မြန်မာ နဲ့ R2P

2021.04.04

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းအပြီး၊ အခြေအနေတွေ ပိုမိုဆိုးရွားလာနေတာကြောင့်၊ R2P ခေါ် ပြစ်မှုကြီးတွေကနေ အကာအကွယ်ပေးရေးတာဝန်ရှိမှု လုပ်ငန်းစဉ်ကို ကုလသမဂ္ဂလုံခြုံရေးကောင်စီက အကောင်အထည်ဖော်ဖို့ လိုအပ်လာနေကြောင်း GLF ခေါ် ကမ္ဘာလုံးဆိုင်ရာ ဦးဆောင်မှု ဖောင်ဒေးရှင်းက ပြောပါတယ်။

စစ်တပ်က အာဏာသိမ်းလိုက်ပြန်တဲ့၊ မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေဟာ တစတစ  ပိုမိုဆိုးရွားလာပြီး၊ သွေးချောင်းစီးမယ့် အနေအထားတရပ်ဆီ ဦးတည်လာနေတာကြောင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေနဲ့ ဒီအခြေအနေကို တားဆီးရပ်တန့်ပေးဖို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Christine Burgener က ကြာသပတေးနေ့က ပြင်းပြင်းထန်ထန် တိုက်တွန်းလိုက်ပါတယ်။

မြန်မာပြည်သူတွေအတွက် သင့်တော်ထိုက်တန်တဲ့ အခွင့်အရေးတွေအတွက်၊ ရနိုင်သမျှနည်းလမ်းတွေ၊ စုပေါင်းဆောင်ရွက်မှုတွေ ဖေါ်ဆောင်ပေးဖို့လည်း လုံခြုံရေးကောင်စီ တံခါးပိတ်ဆွေးနွေးပွဲမှာ ပြောဆိုခဲ့ ပါတယ်။ သူ့အနေနဲ့ စစ်တပ်အစိုးရနဲ့ ဆွေးနွေးဖို့တံခါးဖွင့်ထားဆဲဖြစ်ပေမဲ့၊ စစ်တပ်ဘက်က အသင့်ဖြစ်လာဖို့ ကိုသာ စောင့်ဆိုင်းနေရမယ်ဆိုရင် လက်ရှိပကတိအခြေအနေ ပိုမိုဆိုးရွားလာပြီး၊၊ သွေးချောင်းစီးမယ့်ကိန်း ဆိုက်သွားနိုင်တယ်လို့လည်း ပြောပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်း ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေအတွင်း စစ်တပ်ကရေးဆွဲထားတဲ့ ၂၀၀၈ အခြေခံ ဥပဒေစာအုပ်ကို ဆန္ဒပြလူထုက မီးရှို့ ဖျက်ဆီးခဲ့ပါတယ်။ စစ်တပ်အာဏာသိမ်းအပြီး၊ လွတ်မြောက်နယ်မြေ တွေမှာ  ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်အမတ်တွေနဲ့  အစိုးရအဖြစ် ဖွဲ့စည်းခဲ့တဲ့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ CRPH ကလည်း၊  လွှတ်တော်မှာ စစ်တပ်ကို ၂၅ ရာခိုင်နှုန်းနေရာပေးထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပေဒ  အလိုအလျောက် ပျက်ပြယ်ခဲ့ပြီးဖြစ်ကြောင်း၊ ဖက်ဒရယ်ဒီမိုကရေစီ အခြေခံဥပဒေ ကို ကြားဖြတ်အဖြစ်အဖြစ် ကျင့်သုံးမှာဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။ ဒါ့ပြင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေ အားလုံးကိုစုစည်းပြီး ဖက်ဒရယ် ပြည်ထောင်စု တပ်မတော်အဖြစ် ဖွဲ့စည်းရေးလည်း ပါဝင်ပါတယ်။ စစ်အစိုးရကတော့ CRPH ကို မတရားသင်းအဖြစ် ကြေညာခဲ့ပါတယ်။

စစ်တပ် အာဏာသိမ်းခဲ့တဲ့ ဖေဖေါ်ဝါရီ ၁ ရက်နေ့ကစလို့ ဧပြီလ ၁ ရက်နေ့အထိ တစ်နိုင်ငံလုံးမှာ  စစ်တပ်က ပစ်ခတ်လို့ သေဆုံးသူ ၅၂၀ ကျော်ရှိခဲ့ပြီဖြစ်ပါတယ်။ မီးရှို့မှုတွေလည်းဖြစ်ပွားခဲ့ပါတယ်။ စနေနေ့ကတော့ ကရင်ပြည်နယ်မှာ  စစ်တပ်တပ်ရင်းတစ်ခုကို KNU လက်နက်ကိုင်အဖွဲ့က သိမ်းပိုက်လိုက်ပြီးတဲ့နောက်၊ စစ်တပ် က လေကြောင်းကနေ တိုက်ခိုက်ခဲ့ပါတယ်။ နှစ် ၂၀ အတွင်း ပထမဆုံး လေကြောင်းတိုက်ခိုက်မှုဖြစ် ပါတယ်။  စစ်တပ်ရဲ့ ရက်စက်မှု ဆိုးရွားလွန်းတဲ့အတွက် တိုင်းရင်းသားတွေ မခံနိုင်တော့ဘဲ ပြည်တွင်းစစ် ကြီးထွားလာနေရကြောင်း၊ ရေရှည်မှာ ဒေသတွင်းနိုင်ငံတွေကို ပါထိခိုက်လာနိုင်ကြောင်း Christine Burgener က ပြောပါတယ်။ ဒါ့ပြင် ကုလသမဂ္ဂအနေနဲ့ ဆွေးနွေးညှိနှိုင်းဖို့ အမြဲတံခါးဖွင့်ထားကြောင်း၊ ဒါပေမဲ့ ဆွေးနွေးဖို့အတွက် စစ်ကောင်စီဘက်က အသင့်ဖြစ်ချိန်အထိ ထပ်စောင့်နေရမယ်ဆိုရင် လမ်းတွေပေါ်မှာ လူတွေပိုပြီး သေကြေကြရပါလိမ့်မယ်လို့ ပြောဆိုခဲ့ပါတယ်။

ဆန္ဒပြလူထုကို စစ်တပ်က အင်အားသုံး အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်နေစဥ်အတွင်း၊ ဗြိတိန်နိုင်ငံက လုံခြုံရေးကောင်စီမှာ အရေးပေါ် စည်းဝေးပွဲခေါ်ယူခဲ့ပါတယ်။ ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ် Linda Thomas-Greenfield ကလည်း  မြန်မာစစ်တပ်က အာဏာမစွန့်ဘဲ၊ ပြည်သူတွေကို ဆက်လက်ဖိနှိပ်သတ်ဖြတ်နေမယ်ဆိုရင် ဘယ်လို ဆက်လက်ဆောင်ရွက်မလဲဆိုတာ စဉ်းစားကြ ဖို့၊ ကုလသမဂ္ဂနည်းလမ်းတွေက ရှေ့တိုးဖို့အလုပ်မဖြစ်ရင်၊ စစ်ကောင်စီက လူသတ်တာတွေရပ်ပြီး ဘားတိုက်မပြန်ဘူးဆိုရင်၊ အမေရိကန်စစ်တပ်က တခြားဆောင်ရွက်နိုင်တဲ့နည်းလမ်းတွေနဲ့ ကိုင်တွယ် ဖြေရှင်းသွားမယ်လို့ ပြောဆိုခဲ့ပါတယ်။

ဒီအတွင်း တောင်အာဖရိက သမ္မတဟောင်း De Klerk  နဲ့  နယူးဇီလန်ဝန်ကြီးဟောင်း Helen Clark တို့က မြန်မာနိုင်ငံမှာ အာဏာသိမ်းစစ်အစိုးရရဲ့  ရက်စက်ကြမ်းကြုတ်မှုကြောင့် ပြည်သူတွေ ရာနဲ့ချီ သေဆုံးနေ ကြရကြောင်း၊ မြန်မာ့ အခြေအနေအပေါ်  အလေးအနက်စိုးရိမ်ကြောင်း၊ ကုလသမဂ္ဂ အတွင်းရေးမှူး ချုပ် Antonio Guterres ထံ မတ်လ ၈ ရက်နေ့က စာရေးသားပေးပို့ခဲ့ကြောင်း GLF ခေါ် ကမ္ဘာ့ဦးဆောင်မှု ဖိုရမ်က ဖေါ်ပြပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာရှင်ဖယ်ရှားရေး တောင်းဆိုဆန္ဒပြသူတွေကို စစ်တပ်က အင်အားသုံး ဖြိုခွဲနေတဲ့ အတွက်၊  ကုလသမဂ္ဂပဋိညဉ်စာတန်းပါ အပိုဒ် ၉၉ အရ၊ လုံခြုံရေးကောင်စီမှာ အရေးပေါ် အစည်းအဝေး ခေါ်ယူဖို့နဲ့ R2P ခေါ်  ပြစ်မှုကြီးတွေကနေ အကာအကွယ်ပေးရေးတာဝန်ရှိမှု လုပ်ငန်းစဉ်ကို ကုလ သမဂ္ဂ လုံခြုံရေးကောင်စီက အကောင်အထည်ဖော်ဖို့ ကမ္ဘာ့နိုင်ငံခေါင်းဆောင်ဟောင်းတွေနဲ့ ဖွဲ့စည်း ထားတဲ့ GLF  ခေါ် ကမ္ဘာလုံးဆိုင်ရာ ဦးဆောင်မှုဖောင်ဒေးရှင်းက ထပ်မံ တောင်းဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၂၇ ရက် တပ်မတော်နေ့က လက်နက်ကိုင်တပ်ဖွဲ့တွေ ရဲ့ ပစ်ခတ်မှုကြောင့် တနေ့ထဲမှာ ကလေးလူကြီး ၁၀၀ ကျော်သေဆုံးခဲ့ရပါတယ်။  စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေကို တားဆီးဖို့ ၊ နိုင်ငံတကာ ရဲ့ ပူးပေါင်းမှုနဲ့ ပြတ်ပြတ်သားသား တုံ့ပြန်ဖို့ အရေးတကြီးလိုအပ်ကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် က ပြောကြားခဲ့ပါတယ်။ ဒီလိုလုပ်ရပ်တွေကို ကမ္ဘာက လုံးဝလက်မခံနိုင်တာကြောင့် နိုင်ငံတကာအသိုက် အဝန်းက မျက်ကွယ်ပြုနေလို့မရကြောင်း GLF အဖွဲ့ ဥက္ကဋ္ဌ၊ တောင်အာဖရိကသမ္မတဟောင်း  De Klerk က ပြောပါတယ်။

 R2P ဆိုတဲ့  လူအစုလိုက်အပြုံလိုက် သတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှု၊ လူမျိုးတုံးသတ်ဖြတ်မှု၊ လူသားထုအပေါ် ကျူးလွန်တဲ့ပြစ်မှုတွေနဲ့ ပတ်သက်ပြီး၊ နိုင်ငံကိုကာကွယ်ပေးရမယ့်သူတွေက မကာကွယ်နိုင်ဘူးရင် အကောင် အထည်ဖော်ရမှာဖြစ်တဲ့အတွက်၊ အခုမြန်မာနိုင်ငံရဲ့ အခြေအနေဟာလည်း  R2P နဲ့ ကိုင်တွယ်ရမယ့် အနေ အထားကို ရောက်ရှိနေကြောင်း ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

 

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။