မကွေးတိုင်းမှာ တစ်နှစ်အတွင်း လူ ၁၀၀ ကျော် သေဆုံးခဲ့ရ

2022.02.08
မကွေးတိုင်းမှာ တစ်နှစ်အတွင်း လူ ၁၀၀ ကျော် သေဆုံးခဲ့ရ ရေစကြိုမြို့နယ်မှာ မူလတန်းကျောင်းသားတွေကို CDM ဆရာတွေ ၂၀၂၂ ဇန်နဝါရီ ၂၅ ရက်နေ့က စာသင်ကြားပေးနေစဥ်
Photo: Myaelatt Athan

မကွေးတိုင်းမှာ ပြီးခဲ့တဲ့တစ်နှစ်တာအတွင်း ဒေသခံ PDF အဖွဲ့ဝင်တွေနဲ့ အရပ်သား ၁၀၉ ဦး သေဆုံးခဲ့ရသလို မီးရှို့ခံခဲ့ရတဲ့ ရွာပေါင်း ၂၀ ကျော်အထိရှိခဲ့တယ်လို့ လွှတ်တော်ကိုယ်စား လှယ်တွေ၊ ဒေသခံတွေနဲ့ ဖွဲ့စည်းထားတဲ့ မကွေးတိုင်း လူ့အခွင့်အရေးအဖွဲ့ရဲ့ စာရင်းတွေ အရ သိရပါတယ်။

အဲဒီအထဲမှာ ဂန့်ဂေါမြို့နယ်က အသေအပျောက် အများဆုံးမြို့နယ်ဖြစ်ပြီး စုစုပေါင်း ၆၈ ယောက် သေဆုံးရပြီးဖြစ်ပါတယ်။ ရေစကြိုမြို့နယ်က တစ်နှစ်အတွင်း ၁၁ ယောက် သေဆုံးရတဲ့အတွက် ဒုတိယ အများဆုံး အရပ်သားသေဆုံးရတဲ့မြို့ဖြစ်ပါတယ်။

မြိုင်မြို့နယ်မှာလည်း မနှစ်က မတ်လ ၁၁ ရက်နေ့က ဆန္ဒပြပွဲကို စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်ဖြိုခွင်းခံရတာကြောင့် ခြောက်ယောက် သေဆုံးခဲ့ရပါတယ်။

ဂန့်ဂေါမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရဲ့ ဇန်နဝါရီလ ၂၇ ရက်နေ့က ထုတ်ပြန်ချက်အရ တစ်နှစ်အတွင်း ပြည်သူကာကွယ်ရေးတပ်ဖွဲ့ဝင် ၄၄ ဦး သေဆုံးခဲ့တယ်လို့ ဖော်ပြထား ပါတယ်။

အဲဒီအထဲမှာ အသက် ၁၈ နှစ်အောက်လူငယ် ၁၄ ဦးထက်မနည်းပါဝင်သလို မိုင်းစမ်းသပ် ရင်း မတော်တဆပေါက်ကွဲမှုကြောင့် သေဆုံးရသူက ၁၁ ဦးထက်မနည်း ပါဝင်တယ်လို့ ဆိုပါတယ်။

ဒီလိုဖိနှိပ်ခံရမှုပြင်းထန်ပေမယ့်လည်း စစ်အာဏာရှင်ကျဆုံးရေးအတွက် ရရာလက်နက်နဲ့ တိုက်ခိုက်နေတဲ့ တိုက်ပွဲတွေဟာ ဒီနေ့အထိ အရှိန်အဟုန်ကောင်းနေဆဲဖြစ်ပါတယ်။

ဒီတိုက်ပွဲတွေဟာ စစ်အာဏာသိမ်းလို့ ဖြစ်လာရတာလို့ ဂန့်ဂေါပြည်သူ့ကာကွယ်ရေး အဖွဲ့ဝင် ဗိုလ်နွေဦး က ပြောပါတယ်။

ယောနယ်က အာဏာမသိမ်းခင်တုန်းက လက်နက်ကိုင်ဆိုတာ ရှိကို မရှိခဲ့ပါဘူး။ အေးချမ်းတဲ့ဒေသ အဖြူရောင်နယ်မြေစစ်စစ်။ အာဏာထသိမ်းလိုက်တဲ့အချိန်မှာ စီးပွားရေးလည်းလုပ်မရ ဘာမှလုပ်မရ လူ့အခွင့်အရေးတွေလည်း ချိုးဖောက်ခံရ ဆုံးရှုံးတဲ့အခါကျတော့ အာဏာရှင်တွေ ဒါမျိုးတွေရှိနေရင် ပြည်သူတွေလူထုတွေ မငြိမ်းချမ်းဘူး။ နောက်နောင်လာနောက်သားတွေ သားသမီးတွေ အေးအေးချမ်းချမ်း နေရမှာ မဟုတ်ဘူးဆိုပြီးမှ လက်နက်ကိုင်ပြီးမှ ခုခံတွန်းလှန်ကြတာပေါ့။ စစ်ရေး အရှိန်မြှင့်ဖို့ NUG ရဲ့ လမ်းညွှန်ချက်ကိုပဲ စောင့်နေပါတယ်”

ယောနယ်လို့ခေါ်တဲ့ ဂန့်ဂေါ၊ ထီးလင်း၊ ယော၊ ဆော၊ ကျောက်ထုစတဲ့ မြို့နယ်တွေဘက် အခြမ်းနဲ့ ပေါက်၊ မြိုင်၊ ရေစကြို စတဲ့မြို့နယ်တွေမှာ တိုက်ခိုက်မှုတွေ ပြင်းထန်ခဲ့ပါတယ်။

ယောနယ်မှာဆိုရင် စစ်ကောင်စီတပ်က လေကြောင်းနဲ့ တိုက်ခိုက်တာတွေပါရှိခဲ့ပါတယ်။

တချိန်က အေးအေးချမ်းချမ်း နေထိုင်ခဲ့တဲ့ဒေသဟာ  စစ်အာဏာသိမ်းပြီးတဲ့နောက် မတည် ငြိမ်တဲ့ဘဝတွေနဲ့ ဖြတ်သန်းနေကြရတယ်လို့ ဂန့်ဂေါမြို့နယ်ထဲမှာ နေထိုင်တဲ့ ဒေသခံ တစ်ဦးက RFA ကို ပြောပါတယ်။

 အရင်တုန်းက ယောနယ်ဆိုတာ အဖြူရောင်နယ်မြေလို့ပြောရမှာ အင်မတန်မှ အေးချမ်းတဲ့ နယ်မြေပါရှင့်၊ အခုကျတော့ အာဏာသိမ်းလိုက်ပြီးနောက်ပိုင်း ကျမတို့ ယောနယ်က ပြည်သူတွေအနေနဲ့ကတော့ အကုန်လုံး ကိုယ့်အိမ်ကိုယ့်ရွာနဲ့ မနေရဘူးရှင့်။ အကုန်လုံး အိမ်နေရာတွေဆိုလည်း မီးရှို့တာတွေခံရတယ်။ စားသောက်ကုန်တွေလည်း ဖျက်ဆီးခံရတယ်။ ပြီးတော့ ပြည်သူတွေက ကျန်းမာရေးချို့တဲ့စွာနဲ့ ခက်ခဲကြမ်းတမ်း စွာနဲ့ တောတွေတောင်တွေထဲမှာ နေနေရပါတယ်။ စိုက်ပျိုးရေးကိုလည်း အရင်ကလို ဦးစားပေးမလုပ်နိုင်ကြတော့ဘူး။ စိုက်ရေးပျိုးရေးထက် ကိုယ့်အသက်ရှင်အောင် ဘယ်လိုနေရမလဲဆိုတာပဲ အမြဲတမ်းစဉ်းစားနေရပါတယ်”

တစ်နှစ်အတွင်း ကလေးတွေရဲ့ ပညာရေးအပြင် လူငယ်တွေနဲ့ အနာဂတ်တွေပါ ပျက်စီးကုန်တာကြောင့် အမြန်ဆုံးအေးချမ်းချင်ပြီလို့ ဆိုပါတယ်။

မကွေးတိုင်းထဲမှာ ပေါက်မြို့နယ် ကင်းမရွာဟာ ပထမဆုံးအနေနဲ့ မနှစ်က ဇွန်လ ၁၅ ရက်မှာ အိမ် ၂၅၀ ခန့် မီးရှို့ခံခဲ့ရသလို ရွာသားလေးဦးလည်း သတ်ဖြတ်ခံခဲ့ရပါတယ်။

အလားတူ ဂန့်ဂေါမြို့နယ် စန်းမြို့ရွာလည်း ပြီးခဲ့တဲ့ မနှစ်ကဒီဇင်ဘာနဲ့ အခုဇန်နဝါရီလ အတွင်း နှစ်ကြိမ် မီးရှို့ခံရတာကြောင့် အိမ်ခြေ ၁၉၀ လောက်ရှိတဲ့ရွာမှာ ၁၆၀ ကျော် မီးလောင်ဆုံးရှုံးခဲ့ရပါတယ်။ နှမ်းခါးရွာဟာလည်း မီးရှို့ခံရတဲ့ လေးကြိမ်မှာ အိမ် ၆၄ လုံး လောင်ကျွမ်းရပြီး၊ ထယ်လှော်ရွာဟာလည်း မီးရှို့ခံရတဲ့ သုံးကြိမ်မှာ အိမ် ၂၉ လုံး မီးလောင် ပျက်စီးခဲ့ပါတယ်။ အခုဆိုရင် ပေါက်၊ ဂန့်ဂေါ၊ မြိုင်၊ ရေစကြို စတဲ့မြို့နယ်တွေမှာရှိတဲ့ ရွာပေါင်း ၁၇ ရွာမှာ မီးလောင်ပျက်စီးခဲ့ရတဲ့ အိမ်ပေါင်း ၆၀၀ ကျော်ရှိတယ်လို့ ဒေသခံတွေ က ပြောပါတယ်။

အဲဒီမီးရှို့မှုတွေဟာ စစ်ကောင်စီတပ်သားတွေရဲ့ လက်ချက်ဖြစ်တယ်လို့ အိမ်မီးလောင် ဆုံးရှုံးခဲ့ရတဲ့ စန်းမြို့ရွာခံတစ်ဦးက ပြောပါတယ်။

ဇန်နဝါရီလ ၁၈ ရက်နေ့ကဆိုရင် ရွာကို နာရီဝန်းကျင်မှာ သူတို့ရောက်လာပြီး ကျနော်တို့ရွာထဲကို လက်နက်ကြီးတွေနဲ့ စပစ်တယ်ဗျ၊ ကျနော်တို့ရွာသားတွေက စစ်ကားတွေလာပြီဆိုပြီးမှ ထွက်ပြေးကြရတာဗျ တောထဲတောင်ထဲတွေကို၊ နာရီ ခွဲလောက် သူတို့တွေရွာထဲရောက်ပြီဆိုတာနဲ့ တပြိုင်နက် နေ့လယ်ပိုင်းဆိုတော့ ကျနော် တို့က မီးခိုးတွေပဲမြင်ရတယ်ဗျ၊ ၁၀၀ ကျော်လောက် ရှို့သွားတာကိုး၊ ကျနော်တို့က အိမ်ခြေ ၂၀၀ ရှိတာဗျ၊ အိမ်တွေမီးရှို့ခံရတယ် အခုတောထဲမှာနေကြရတယ်၊ တချို့ဆို အမိုးမရှိဘူး စားစရာသောက်စရာကမရှိဘူး အကုန်ဝေမျှပြီးစားနေရတယ်ဗျ၊ အဓိက ကတော့ စားရေးသောက်ရေးရော ဆေးဝါး”

ဒီဖြစ်ရပ်တွေကြောင့် စန်းမြို့ရွာ အပါအဝင် အနီးအနားရွာတွေက ဒေသခံ ၉၀၀ နီးပါးဟာ ဒီနေ့အထိ တောတောင်တွေထဲမှာ အမိုးအကာမရှိဘဲ ဖြစ်သလိုနေထိုင်နေကြရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အခုဇန်နဝါရီလထဲမှာတင် ဒေသခံတွေရဲ့ လက်ယက်ရေနံတွင်း၊ ရေနံမှော်နဲ့ ရေနံကန်တွေကို စစ်ကောင်စီတပ်သားတွေ ၁၀ ကြိမ်နီးပါးအထိ ဝင်ရောက်မီးရှို့ခဲ့တယ်လို့ ဆိုပါတယ်။

"အိမ်တွေမီးရှို့ခံရတယ် အခုတောထဲမှာနေကြရတယ်၊ တချို့ဆို အမိုးမရှိဘူး စားစရာသောက်စရာမရှိဘူး အကုန်ဝေမျှစားနေရတယ်"

အာဏာသိမ်းစစ်ကောင်စီကို တော်လှန်ဖို့ လက်နက်ကိုင်လမ်းစဉ်ကို မဖြစ်မနေ ရွေးချယ် ခဲ့ရတာလို့ ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ခေါင်းဆောင် ရဲဘော် ဝေကြီး က ပြောပါတယ်။

လက်နက်မကိုင်တဲ့လမ်းစဉ်နဲ့ ကျနော်တို့ တော်လှန်ရေးကိုစခဲ့ကြတယ်၊ သို့ပေမယ့် ဆန္ဒဖော်ထုတ်တဲ့လမ်းစဉ်နဲ့ တော်လှန်ရေးကို မအောင်မြင်တော့ဘူးဆိုတာ သိတဲ့ အခါကျတော့ လက်နက်ကိုင်တဲ့လမ်းစဉ်ကို မဖြစ်မနေ ရွေးချယ်ခဲ့ရတယ်ပေါ့၊ လက်နက် ကိုင်လမ်းစဉ်က ကျနော်တို့ကျွမ်းကျင်တဲ့အလုပ်တော့ မဟုတ်ဘူးဗျ၊ ဒါပေမဲ့ ပြည်သူတွေ ရှေ့ကနေ ပြည်သူတွေနဲ့အတူ မတရားတာကြီးကို တော်လှန်မယ်ဆိုပြီးတော့ လက်နက် ကိုင်ခဲ့ကြတာ၊ မဖြစ်မနေရွေးချယ်ခဲ့ရပေမယ့်လည်း ကျနော်တို့ အကောင်းဆုံး မှန်မှန် ကန်ကန် ဖြောင့်ဖြောင့်မတ်မတ်နဲ့ပေါ့နော် ပြည်သူ့ရှေ့ကနေ မားမားမတ်မတ်ရပ်တည် ကာကွယ်နိုင်အောင် ကျနော်တို့ အတတ်နိုင်ဆုံး ကြိုးစားခဲ့တယ်”

တစ်နှစ်ပြည့်သွားပြီဖြစ်ပေမယ့်လည်း ရှေ့ဆက် ပြည်သူနဲ့အတူလက်တွဲပြီး ဖက်ဒရယ် ဒီမိုကရေစီရတဲ့အထိ တိုက်ပွဲဝင်သွားမယ်လို့ ရဲဘော်ဝေကြီးက ဆိုပါတယ်။

စစ်ကောင်စီတပ်သားတွေလာတိုင်း ကြောက်လန့်ပြီး ထွက်ပြေးနေရတာကြောင့် တောင်ယာတွေလည်း မလုပ်နိုင် ဒုက္ခရောက်နေရတယ်လို့ မြိုင်မြို့မှာနေထိုင်တဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

ကျနော်တို့မြိုင်မြို့နယ်ဆိုတာ အေးအေးချမ်းချမ်း ရိုးရိုးသားနေခဲ့ကြတဲ့ကာလတွေဗျ၊ အခုအာဏာသိမ်းပြီး နောက်ပိုင်းမှာ စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေကြောင့် စစ်ရှောင် ပြည်သူတွေရော အများကြီး ဖြစ်လာခဲ့ရတယ်၊ အခုရက်ပိုင်းဆို ဆိုးဆိုးရွားရွားပဲ စစ်ကောင်စီအင်အား ၈၀၀ ဝန်းကျင်လောက်နဲ့ စစ်ကြောင်း ငါးကြောင်းနဲ့ စစ်ကြောင်း ထိုးနေတာကြောင့် ပြည်သူထောင်နဲ့ချီပြီးတော့ နေ့ရပ်စွန့်ခွာပြီး နီးစပ်ရာရွာတွေ သွားရတယ် တောထဲတွေပြေးရတယ်၊ မြိုင်နဲ့ ပေါက်ဘက်မှာ ပြည်သူပိုင်ရေနံတွင်းရေ ဆီကန်တွေ မီးရှို့ခံရတာရှိတယ်၊ ကျေးရွာတွေက သူတို့အနားကို စစ်ကောင်စီ ရောက် လာပြီဆိုရင် ကြောက်ကြောက်လန့်လန့်နဲ့ ထွက်ပြေးရတာကြောင့် တောင်ယာကို မလုပ်နိုင်တော့ဘူး”

(မြိုင်မြို့နယ်အနောက်ပိုင်းမှာရှိတဲ့ ရေနံကျင်းတွေကို ဇန်နဝါရီ ၂၁ ရက်က စစ်တပ် မီးရှို့ဖျက်ဆီးခဲ့စဥ်) ဓါတ်ပုံ - နွေဦးတော်လှန်ရေး မြိုင်မြို့ ဖေ့စ်ဘွတ်
(မြိုင်မြို့နယ်အနောက်ပိုင်းမှာရှိတဲ့ ရေနံကျင်းတွေကို ဇန်နဝါရီ ၂၁ ရက်က စစ်တပ် မီးရှို့ဖျက်ဆီးခဲ့စဥ်) ဓါတ်ပုံ - နွေဦးတော်လှန်ရေး မြိုင်မြို့ ဖေ့စ်ဘွတ်

ဇန်နဝါရီလ ၉ ရက်နေ့ကစပြီး အင်အားအများအပြားနဲ့ စစ်ကြောင်းထိုးနေတာကြောင့် နေအိမ်တွေကို မပြန်နိုင်သေးဘဲ ပုန်းနေကြရသလို သီးနှံတွေလည်း ပစ်ထားရတာကြောင့် အမြန်ဆုံး အေးအေးချမ်း ချမ်း ပြန်နေချင်ပြီလို့ ဆိုပါတယ်။

တဘက်မှာလည်း ရေစကြို၊ မြိုင်နဲ့ ဆားလင်းကြီးမြို့နယ် ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေ ဟာ မြိုင်မြို့နယ်၊ လင်းကတောရဲစခန်းကို အခုလ ဇန်နဝါရီ ၂၉ ရက်နေ့မှာ ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး လက်နက်ပစ္စည်းတွေ သိမ်းဆည်းကာ စခန်းကို မီးရှို့ခဲ့ကြပါတယ်။

စစ်ကောင်စီရဲ့ ယန္တရားတွေကို တားဆီးတာ ဖျက်ဆီးတာတွေ အများဆုံးလုပ်နိုင်ခဲ့တာ ကြောင့် အပြင်းအထန်ထိုးစစ်ဆင်တာကို ခံနေရတာလို့ ပေါက်မြို့နယ်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ခေါင်းဆောင် ဒေါ်လွင်လွင်မြင့် က ပြောပါတယ်။

ကျမတို့မြို့နယ်မှာ နေရာအနှံ့ကို ထိုးစစ်ခံနေရတာ၊ ပြည်သူတွေကို သတ်ဖြတ်တယ် ပြည်သူ့အိုးအိမ်တွေ သူတို့ဖျက်ဆီးတယ် မီးရှို့တယ်၊ ဒါပေမဲ့ ကျမတို့ ကာကွယ်ရေး တပ်ဖွဲ့တွေအနေနဲ့ကျတော့ သူတို့ရဲ့ ယန္တရားတွေကိုပေါ့ တတ်နိုင်သလောက် တား ဆီးခဲ့တယ် ဖျက်ဆီးခဲ့တယ်ပေါ့၊ ဒါကြောင့်လည်း သူတို့အနေနဲ့က ကျမတို့ပေါက်မြို့ နယ်ကို အလုံးအရင်းနဲ့ ထိုးစစ်ကို အပြင်းအထန်ဆင်လာတာပဲ၊ ပေါက်မြို့နယ်ကို စစ်ကောင်စီက အုပ်ချုပ်နိုင်တယ်ဆိုတဲ့ဟာကို သူတို့ဖန်တီးနေတာ၊ ပြည်သူတွေကတော့ သူတို့ကိုမြင်ပြီဆိုရင် ပြေးတာပဲ၊ ဘာကြောင့်လဲဆိုတော့ ကျမတို့အရင် ဒီကင်းမတို့ ဝန်ချုံးတို့ အဲဒီဘက်တွေမှာလည်း လူတွေ အသတ်ခံထားရတာရှိတာကိုး”

စစ်ကောင်စီတပ်တွေဘက်က စစ်ကြောင်း ငါးကြောင်းနဲ့ ထိုးစစ်ဆင်တာခံနေရပါတယ်။ အဲဒီလို ထိုးစစ်မှာ ဆောမြို့နယ်နဲ့ ဂန့်ဂေါမြို့နယ်ဆိုရင် စစ်ကောင်စီတပ်က လေကြောင်း ကနေပါ တိုက်ခိုက်ခဲ့ပါတယ်။

ဒီအခြေအနေတွေကြောင့် မကွေးတိုင်းမှာ ဇန်နဝါရီလ ၁၇ ရက်နေ့အထိ အိုးအိမ်စွန့်ခွာ ထွက်ပြေးရတဲ့ လူပေါင်းနှစ်သောင်းကျော်ရှိတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က ဇန်နဝါရီလ ၂၆ ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
ငလျင်ဒဏ်သင့် ပြည်သူအချို့ နိုင်ငံတကာအထောက်အပံ့နဲ့ အလှမ်းဝေးနေ
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။