အာဏာသိမ်းပြီးနောက် နေအိမ် ၄၅၀၀ ကျော် မီးရှို့ဖျက်ဆီးခံရ

2022.02.16
အာဏာသိမ်းပြီးနောက် နေအိမ် ၄၅၀၀ ကျော် မီးရှို့ဖျက်ဆီးခံရ ၂၀၂၂ ဇန်နဝါရီ ၂၀ ရက်နေ့က မီးရှို့ဖျက်ဆီးခံရတဲ့ မကွေးတိုင်း ဂန့်ဂေါမြို့နယ် စန်းမြို့ရွာက နေအိမ်တွေကို တွေ့ရစဥ်
ဓါတ်ပုံ - နှမ်းခါးလူငယ်အဖွဲ့

(၂၀၂၂ ဖေဖော်ဝါရီ ၁၆ ရက်၊ ည ၈ နာရီတွင် ပြင်ဆင်ရေးသားထားသည်)

၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်ကအာဏာသိမ်းပြီးနောက် မြန်မာတစ်နိုင်ငံလုံးမှာ နေအိမ်အလုံးပေါင်း ၄၅၇၁ လုံး စစ်ကောင်စီတပ်တွေရဲ့ မီးရှို့ဖျက်ဆီးတာ ခံခဲ့ရတယ်လို့ နိုင်ငံရေး၊ စစ်ရေးနဲ့ နောက်ဆက်တွဲအကျိုးဆက်တွေကို သုတေသနပြုနေတဲ့ Data for Myanmar အဖွဲ့က ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၁၄ ရက်နေ့က သတင်း ထုတ်ပြန်ပါတယ်။

အဲဒီထဲမှာ စစ်ကိုင်းတိုင်းက နေအိမ် ၂၅၆၇ လုံးနဲ့ အများဆုံးဖြစ်ပါတယ်။ ချင်းပြည်နယ်မှာ နေအိမ် ၉၇၆ လုံးနဲ့ ဒုတိယအများဆုံး၊ မကွေးတိုင်းမှာ ၆၂၆ လုံးနဲ့ တတိယအများဆုံးနဲ့ ကယားပြည်နယ်မှာ နေအိမ် ၃၁၀ လုံး၊ မန္တလေးမှာ ၃၁ လုံး၊ ရှမ်းပြည်တောင်ပိုင်းမှာ ၂၃ လုံး၊ တနင်္သာရီမှာ ၂၃ လုံး၊ ပဲခူးမှာ ၁၀ လုံးနဲ့ ကရင်ပြည်နယ်မှာ ၅ လုံး ဖြစ်ပါတယ်။

စစ်ကိုင်းတိုင်းမှာ စုစုပေါင်း ၃၇ မြို့နယ်ရှိတဲ့အထဲက ပုလဲ၊ မင်းကင်း၊ တန့်ဆည်၊ ကလေး၊ အရာတော်၊ ကန့်ဘလူ၊ ရွှေဘို၊ ရေဦး၊ ကနီ၊ ယင်းမာပင်၊ မြောင်၊ ခင်ဦး၊ ဒီပဲယင်း၊ ကျွန်းလှ စတဲ့ ၁၄ မြို့နယ်က ရွာတွေ မီးရှို့ဖျက်ဆီးခံခဲ့ရတာပါ။

မကွေးတိုင်းမှာတော့ စစ်ကောင်စီကို ခုခံမှုအားကောင်းတဲ့ ဂန့်ဂေါ၊ ပေါက်၊ မြိုင်၊ ရေစကြိုနဲ့ ထီးလင်းမြို့နယ်က ရွာတွေ မီးရှို့ဖျက်ဆီးခံရတယ်လို့ Data for Myanmar အဖွဲ့က ပြောပါတယ်။

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ် နှမ်းခါးကျေးရွာက အသက် ၃၅ နှစ်အရွယ် အမျိုးသားတစ်ဦး က သူ့ရဲ့ ဘိုးဘွားပိုင်နေအိမ်လေး မီးရှို့ဖျက်ဆီးခံရတဲ့အတွက် ဝမ်းနည်းစိတ်ထိခိုက်ရသလို လက်ရှိမှာ စားဝတ်နေရေးလည်း အတော်ခက်ခဲနေတယ်လို့ RFA ကို ပြောပါတယ်။

“ကျနော်ပြန်လာတဲ့အချိန်မှာ မီးက မမီတော့ဘူး။ ပြာကျသွားပြီဗျ။ အကုန်လုံး ပြာကျ သွားလို့ ပြာပုံကိုပဲ မီးသတ်နေရတာ။ ကာလတန်ဖိုး သိန်း ၅၀၀ လောက် ဆုံးရှုံးမှာဗျ။ စားဖို့ သောက်ဖို့က အကုန်လုံးဖြစ်သွားတဲ့အချိန်မှာ ဘယ်လိုလဲဆိုတော့ အိမ်ဘေးက ကျန်ခဲ့တဲ့ ဂိုဒေါင်လေးထဲမှာနေရတယ်။ ဂိုဒေါင်ထဲမှာနေရတယ်။ ပြီးတော့ စားဖို့ သောက်ဖို့က အဲဒီအထဲမှာ ကျန်တဲ့ဟာလေးတွေ ချက်စားရတယ်။ စစ်ဘေးရှောင်တွေ အတွက် အလှူခံလာပြီးတော့ ချက်ချင်းကူပေးတာလေးတွေ အဲဒါလေးတွေနဲ့ ချက်စားရတယ်”

နှမ်းခါးရွာမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း မီးရှို့ခံရတာ ငါးကြိမ်လောက်ရှိနေပြီလို့ ဆိုပါတယ်။

စစ်အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် မေလကုန်ပိုင်းမှာ ရွာမီးရှို့ခံရမှုတွေ စဖြစ်လာပြီး အောက်တိုဘာ၊ နိုဝင်ဘာနဲ့ ဒီဇင်ဘာလတွေမှာ ပိုဆိုးလာတဲ့အကြောင်း၊ အခု ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလထဲမှာတော့ အဆိုးဆုံး အခြေအနေကို ရောက်လာတဲ့အကြောင်းလည်း Data for Myanmar အဖွဲ့က ပြောပါတယ်။

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်က ဒေသခံအမျိုးသမီးတစ်ဦးကလည်း အိမ်မီးရှို့ခံလိုက်ရတာ ထမင်းချက်စရာ အိုးတောင် မကျန်တော့ဘူးလို့ RFA ကို ပြောပါတယ်။

ကျမရဲ့အိမ်က အကုန်လုံးပဲ အမှိုက်ပုံတောင်မကျန် ရှို့သွားတာဆိုတော့ ဘာမှကို မကျန်ဘူး။ ဘာမှမကျန်တော့ ထမင်းအိုးချက်စရာမရှိလို့ တောထဲမှာ အဲဒီနေ့ဖြစ်တဲ့နေ့ နာရီကျော်ကျော်လောက် ရှို့တာဆိုတော့ ရက်နေ့ မနက်မှာတော့ ထမင်းချက် စရာကို အိုးမရှိလို့ စိတ်က တော်တော်လေးကို တမျိုးဖြစ်သွားသေးတာပေါ့။ ဘယ်လိုမှကို ထမင်းစားဖို့ရာ အဆင်မပြေဖြစ်သွားတာပေါ့။ ဒါပေမဲ့ အားလည်းမငယ်ဘူး။ ကြောက် လည်း မကြောက်သွားဘူး။ စိတ်တင်းထားပြီးတော့ ဖြစ်သွားမှာပဲဆိုပြီးတော့ အကုန်လုံး အားတင်းနေကြတယ်။ ကျမတို့ ရွာကလည်း တက်ကြွတယ်။ ဒီလိုတွေ ဘေးတွေမှာ လည်း ကြားနေတော့ တချိန်ချိန်တော့ ကိုယ့်အိမ်လည်း မီးရှို့ခံရနိုင်တယ်လို့ တွေးထား တာပေါ့လေ”

PDF တွေကို ထောက်ခံအားပေးတဲ့ရွာ၊ စစ်ကြောင်းတွေ မိုင်းဆွဲတိုက်ခိုက်ခံရတဲ့အခါ အနီးဆုံးမှာရှိတဲ့ ရွာနဲ့ ပျူစောထီးလိုအဖွဲ့တွေက အတိအကျသတင်းပေးတဲ့ရွာတွေကို စစ်ကောင်စီတပ်တွေက ပစ်မှတ်ထား မီးရှို့ဖျက်ဆီးလေ့ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

"ကျမရဲ့အိမ်က အကုန်လုံးပဲ အမှိုက်ပုံတောင်မကျန် ရှို့သွားတာဆိုတော့ ဘာမှကိုမကျန်ဘူး"

စစ်ကောင်စီပြောခွင့်ရ ပြန်ကြားရေး ဒု-ဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်း ကတော့ ရွာတွေကို မီးရှို့ဖျက်ဆီးတာဟာ စစ်ကောင်စီတပ်တွေ မဟုတ်ဘဲ PDF တွေပဲဖြစ်တယ်လို့  RFA ကို လွန်ခဲ့တဲ့ သီတင်းပတ်တွေက ပြောဖူးပါတယ်။

ဒီလိုပြောတာနဲ့ ပတ်သက်လို့ ပြည်သူ့ကာကွယ်ရေးတပ် PDF တွေဟာ ကိုယ့်ရပ်ကိုယ့်ရွာကို ကာကွယ်ဖို့ဆိုတဲ့ ရည်ရွယ်ချက်အပေါ် အခြေခံပေါ်ပေါက်လာတာမို့လို့ ရွာတွေကို မီးရှို့စရာ ဘာအကြောင်းမှ မရှိဘူးလို့ စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ် PDF တပ်ဖွဲ့ဝင်တစ်ဦးက တုံ့ပြန်ပြောဆိုပါတယ်။

ဒေသခံ PDF အဖွဲ့တွေဆိုတာကလေ ရွာတွေကနေပဲ အခြေခံပြီး ဖြစ်လာတာပါ။ ကိုယ့်ရွာ ကိုယ်မီးရှို့မယ့်လူဆိုတာ ရှိမှမရှိတာ။ ဟုတ်တယ် မဟုတ်လား။ PDF တွေ ရှို့တယ်လို့ ပြောတာက PDF တွေကို အကြမ်းဖက်သမားလိုမျိုးလုပ်ချင်တာလေ။ သူတို့ကမှ ရွာတွေကို ဝင်တယ်။ အကြောင်းမဲ့ မီးရှို့တယ်။ ဖျက်ဆီးတယ်။ မပြေးနိုင် ဘဲကျန်ခဲ့တဲ့ တချို့ ပြည်သူတွေဆိုရင် နှိပ်စက်ခံရတယ်။ တချို့ဆိုရင် အသတ်ခံရတယ်။ ကျနော်တို့ PDF အဖွဲ့တွေကျတော့ ပြည်သူကျွေးတာစားရတယ်။ စားပြီးတော့ ကိုယ့်ရွာ ကို မီးရှို့တာမျိုးတော့ လုံးဝမဖြစ်နိုင်ဘူးဗျာ”

(စစ်ကိုင်းတိုင်း ပုလဲမြို့နယ် မွေ့တုံရွာတွင် မီးလောင်ကျွမ်းထားသည်ကို ဂြိုဟ်တုမှတစ်ဆင့် တွေ့ရစဉ်။) Planet Labs- Analysis by RFA
(စစ်ကိုင်းတိုင်း ပုလဲမြို့နယ် မွေ့တုံရွာတွင် မီးလောင်ကျွမ်းထားသည်ကို ဂြိုဟ်တုမှတစ်ဆင့် တွေ့ရစဉ်။) Planet Labs- Analysis by RFA

မဟာဗျူဟာနဲ့ မူဝါဒလေ့လာရေးဌာန ညွှန်ကြားရေးမှူးတစ်ဦးဖြစ်တဲ့ ဦးအောင်သူငြိမ်း ကတော့ ရွာတွေကို မီးရှို့ ဖျက်ဆီးနေတာဟာ ရေရှိရင် ငါးတွေ ရှင်သန်နိုင်တာကြောင့် ရေကို ခပ်ထုတ်လိုက်တဲ့ပုံစံမျိုး ကျင့်သုံးနေတာဖြစ်ပြီး စစ်ဆင်ရေးတွေမှာ လုပ်လေ့ရှိတဲ့ စစ်တပ်ရဲ့ အလေ့အထမျိုးဖြစ်တယ်လို့ သုံးသပ်ပြောဆိုပါတယ်။

အစုလိုက် အပြုံလိုက်ဒဏ်ခတ်တဲ့ သဘောမျိုးပါတယ်လို့ ယူဆတယ်။ ဒါက စစ်ရေး ဗျူဟာအနေနဲ့ သုံးတာလည်း ဖြစ်နိုင်တယ်။ ဒါမှမဟုတ်ရင်လည်း အောက်ခြေတပ်မှူး တွေက အမိန့်ပေးပြီး လုပ်တာမျိုးလည်း ဖြစ်နိုင်တယ်ပေါ့နော်။ ဒါမျိုးတော့ သေချာ မပြောနိုင်ဘူးဗျ။ ကျနော်မြင်တာတော့ မူဝါဒတစ်ခုအရချမှတ်ပြီး လုပ်တာမျိုးကတော့ ပြောဖို့ခက်တာပေါ့နော်။ ကျနော်တို့လည်း အထောက်အထားဘာညာ မတွေ့ရပါဘူး။ ဒါပေမဲ့ တစ်ခုရှိတာကတော့ သောင်းကျန်းသူ နှိမ်နင်းရေးလို့ ခေါ်တဲ့ စစ်ဆင်ရေးတွေမှာ လုပ်လေ့ရှိတဲ့ အလေ့အထမျိုးပေါ့ဗျာ”

နှစ်ပေါင်းများစွာ ကြိုးစားတည်ဆောက်ထားရတဲ့ နေအိမ်တွေ မီးရှို့ဖျက်ဆီးခံရတဲ့အခါ လူတွေမှာ အမုန်းတရားတွေနဲ့ မခံချင်စိတ်တွေ ပိုများလာပြီး အာခံတော်လှန်လိုတဲ့ စိတ်တွေကို ပိုများလာစေနိုင်တယ်လို့လည်း ဦးအောင်သူငြိမ်းက သတိပေးလိုက်ပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
ငလျင်ဒဏ်သင့် ပြည်သူအချို့ နိုင်ငံတကာအထောက်အပံ့နဲ့ အလှမ်းဝေးနေ
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။