ငွေဈေးနှစ်ဆတက်ပြီးနောက် တပြည်လုံး အခက်အခဲနဲ့ ရင်ဆိုင်နေရ
2021.09.29

အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့တွေရဲ့ နိုင်ငံအနှံ့ ရက်ရက်စက်စက်သတ်ဖြတ်မှု၊ ဖျက်ဆီးလုယက်မှု သတင်းတွေနဲ့အတူ ခုခံတော်လှန်သူတွေရဲ့အံတုလှုပ်ရှားမှုတွေကြောင့် မြန်မာနိုင်ငံရဲ့ အခြေအနေတွေ တနေ့တခြား ဆိုးဝါးလာနေတာကို မြင်ရပါတယ်။
ငွေကြေးဖောင်းပွမှုမကြုံစဖူးမြင့်မားလာနေပြီး အင်္ဂါနေ့က အမေရိကန် ၁ ဒေါ်လာကို ကျပ်ငွေ ၂၇ဝဝ ကျော် ဖြစ်သွားခဲ့ပါတယ်။ မနေ့ကဆိုရင် ရောင်းမယ့်သူတောင် မရှိဘူးလို့ ရန်ကုန်မြို့ရှိ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောကြားပါတယ်။
“မနေ့က (စက်တင်ဘာ၂၈ ရက်နေ့) ပေါက်ဈေးက မနက်ပိုင်း ၂၃ဝဝ ရှိရာကနေ ဟိုဖွ ဒီဖွ နဲ့ ညနေကျတော့ ၂၇ဝဝ ဖြစ်သွားတယ်၊ ညကျတော့ ၃ဝဝဝ ဖြစ်ပြန်တယ်၊ မနက်ကျတော့ ၃၂ဝဝ ဖြစ်ပြန်ရော၊ တကယ်တော့ အရောင်းအဝယ် မဖြစ်ဘူး။ ဒီနေ့ရောင်းပါမယ်ဆိုတဲ့သူကို မေးတာ ၂၈ဝဝ၊ တကယ်တမ်းကျ သွားဝယ်ရင် မရဘူး။ လူတွေက ဘာမှန်းမသိတော့ လက်ထဲရှိတာကို မရောင်းရဲကြဘူး။ ဗဟိုဘဏ်က ထုတ်တဲ့ ပိုက်ဆံက ဘယ်ရောက်သွားလဲ မပြောတတ်၊ အမှန်က money changer ကို ရောင်းတာပေါ့။ အရင်တုန်းက ဗဟိုဘဏ်က ဘယ်သူ့ကိုရောင်းတယ်ဆိုတာ စာရင်းထွက်တယ် အခုတော့ မထွက်ဘူး”
တဆက်တည်းမှာပဲ နေဝင်မိုးချုပ်တဲ့အထိ ဘဝတဝမ်းတခါးရှာဖွေနေရသူတွေကို ဝမ်းနည်းစရာ နေရာတကာ မြင်နေရတယ်လို့ သူက ပြောပါတယ်။
“ရပ်ကွက်တွေထဲမှာ တွန်းလှည်းနဲ့ဈေးသည်တွေ အရမ်းများလာတယ်၊ ကားနဲ့တွန်းတဲ့ ဈေးသည်တွေ ဆိုက်ကားနဲ့တင်ရောင်းတဲ့လူတွေ များလာတယ်။ ဈေးသည်တွေက မိုးလင်းမိုးချုပ် ညနေ ၆ နာရီတောင်မှာ တွန်းလှည်းပေါ်မှာ ကြက်သားရတယ်။ မီးပွိုင့်တွေမှာ တောင်းတဲ့သူတွေ အရမ်းများလာတယ်။ ပိုက်ဆံတောင်းတာတွေ၊ စပါးတွဲ ရောင်းတာတွေ၊ စားစရာမရှိလို့ပါ စပါးတွဲလေးတော့ဝယ်ကြပါဆိုပြီး ရင်ဘတ်မှာစာဆွဲထားတယ်၊ စာကလေးစားတဲ့ စပါးတွဲလေ။”
ရန်ကုန်တိုင်း ကွမ်းခြံကုန်းမြို့နယ်မှာ လယ်မြေဧက ၃ဝ ခန့် စိုက်ပျိုးလုပ်ကိုင်နေတဲ့ လယ်သမား ဒေါ်လှ ကလည်း လယ် ၁ ဧကကို စိုက်ပျိုးစရိတ် ကျပ်ငွေ ၅ သိန်းခန့်ရှိနေပြီဖြစ်လို့ လက်ရှိနွေစပါးတွေရိတ်သိမ်းပြီးရင်ေ နာက်ထပ် စိုက်နိုင်တော့မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။
“အစစ အရာရာအားလုံး ဈေးတွေ တက်တော့ လယ်တဧကကို ၅ သိန်းကျော်ကျော် ကျတော့ မလုပ်နိုင်တော့ဘူး၊ အခုနောက်ပိုင်း ဓာတ်မြေသြဇာဈေးကလည်း မနှစ်က တအိတ်ကို နှစ်သောင်းခွဲ ၊ ဒီနှစ်ကို တအိတ်ကို လေးသောင်းကျော်ကနေ အခု ခြောက်သောင်းကျော် ဖြစ်သွားတယ်။ မနှစ်က မျိုးစပါးဈေးက တတင်းကို ၇ ထောင်၊ ဒီနှစ်က တစ်သောင်း။ ဒီဇယ်ဈေးကလည်း တက်တယ်။ လယ်သမားက မိုးတွေရွာလို့ရှိရင် ရေများလို့ရှိရင် ရေလွှတ်ရတာ၊ လိုအပ်ရင် ရေပြန်မောင်းတင်ရတာ များတော့ အခုဆိုရင် တစ်လီတာကို ၁၃၄ဝ ရှိတယ်။ ဗမာလို တန်ဆောင်မုန်းလဆိုရင် ဆောင်းရာသီစပါးဖြစ်တယ်။ အဲဒီအချိန်ကျရင် စပါးပြီးလို့ ရိတ်သိမ်းပြီးတာနဲ့ တပြိုင်နက် ရေတွေမောင်းတင်ကြ၊ ပြန်လယ်ထွန်၊ ပြန်ကြဲ အဲလိုမျိုး မလုပ်နိုင်တော့ဘူး။ ဘာလို့လဲဆိုတော့ ဒီဇယ်ကိုပဲ အားကိုးရတာ၊ ပြီးတော့ ဓာတ်မြေသြဇာကိုပဲ အားကိုးရတာဆိုတော့ လာမယ့်ဆောင်းရာသီစပါးကို စိုက်မယ့်သူ မရှိတော့ဘူး”
မုံရွာမြို့ရှိ အရှင်မေဓိယ ကိုယ်တော်ကလည်း ပတ်ဝန်းကျင်မြို့ရွာပြည်သူတွေ အစားအစာအခက်အခဲနဲ့ လုံခြုံမှုမရှိတဲ့ဒဏ်တွေကို ခံစားနေရတယ်လို့ မိန့်ကြားပါတယ်။
“ယင်းမာပင်တို့ ကနီတို့ ဘုတလင်တို့ အဲဒီဘက်မှာတော့ တော်တော်လေး အခြေအနေဆိုးကြတယ်။ တိုက်ပွဲတွေဖြစ်နေတော့ ပြေးကြလွှားကြတာနဲ့ ဖမ်းဆီးခံရတာနဲ့ဆိုတော့ အခြေအနေက မကောင်းကြဘူး”

ကုန်ဈေးနှုန်းကြီးမှုဒဏ်ကို သာမန်ဆင်းရဲသားလူတန်းစားက ပိုမိုခါးသီးစွာ ခါးစည်းခံနေရတာပါ။ မင်္ဂလာဒုံမြို့နယ်မှာ ရှမ်းခေါက်ဆွဲရောင်းတဲ့ ဒေါ်ငယ် က သူ့ဝင်ငွေ အရင်ကထက် တဝက်ကျော် လျော့နည်းသွားတယ်လို့ RFA ကို ပြောပါတယ်။
“အရင်က ၈ဝဝ ရောင်းတောပေါ့နော်။ အခုက ကုန်ဈေးနှုန်းတအားတက်တော့ ဘယ်လိုမှ မတတ်နိုင်တော့ ၂ဝဝ ထပ်တိုးလိုက်တော့ ၁ဝဝဝ ဖြစ်သွားတာပေါ့။ အရင်တုန်းကတော့ ၄-၅ သောင်းဖိုးရောင်းရတာ အခုတော့ တစ်သောင်းခွဲ နှစ်သောင်းဖိုးပဲ ရောင်းရတယ်။ အရင်တုန်းက တရက်ကို ပွဲ ၃ဝ - ၄ဝ ရောင်းရတယ် အခုကျတော့ တရက်ကို ၁ဝ ပွဲ ၁၅ ပွဲ အဲလောက်ပဲ ရောင်းရတယ်။”
ဒီလို အခက်အခဲတွေကြားကပဲ အားတင်းရင်ဆိုင် ကြံ့ကြံံ့ခံနေတဲ့ ရန်ကုန်မြို့က CDM ဝန်ထမ်းတစ်ဦးရဲ့သဘောထားကိုတော့ အခုလိုကြားရပါတယ်။
“NUG အစိုးရထံကနေ အကူအညီ မရသေးပါဘူး၊ NUG အစိုးရကလည်း အခက်အခဲမျိုးစုံရှိမယ် ထင်ပါတယ်။ ကျမတို့အစိုးရကို ကျမတို့ အပြည့်အဝယုံကြည်ထောက်ခံပါတယ်။ နားလည်ပါတယ် ထောက်ပံ့ကြေး မရပေမဲ့လည်းပေါ့နော်”
မြန်မာနိုင်ငံရဲ့ အခြေအနေတွေ လာမယ့်လအတွင်း ဘက်ပေါင်းစုံ ပိုမိုဆိုးဝါးလာနိုင်တယ်လု့ိ ဝေဖန်သုံးသပ်သူတွေက ခန့်မှန်းနေကြပါတယ်။