်းမာရေးနဲ့ အကူအညီ အထောက်အပံ့တွေ လိုအပ်နေတယ်လို့ မြန်မာစစ်ဘေး ဒုက္ခသည်အရေး ကူညီဆောင်ရွက်ပေးနေတဲ့သူတွေက ပြောပါတယ်။
မြန်မာနိုင်ငံမှာ စစ်ကောင်စီဟာ အရပ်သားတွေအပေါ် အကြမ်းဖက်မှုတွေကျူးလွန်နေတာ ကြောင့် အသက်အန္တရာယ်လုံခြုံဖို့ အိန္ဒိယနိုင်ငံဘက်ကိုပြေးပြီး ခေတ္တခိုလှုံနေကြရတာပါ။
ဒါပေမဲ့ ဒုက္ခသည်တွကို အခုလို ဖမ်းဆီးတာတွေဟာ မဏိပူရ်အစိုးရမှာ လူသားချင်းစာနာမှု မရှိတာကိုပြသနေတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မိုးရေးမြို့နယ်က မြန်မာ စစ်ဘေးဒုက္ခသည်အရေး အကူညီပေးနေသူတစ်ဦးက RFA ကို ပြောပါတယ်။
"တကယ်တမ်းဆိုရင် ကျနော်တို့ ကိုယ့်နိုင်ငံကို ပစ်ချထားပြီးမှ ပျော်ရွင်လို့ သွားရခြင်း မဟုတ်ပါဘူးခင်ဗျ။ ကျနော်တို့ နိုင်ငံအုပ်ချုပ်ရေးစနစ်၊ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေး စနစ်ဟာ ဥပဒေမဲ့လို စနစ်ဖြစ်တဲ့အတွက်ကြောင့် ကျနော်ဆို မြန်မာပြည်သူ၊ ပြည်သားတွေကလည်းဖြစ်တဲ့ နယ်မြေအခြေနေ အရပေါ့ဗျာ။ အသက်တစ်ချောင်းကို တန်ဖိုးထားပြီးမှ ကျနော်တို့ ဒီဘက်ကမ်းကို ရောက်လာပါတယ်။ ကျနော်ရောက်လာတဲ့ အခါမှ ထပ်ဆင့်ဒုက္ခခံစားရတော့မယ်ဆိုရင် လူဖြစ်ရကျိူးမနပ်တဲ့ အခြေနေမျိုးလို ခံစားရတာပေါ့ဗျာ။ ကျနော်ဆို စစ်ရှောင်တဲ့အဖွဲ့အစည်းတွေက ကျနော်တို့ နိုင်ငံရေး၊ တိုင်းပြည်ရေး ကောင်းသွားပြီဆိုရင် ကျနော်တို့က တစ်သက်လုံးနေမယ့်သူ မဟုတ်ဘူး။ ပြန်သွားမှာပါ"
မြန်မာစစ်ဘေးဒုက္ခသည်တွေကို မဏိပူရ်အစိုးရက လိုက်ရှာပြီး ဖမ်းနေတာနဲ့ပတ်သက်လို့ အိန္ဒိယနိုင်ငံ နယူးဒေလီမှာရှိတဲ့ မြန်မာသံရုံးနဲ့ ရန်ကုန်မြို့အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးကို RFA က အီးမေးလ်နဲ့ ဆက်သွယ်မေးမြန်းထားပေမဲ့ ဒီနေ့ညနေပိုင်းအထိ အကြောင်းမပြန်သေးပါဘူး။
စစ်ကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနဲ့ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး Vinay Kumar တို့ မတ်လ ရ ရက်နေ့က နေပြည်တော်မှာ တွေ့ဆုံခဲ့ရာမှာ မြန်မာ - အိန္ဒိယ နှစ်နိုင်ငံနယ်စပ် ဒေသတည်ငြိမ်အေးချမ်းရေးနဲ့ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးဆိုင်ရာကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အိန္ဒိယနိုင်ငံမှာ ခိုလှုံနေတဲ့ မြန်မာ ဒုက္ခသည် ခြောက်သောင်းကျော်ရှိပြီး အဲဒီအထဲက မဏိပူရ်ပြည်နယ်ထဲမှာ ခိုလှုံနေတဲ့သူက တစ်သောင်းကျော်ရှိတယ်လို့ India For Myanmar အဖွဲ့က ပြောပါတယ်။
မြန်မာစစ်ဘေးဒုက္ခသည်တွေကတော့ မဏိပူရ်ပြည်နယ်အစိုးရက သူတို့ကို ခိုလှုံနေထိုင်ခွင့် ပေးဖို့ မျှော်လင့်နေကြပါတယ်။