၂၀၂၂ ခုနှစ်အတွင်း စစ်ဘေးဒုက္ခသည် နှစ်ဆကျော်မြင့်တက်

RFA Burmese
2023.01.04
၂၀၂၂ ခုနှစ်အတွင်း စစ်ဘေးဒုက္ခသည် နှစ်ဆကျော်မြင့်တက် စစ်ကိုင်းတိုင်း မြောင်မြို့နယ်မှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၅ ရက်နေ့က တွေ့ရစဉ်။
CDSOM

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၁၄ ရက် နေ့အထိ နှစ်နှစ်နီးပါးကာလအတွင်း နိုင်ငံတစ်ဝန်း စစ်ဘေး ဒုက္ခသည် နှစ်သန်းနီးပါး (၁,၉၁၂,၇၆၉ ဦး) အထိ ရှိလာတယ်လို့ မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒရေးရာလေ့လာရေး အင်စတီကျု ISP- Myanmar က ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၇ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

၂၀၂၁ ခုနှစ်အတွင်း ဒုက္ခသည် ငါးသိန်းခွဲကျော် (၅၅၇၆၂၅ ဦး) ရှိခဲ့ပေမယ့် ၂၀၂၂ ခုနှစ် အတွင်းမှာတော့ ဒုက္ခသည် ၁.၃ သန်းကျော် (၁,၃၅၅,၁၄၄ ဦး) အထိ နှစ်ဆကျော် တိုးလာတာပါ။

"အာဆီယံကနေပြီးတော့ ကျနော်တို့ကို ကူညီပေးရင်တော့ အကောင်းဆုံးပေါ့ဗျာ"

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာမသိမ်းခင်က ပြည်တွင်း စစ်ဘေးဒုက္ခသည် ငါးသိန်းနီးပါး (၄၉၇,၂၀၀ ဦး) ရှိနေသလို အာဏာမသိမ်းခင်နဲ့ သိမ်းပြီးကာလ နှစ်ရပ်လုံးမှာ နယ်စပ်ဖြတ်ကျော်ထွက်ပြေးရတဲ့ ဒုက္ခသည် အရေအတွက်ကလည်း တစ်သန်းကျော် (၁,၀၀၉,၁၉၀ ဦး) ရှိနေတာကြောင့် ISP-Myanmar ရဲ့ စာရင်းတွေအရ အခုဆိုရင် ဒုက္ခသည်အရေအတွက် သုံးသန်းခွဲကျော်ရှိနေပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခတွေကြောင့် နိုင်ငံတစ်ဝန်း ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးဒုက္ခသည်တွေထဲမှာ စစ်ကိုင်းတိုင်းက အများဆုံး ဖြစ်ပြီး စစ်ကိုင်းတိုင်း လူဦးရေရဲ့ ၁၅ ရာခိုင်နှုန်းဖြစ်တဲ့ လူဦးရေရှစ်သိန်းနီးပါးဟာ စစ်ဘေး ဒုက္ခသည်ဖြစ်လာတယ်လို့ ISP-Myanmar က ဖော်ပြပါတယ်။

အခက်အခဲမျိုးစုံနဲ့ ရင်ဆိုင်နေကြရတယ်လို့ တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေ ရတဲ့ စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့နယ်၊ မြင်းဆည်ကျေးရွာက စစ်ဘေးဒုက္ခသည် တစ်ဦးက RFA ကို ပြောပါတယ်။

“စားဝတ်နေရေးကလည်း တော်တော့်ကို ရုန်းကန်နေရပါတယ်။ စားတဲ့လူကို နီးရာက ကျွေးမွေးတာကလည်း တစ်ရက်နှစ်ရက်ဆို ကိစ္စမရှိဘူး။ အခုဟာက ဆယ်ရက်ပိုင်း လောက် ရှိလာတဲ့အခါကျတော့ ကျနော်တို့ဟာ တော်တော်လေးပဲ အခက်အခဲတွေဟာ အမျိုးမျိုးကြုံတွေ့ရပါတယ်ခင်ဗျ။ ဆောင်းတွင်းအင်္ကျီတွေ၊ အနွေးထည်ကအစ၊ စောင်ကအစပေါ့ဗျာ။ အဲဒါမျိုးတွေ ကျနော်တို့မှာ ကြုံတွေ့နေရပါတယ်ခင်ဗျ။ အာဆီယံကနေပြီးတော့ ကျနော်တို့ကို ကူညီပေးရင်တော့ အကောင်းဆုံးပေါ့ဗျာ။ အတိုင်းထက်အလွန်ပေါ့ခင်ဗျာ။ ဘာပဲအကူအညီ ပေးပေးပါ”

ကမ္ဘောဒီးယားနိုင်ငံက အာဆီယံဥက္ကဋ္ဌ တာဝန်ယူထားတဲ့ ကာလဖြစ်တဲ့ ၂၀၂၂ ခုနှစ်၊ မေလ ၆ ရက်နေ့က ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့မှာ မြန်မာနိုင်ငံက ဒုက္ခသည်တွေအတွက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ အမြန်ဆုံးပေးအပ်နိုင်ဖို့ ဆွေးနွေးညှိနှိုင်းခဲ့ကြပြီး စစ်ကောင်စီရဲ့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာနကတစ်ဆင့် အကူအညီတွေပေးအပ်ဖို့ သဘောတူခဲ့ကြပါတယ်။

ဒါပေမဲ့ တကယ်လိုအပ်နေတဲ့ ဒုက္ခသည်တွေ အကူအညီမရရှိသေးဘူးလို့ ဒုက္ခသည်တွေနဲ့ ဒုက္ခသည်အရေး အကူအညီပေးနေသူတွေက ပြောပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးကိုကိုလှိုင်ကို RFA က ဖုန်းနဲ့ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ လူသားချင်း စာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးကတော့ စစ်ကောင်စီက တားဆီးပိတ်ပင်တာကြောင့် အာဆီယံအနေနဲ့ လူသားချင်းစာနာ ထောက်ထားမှု အကူအညီတွေကို ထိထိရောက်ရောက်မပေးနိုင်တာလို့ RFA ကို ပြောပါတယ်။

“အာဆီယံကနေပြီးတော့ ဦးဆောင်ဆောင်ရွက်ခဲ့တဲ့ လူသားချင်းစာနာထောက်ထားမှု အကူအညီနဲ့ပတ်သက်ပြီးတော့ ကျနော်တို့အနေနဲ့ ဘာပဲဖြစ်ဖြစ်လေးစားတယ်။ သို့သော်လည်း ထိထိရောက်ရောက် မထောက်ပံ့နိုင်ဘူး။ ဘာကြောင့်လဲဆိုတော့ စစ်ကောင်စီက လူသားချင်းစာနာထောက်ထားမှု အကူအညီတွေကို တကယ်လိုအပ်တဲ့ သူတွေဆီကို ထိထိရောက်ရောက် ရောက်ရှိအောင်မဆောင်ရွက်နိုင်ဘူး။ ဘာကြောင့်လဲ ဆိုတော့ ဒုက္ခရောက်နေတဲ့ ပြည်သူအများစုဟာ တော်လှန်ရေးအင်အားစုတွေဖြစ်နေလို့။ ဒါကြောင့်မို့လို့ ထောက်ပံ့ကူညီဖို့အတွက်ကို ပိတ်ပင်တားဆီးတာတွေရှိနေတာ။ ဒါတွေဟာ အင်မတန်အရေးကြီးတဲ့ ထောက်ပံ့မှုလိုအပ်နေတဲ့လူတွေဟာ အထောက်အပံ့ မရဘဲနဲ့ ဒုက္ခခံစားနေကြရတာဖြစ်ပါတယ်”

ဒါပေမဲ့ အင်ဒိုနီးရှားနိုင်ငံက အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ကို မကြာခင်မှာ ဆောင်ရွက် တော့မှာဖြစ်တာကြောင့် လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးကိစ္စတွေမှာ ဆောင်ရွက်ပေးနိုင်ဖို့ တထစ်ချယုံကြည်တယ်လို့ ဒေါက်တာဝင်းမြတ်အေးက ပြောပါတယ်။

တကယ်တော့ အာဆီယံမှာ ဒုက္ခသည်ဆိုင်ရာအဖွဲ့အစည်း အခုထိမရှိသေးတဲ့အတွက် အာဆီယံသဘာဝဘေး အန္တရာယ်လျော့ပါးသက်သာရေးအဖွဲ့ AHA စင်တာက ဆောင်ရွက်နေတာပါ။

ဒါကြောင့် လူသားချင်းစာနာမှု ကူညီရေးဆိုင်ရာအဖွဲ့တွေကလည်း ဒုက္ခသည်အရေး ဆောင်ရွက်မယ့်အဖွဲ့အစည်း တစ်ရပ်ဖွဲ့စည်းဖို့လိုအပ်နေပြီလို့ အရှေ့တောင်အာရှ နိုင်ငံများအဖွဲ့က အာဆီယံကို ပြီးခဲ့တဲ့သီတင်းပတ်အတွင်း တိုက်တွန်းထားပါတယ်။

karen-refugees.jpeg
ကရင်ပြည်နယ်မှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၅ ရက်နေ့က တွေ့ရစဉ်။ (Citizen Journalist)

ကယားပြည်နယ်က စစ်ဘေးဒုက္ခသည်တွေကို ထောက်ပံ့ကူညီပေးနေတဲ့ ကရင်နီလူအခွင့် အရေးအဖွဲ့ ညွှန်ကြားရေးမှူး ကိုဗညားကတော့ မြန်မာနိုင်ငံက စစ်ဘေးဒုက္ခသည်တွေကို လူသားချင်းစာနာထောက်ထားမှု အကူအညီပေးနိုင်ဖို့အတွက် အာဆီယံကအလုပ် မဖြစ်နိုင်ဘူးလို့ RFA ကို ပြောပါတယ်။

“ပွင့်ပွင့်လင်းလင်းပြောရင်တော့ ကျနော်တို့က အပြင်အရပ်ဘက်နဲ့ ဆက်စပ်ပြီးတော့ မှလေ ဟို ၂၀၀၀ ခုနှစ် ဝန်းကျင်ကတည်းကနေ ၂၀၀၀ ဝန်းကျင် ၂၀၁၀ ခုနှစ်ကစပြီး တော့မှ ပွင့်ပွင့်လင်းလင်းပြောရရင်တော့ ပိုပြီးတော့မှ အနီးကပ်စောင့်ကြည့်မိတယ် ပေါ့နော်။ အစီအစဉ်တို့၊ နောက်ပြီးတော့ လူ့အခွင့်အရေး AHA တို့ပေါ့နော်။ နောက်ပြီးတော့မှ တိုင်ကြားနိုင်တဲ့ လူ့အခွင့်အရေးလုပ်ငန်းစဉ်တွေကို ကျနော်တို့ ကြည့်လိုက်ကတည်းက သိထားပြီးသားပဲ။ အာဆီယံက အလုပ်မဖြစ်ဘူးဆိုတာကို ပေါ့နော်။ ဘယ်လိုမှ အလုပ်မဖြစ်ဘူးဆိုတာသိတယ်”

တိုက်ပွဲတွေနဲ့အတူ စစ်ဘေးဒုက္ခသည်တွေလည်း ပိုတိုးလာနိုင်ပြီး စစ်ကောင်စီရဲ့ ပိတ်ပင်တားဆီးမှုတွေကြောင့် လူသားချင်းစာနာထောက်ထားမှု အကူအညီပေးနိုင် မှုတွေကလည်း ပိုပြီးကျပ်တည်းလာနိုင်တယ်လို့ ကိုဗညားက သုံးသပ်ပါတယ်။

စစ်အာဏာသိမ်းပြီးနောက် နိုင်ငံတစ်ဝန်း လက်နက်ကိုင် ပုန်ကန်မှုတွေ ပေါက်ပေါက် လာပြီး စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တွေမှာ တိုက်ပွဲတွေဖြစ်ပွား ခဲ့တာပါ။

အိုးအိမ်စွန့်ခွာထွက်ပြေးသူတွေ တိုးလာနေပေမယ့် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီ ပေးဖို့မှာတော့ အကန့်အသတ်တွေရှိနေတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး UNOCHA က ပြီးခဲ့တဲ့လက ထုတ်ပြန်ထားပါတယ်။

ဒါပေမဲ့ ဒီလိုလူသားချင်းစာနာထောက်ထားမှု အကူအညီတွေ မရောက်ဘူးဆိုတဲ့ ဝေဖန်သံတွေကိုတိတ်သွားစေဖို့ ကြားထဲကဝင်ရောက်လုပ်ကိုင်မယ့် အဖွဲ့အစည်းတွေမှာ စစ်ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်နိုင်တဲ့ အခွင့်အရေးတွေအများကြီးရှိနေတယ်လို့ စစ်တပ်အရာရှိဟောင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့ အမှုဆောင် ညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦးက ပြောပါတယ်။

“နာဂစ်ကစလို့ မြန်မာပြည်မှာဖြစ်တဲ့ သဘာဝဘေးအန္တရာယ်မျိုးစုံပေါ့နော်။ ဒီသဘာဝ ဘေးအန္တရာယ်ကြောင့်ပဲဖြစ်ဖြစ်၊ ခုနက ပြောသလို လက်နက်ကိုင်ပဋိပက္ခကြောင့် ထဖြစ်ကြတာပဲဖြစ်ဖြစ် မရောက်ကြဘူးလို့ ပြောကြတာပဲ။ အဲဒါဆိုရင်တော့ ပူးပေါင်း ဆောင်ရွက်မယ်၊ ဘယ်လောက်ထိ ပူးပေါင်းဆောင်ရွက်မလဲ။ အဲဒါတွေကကြားထဲက ဝင်လုပ်မယ့်အဖွဲ့အစည်းတွေက ဒါနဲ့ပတ်သက်ပြီးတော့ သူတို့ အများကြီးပူးပေါင်း ဆောင်ရွက်လို့ရတယ်။ ပြောရရင် အခွင့်အလမ်းတွေ အများကြီးရှိတယ်။ အစိုးရနဲ့ ဘယ်လောက်အထိ လုပ်နိုင်မလဲ။ အဲဒီအပေါ်မှာမူတည်ပြီး မှတ်တမ်းမှတ်ရာတွေလည်း ထွက်လာမှာပဲလေ။ အဲဒါပေါ် သုံးသပ်မယ်ဆိုရင်တော့ ကျန်တဲ့လူတွေ၊ ဝေဖန်မှုတွေကို အထိုက်အလျောက်တိတ်သွားအောင် လုပ်ပစ်လိုက်လို့ရပါတယ်”

စစ်ဘေးဒုက္ခသည်အရေအတွက် လျော့ကျဖို့ဆိုရင်တော့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေနဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေအနေနဲ့ သာမန်အရပ်သားပြည်သူ တွေ နေတဲ့နေရာမှာ တိုက်ပွဲမဖြစ်အောင်ရှောင်ဖို့လိုတယ်လို့လည်း ဦးသိန်းထွန်းဦးက ပြောပါတယ်။

RFA က ပြုစုထားတဲ့စာရင်းတွေအရ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ ဖမ်းဆီး သတ်ဖြတ်မှုတွေကြောင့် ၂၀၂၂ ခုနှစ်အတွင်း စစ်ကိုင်း၊ မကွေး၊ မန္တလေး၊ ကချင်၊ ကယား၊ ချင်း၊ ရခိုင်၊ ကရင်နဲ့ ရှမ်းပြည်နယ်အစရှိတဲ့ တိုင်းနဲ့ ပြည်နယ် ၉ ခုမှာ စုစုပေါင်း လူ ၆၄၆ ဦးသေဆုံးခဲ့ပါတယ်။

ဒါကြောင့် မြန်မာနိုင်ငံက စစ်ဘေးဒုက္ခသည်တွေကို စစ်ကောင်စီနဲ့မပတ်သက်ဘဲ တခြားနည်းလမ်းတွေနဲ့ ကူညီပေးဖို့ နိုင်ငံတကာကို တိုက်တွန်းလိုတယ်လို့ မြန်မာနိုင်ငံ လူ့အခွင့်အရေးကွန်ရက် (BHRN) ရဲ့ အမှုဆောင် ညွန်ကြားရေးမှူး ဦးကျော်ဝင်းက ပြောပါတယ်။

“ပြည်သူတွေ ဒီလိုဘဝရောက်သွားတယ်ဆိုတာက စစ်တပ်ရဲ့ ယုတ်မာမှုနဲ့ လူမဆန်တဲ့ လုပ်ရပ်တွေကြောင့်၊ ရာဇဝတ်မှုတွေကြောင့် ပြည်သူတွေ အိုးမဲ့အိမ်မဲ့တွေဖြစ်ပြီးတော့ ရာသီဥတုဒဏ်ကို အလူးအလဲခံနေရတယ်လို့ မြင်တယ်ပေါ့နော်။ ဆိုတော့ ဒီစစ်တပ်က တစ်ဆင့် ကူညီတဲ့အကူအညီဆိုတာကလည်း အလကားပဲ။ ဘယ်လိုမှ မဖြစ်နိုင်တဲ့ကိစ္စပဲ။ နိုင်ငံတကာ အဖွဲ့အစည်းအချို့က ဒီလိုဟာကို ဟုတ်လိုငြား သူတို့လည်း ကြိုးစားတယ် ဆိုတာ ဒါ အဓိပ္ပာယ်မရှိတဲ့ဟာပေါ့နော်။ ဆိုတော့ ဒါကြောင့်နိုင်ငံတကာကို ကျနော်တို့ တင်ပြနေတာကတော့ စစ်တပ်နဲ့ မပတ်သက်ဘဲနဲ့ တခြားနည်းတွေနဲ့ အကူအညီ ပေးဖို့အတွက်ပဲ ကျနော်တို့ တင်ပြနေတယ်”

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ ၂၀၂၂ခုနှစ်၊ ဒီဇင်ဘာလ ၃၀ ရက်နေ့ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတစ်ဝန်းမှာ နေရပ်စွန့်ခွာ ရှောင်တိမ်းနေရသူ ၁.၅ သန်းရှိနေပါတယ်။

အခုနှစ်သစ်မှာလည်း လက်နက်ကိုင်ပဋိပက္ခတွေဟာ လက်ရှိအခြေအနေအတိုင်း ဒါမှမဟုတ် ပိုဆိုးလာနိုင်ခြေရှိနေပြီး လူသားချင်းစာနာထောက်ထားမှု အကူအညီလိုအပ်သူ ၁၇.၆ သန်းအထိရှိလာနိုင်တယ်လို့ UNOCHA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
ငလျင်ဒဏ်သင့် ပြည်သူအချို့ နိုင်ငံတကာအထောက်အပံ့နဲ့ အလှမ်းဝေးနေ
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။