မြန်မာအာဏာသိမ်းစစ်ကောင်စီ ပြိုပျက်သွားနိုင်ခြေရှိသလား
2022.10.04
မြန်မာနိုင်ငံမှာ စစ်တပ်ဟာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုကျဆင်းလာနေပြီး စစ်သည်တွေကြားမှာလည်း အကြောင်းအမျိုးမျိုးနဲ့ ကိုယ်ကျင့်သိက္ခာကျဆင်း၊ စိတ်ဓာတ်ပိုင်းဆိုင်ရာ ယိုယွင်းမှုတွေ ပေါ်ပေါက်နေကြောင်း Eurasia Review သတင်းက အောက်တိုဘာလ ၃ ရက်နေ့က ဖော်ပြပါတယ်။
တစ်က်မှာ NUG အမျိုးသားညီညွတ်ရေးအစိုးရနဲ့ EAO တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ အင်အားနဲ့ဩဇာက မြင့်တက်လာနေသလို၊ အာဏာသိမ်းစစ်ကောင်စီရဲ့အခြေအနေကလည်း တဖြည်းဖြည်းယိုင်နဲ့လာနေတာပါ။ ၂၀၂၀ ရွေးကောက်ပွဲရလဒ်တွေကို EAO တွေက လက်မခံသလို၊ သူတို့ရဲ့ရည်မှန်းချက်အောက်မှာ စုစည်းဆောင်ရွက်သွားကြမှာဖြစ်ကြောင်း၊ မြန်မာ့သမိုင်းကို အရှိအမှန်အတိုင်း ပြန်လည်ရေးသားခဲ့ကြကြောင်းလည်း ဖော်ပြပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၂၀၁၁ ခုနှစ်မှာ အစိုးရဖွဲ့နိုင်ခဲ့တဲ့အခါ စစ်တပ်ရဲ့ တိုက်ရိုက်ချုပ်ကိုင်မှုကနေ ဒီမိုကရေစီအသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်ကို အကန့်အသတ်နဲ့စတင်ခဲ့ပါတယ်။
အဲဒီကစလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ စစ်ကောင်စီတို့ နိုင်ငံကို ပူးတွဲထိန်းချုပ်ခဲ့ကြကြောင်း Eurasia Review သတင်းက ဖော်ပြပါတယ်။
ဒါ့အပြင် နိုင်ငံတကာ တရားရေးခုံရုံး ICJ မှာလည်း စစ်တပ်ရဲ့စစ်ရာဇဝတ်မှုတွေကို ကာကွယ်ပြောဆိုခဲ့ပါတယ်။ ဒါပေမဲ့ ၂၀၂၀ နိုဝင်ဘာ ရွေးကောက်ပွဲမှာတော့ စစ်ကောင်စီနဲ့ NLD ကြားက ဆက်ဆံရေးပြောင်းလဲသွားခဲ့သလို ပြီးခဲ့တဲ့ ၁၀ နှစ်တာ ပြီးမြောက်အောင်မြင်မှုတွေလည်း စစ်အုပ်ချုပ်ရေးနဲ့အတူ ပျက်ပြားသွားခဲ့ပါတယ်။
ဒါပေမဲ့ စစ်ကောင်စီဟာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလကတည်းက နိုင်ငံရေးနဲ့စစ်ရေးဆိုင်ရာ မျက်နှာစာနှစ်ရပ်လုံးကို အပြင်းအထန် ဆန့်ကျင်နေခဲ့တာပါ။ နိုင်ငံရေးမျက်နှာစာမှာ နိုင်ငံတစ်ဝန်း အာဏာဖီဆန်ရေးလူထုလှုပ်ရှားမှုနဲ့ ရင်ဆိုင်ခဲ့ရသလို အမျိုးသားညီညွတ်ရေးအစိုးရ NUG ပေါ်ပေါက်လာခဲ့တာကိုလည်း ကြုံတွေ့ခဲ့ရပါတယ်။
အီးယူဥရောပသမဂ္ဂ၊ အမေရိကန်ပြည်ထောင်စုနဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေကလည်း မြန်မာနိုင်ငံရဲ့ ရှေ့ရေး အနာဂတ်အတွက် NUG ရဲ့အခန်းကဏ္ဍအပေါ် အလေးဂရုပြုခဲ့ကြတာပါ။ ဒါပေမဲ့ ဒီနေ့မှာ ကမ္ဘာတစ်ဝန်း နိုင်ငံတွေနဲ့ အဖွဲ့အစည်းတွေရဲ့ အသိအမှတ်ပြုလက်ခံမှုက ပိုမိုကျယ်ပြန့်လာခဲ့ပါတယ်။ အစပိုင်းမှာတော့ NUG ဟာအသိအမှတ်ပြုခံရဖို့ အတွက် ရုန်းကန်ကြိုးစားခဲ့ရတာပါ။ NLD ဦးဆောင်မှုပိုင်းနဲ့ ထောက်ခံသူတွေက ပြည်သူ့ခုခံရေးတပ်ဖွဲ့ PDF ကို ထူထောင်ခဲ့ကြပါတယ်။
လက်ရှိတပ်တွင်းအခြေအနေတွေနဲ့ပတ်သက်ပြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြီးခဲ့တဲ့ ဇွန်လ တပ်တွင်း အစည်းအဝေးမှာ အောက်ခြေတပ်ဖွဲ့တွေကို ပြစ်တင်ပြောဆိုသွားခဲ့တာတွေဟာ စစ်တပ်အနေနဲ့နယ်မြေထိန်းချုပ်နိုင်စွမ်း လျော့နည်းလာနေတာကို ဝန်ခံလိုက်ရာကျသလို လက်အောက်ခံတပ်မှူးတွေအပေါ်လည်း သူ့အနေနဲ့ ယုံကြည်မှု မရှိတော့ဘူးဆိုတာ ပြသလိုက်သလို ဖြစ်ကြောင်း၊ CDM ဗိုလ်ကြီးလင်းထက်အောင်က RFA ကို ပြောဆိုခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ လက်နက်ကိုင်ပုန်ကန်မှုဟာ နှစ်ပေါင်းများစွာ ကြာမြင့်စွာ တည်ရှိနေခဲ့တာပါ။ လူမျိုးစုအဖွဲ့တွေကလည်း စစ်တပ်နဲ့ ဖက်ပြိုင်တိုက်ခိုက်နေကြဆဲဖြစ်ပါတယ်။ အဲဒီအဖွဲ့တွေက အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို ကျောထောက်နောက်ခံပြုပေးနေကြတာကလည်း စိတ်ဝင်စားစရာပါ။ အဲဒီထဲကအဖွဲ့ သုံးလေးဖွဲ့ဟာ တစ်ချိန်က NUG အဖွဲ့ဝင်တွေ ဖြစ်ခဲ့ပါတယ်။

အခုလက်ရှိမှာ စစ်ကောင်စီတပ်တွေဟာ ရခိုင်ပြည်နယ်အတွင်း အဓိကပြဿနာဖြစ်နေပါတယ်။ အထိအခိုက် အကျအဆုံးလည်း များပြားနေတာပါ။ နယ်မြေထိန်းချုပ်မှုနဲ့ တပ်ဖွဲ့အင်အားချထားမှုတွေ၊ ထောက်ပံ့ရေးနဲ့ ဆက်သွယ်ရေးလိုင်းတွေမှာလည်း၊ ဆိုးဆိုးရွားရွားထိခိုက်မှုတွေ ရှိနေတာပါ။
AA ကို တိုက်ဖို့အတွက် စစ်ကောင်စီဟာ ရှိသမျှ နည်းလမ်းပေါင်းစုံကို အသုံးပြုနေပေမယ့် မဟာဗျုဟာအရ မအောင်မြင်ဘဲဖြစ်နေပါတယ်။ သတင်းတွေအရ မြန်မာနိုင်ငံပိုင်နက်ရဲ့ ၁၇ ရာခိုင်နှုန်းကိုသာ စစ်ကောင်စီက ထိန်းချုပ်ထားနိုင်ပြီး နိုင်ငံ့ ၅၂ ရာခိုင်နှုန်းကို NUG က ထိန်းချုပ်ထားကြောင်း ဖော်ပြပါတယ်။
ဗုဒ္ဓဘာသာဝင်နဲ့ ဗမာအများစုရှိတဲ့ နေရာတွေမှာလည်း စစ်ကောင်စီအပေါ် ထောက်ခံမှုကျဆင်းနေဆဲဖြစ်ပါတယ်။ စစ်ကောင်စီ ခေါင်းဆောင်ပိုင်းမှာလည်း သူတို့ရဲ့ ရှေ့ရေးအနာဂတ်၊ ဩဇာအာဏာ၊ နိုင်ငံအပေါ် စစ်တပ်ထိန်းချုပ်မှု အခြေအနေတွေအပေါ် သုံးသပ်စဉ်းစားလာနေကြပြီဖြစ်ကြောင်း Eurasia Review သတင်း က ဖော်ပြပါတယ်။