ရဲလိုက်ဖမ်းလို့ ထွက်ပြေးနေရတဲ့ တရုတ်က မြန်မာရွှေ့ပြောင်း လုပ်သားတွေ အကူအညီလိုနေ

တရုတ်နဲ့ မြန်မာနိုင်ငံအကြား နယ်စပ်ဖြတ်ကျော်ခွင့်အတွက် ခြောက်ညအိပ် ခုနစ်ရက် သက်တမ်းရှိတဲ့ နယ်စပ် ဖြတ်ကျော်ခွင့်စာအုပ်ပဲ ထုတ်ပေးတာပါ။
ဒီလက်မှတ်ကိုင်ဆောင်ပြီး တရုတ်မှာ နှစ်ရှည် နေထိုင် အလုပ်လုပ်လို့မရသလို နှစ်နိုင်ငံ အစိုးရကြား တရားဝင် အလုပ်သမားစေလွှတ်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာ လက်မှတ် ရေးထိုးထားတာမရှိလို့ တရုတ်နိုင်ငံ ပြည်မကြီးအထိ အလုပ်သွားလုပ်သူတွေဟာ တရားမဝင်နေထိုင်မှုနဲ့ မကြာခဏဆိုသလို အဖမ်းခံနေကြ ရပါတယ်။
ဗီဒီယိုရုပ်သံမှာပါတဲ့ လူငယ်ငါးယောက်ဟာ ရခိုင်ပြည်နယ်ကနေ တရုတ်နိုင်ငံကို အလုပ် သွားလုပ်နေကြတာပါ။
၂၀၂၂ ခုနှစ် မေလ ၃ ရက် ညနေပိုင်းမှာတော့ ကွမ်တုန်းပြည်နယ် တုန်ကွမ်မြို့က သူတို့ နေရာကို တရုတ်ရဲတွေ ဝင်ဖမ်းမယ်ဆိုတဲ့ သတင်းကြောင့် ဘေးလွတ်ရာ ထွက်ပြေးခဲ့ကြ ရပါတယ်။
ကွမ်တုန်းပြည်နယ်ထဲက မြို့တော်တော်များများမှာ စစ်ဆေးမှုတွေ ပိုများလာလို့ အထောက်အထား မရှိတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေ တောထဲ ထွက်ပြေးနေကြ ရတယ်လို့ ကိုကျော်ဝင်းသန်းက RFA ကိုပြောပါတယ်။
“ဒီမှာ အလုပ်တွေလည်း အဆင်မပြေဘူး။ ကိုဗစ်ကာလဆိုတော့ ကာကွယ်ဆေးမထိုးတဲ့ အလုပ်သမားတွေ ကို မယူဘူးဆိုတော့ မြန်မာအလုပ်သမားတွေ အကုန်လုံးနီးပါး အလုပ်ရှာမတွေ့ဘူး။ တည်းခိုခန်းတွေမှာလည်း သူတို့လိုက်ရှာပြီးတော့ စစ်တယ်၊ ဖမ်းတယ်။ ဖုန်းကတ်တွေယူတယ်၊ ပိုက်ဆံတွေ ပါရင်လည်း ယူတယ်။ ပြီးရင် တချို့ လူတွေကို တောထဲမှာထားခဲ့တယ်။ ဒီမှာ တော်တော်များများ ဒုက္ခရောက်နေတယ်။ နေစရာလည်းမရှိဘူး။ အလုပ်မရှိလို့ စားစရာလည်း အဆင်မပြေဘူး။ အိမ်ကမှာပြီး စားနေရတယ်။ ပြန်ရင်လည်း အဖမ်းခံရတယ် ”
ကိုကျော်ဝင်းသန်းဟာ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ သရက်တစ်ပင်ရွာကဖြစ်ပြီး တရုတ်နိုင်ငံမှာ သွားရောက် အလုပ်လုပ်နေတာ သုံးနှစ်လောက်ရှိပြီလို့ ဆိုပါတယ်။
မေလ ၃ ရက်နေ့ မြန်မာအချိန် ည ၈ နာရီလောက်မှာတော့ ကိုကျော်ဝင်းသန်းကို တရုတ်ရဲတွေ ဖမ်းမိသွားပါတယ်။
သူကိုယ်တိုင်ကလည်း တရုတ်ရဲတွေဖမ်းတာ ခံလိုက်ရပြီလို့ RFA ကို အသံဖိုင်နဲ့ အကြောင်း ကြားခဲ့ပေမယ့် အဲဒီနောက်ပိုင်းတော့ သူ့ဆီထပ်ဆက်သွယ်လို့ မရတော့ပါဘူး။
“ကျနော် ရဲအဖမ်းခံလိုက်ရတယ်နော်။ ကျနော့်ကို ဆက်သွယ်လို့ ရတော့မှာမဟုတ်ဘူး။ အဲမှာ ကျနော့် သူငယ်ချင်းတွေနဲ့တော့ ဆက်သွယ်လိုက်ဦး။ တခြားသူတွေ ကျနော့်လို အဖမ်းမခံရအောင် ကူညီပေးပါ။ မြန်မာပြည်ကို အမြန်ဆုံး ပြန်နိုင်အောင်လို့ ”
ဟွေ့ကျိုးမြို့အထွက် တောထဲမှာပုန်းနေရတဲ့ အသက် ၂၅ နှစ်အရွယ် ကိုကျော်သန်းကတော့ အဲဒီနေရာမှာတင် လူအယောက် ၃၀ လောက်ရှိပြီး အခြားနေရာတွေမှာလည်း ၁၀၀ ကျော်အထိ ရှိနေတယ်လို့ RFA ကို ပြောပါတယ်။
“အခုကျနော်တို့နေတဲ့ တောထဲမှာဆို လူဦးရေ ၃၀ လောက်တော့ရှိတယ်။ နေရာတွေ ကတော့ အများကြီးရှိတယ်။ တုံကွမ်မြို့နားမှာဆိုရင် လူပေါင်း ၅၀ ကျော်လောက်တောင် ရှိတယ်လို့ပြောတယ်။ ကျန်တဲ့နေရာတွေမှာလည်း အများကြီးရှိတယ်။ တချို့ဆို ထမင်း မစားရတာ တစ်မျိုး။ တချို့ဆိုရင် အသက်ကြီးတဲ့သူတွေလည်းပါတယ်၊ နေမကောင်းတဲ့ သူတွေလည်း ရှိတယ်။ အများကြီးပဲ ဒုက္ခတွေ ဖြစ်တာတော့ ”
လက်ရှိ တောထဲပုန်းနေရသူတွေအတွက် စားသောက်ရေးကို မြန်မာရွှေ့ပြောင်းလုပ်သား အချင်းချင်းကပဲ ကူညီပေးနေရပြီး ဒီအတိုင်းရေရှည်နေဖို့ အဆင်မပြေဘူးလို့ ထွက်ပြေးနေရ သူတွေက ပြောပါတယ်။ နေရပ်ပြန်ဖို့အတွက် တရုတ်ရဲစခန်းမှာ သွားအကြောင်းကြား ရင်လည်း အဖမ်းခံကြရတာကြောင့် ဖြစ်သလို နေထိုင်နေကြရတာလို့ ပြောကြပါတယ်။
ဒီအခြေအနေနဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံ နန်နင်းမှာရှိတဲ့ မြန်မာကောင်စစ်ဝန်ရုံးကို RFA က မေလ ၄ ရက်နေ့မှာ ဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားတာ မရှိသလို မြန်မာနိုင်ငံမှာရှိတဲ့ တရုတ်သံရုံးကိုလည်း မေလ ၃ ရက်နေ့မှာ အီးမေးလ်ကနေ မေးမြန်းခဲ့ပေမယ့် ဒီနေ့အထိ ပြန်ဖြေဆိုတာ မရှိသေးပါဘူး။
ဒါပေမဲ့ တရုတ်မှာ အဖမ်းခံနေရတဲ့ မြန်မာအလုပ်သမားတွေနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်သံရုံးကို RFA က မတ်လထဲ မေးမြန်းခဲ့ရာမှာတော့ တရုတ်ရောက် ပြည်ပနိုင်ငံသားတွေအခွင့်ရေးနဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံအနေနဲ့ အထူးအလေးထားသလို ပြည်ပနိုင်ငံသားတွေဘက်ကလည်း တရုတ်နိုင်ငံရဲ့ စည်းမျဉ်းတွေကို အလေးထားဖို့ လိုတယ်လို့ ဖြေထားပါတယ်။
"တည်းခိုခန်းတွေမှာလည်း သူတို့လိုက်ရှာပြီးတော့ စစ်တယ်၊ ဖမ်းတယ်။"
စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကလည်း တရုတ်မှာအဖမ်းခံနေရတဲ့ မြန်မာရွှေ့ပြောင်း လုပ်သားတွေ ကိစ္စအတွက် တရုတ်နိုင်ငံအတွင်းမှာရှိတဲ့ ကောင်စစ်ဝန် ရုံးတွေကနေတစ်ဆင့် ကူညီပေးနေတယ်လို့ ပြောပါတယ်။
“ကောင်စစ်ဝန်ရုံးအနေနဲ့ရော တရုတ်မှာ နှစ်နိုင်ငံ နယ်ခြားကော်မတီရှိတယ်။ သူတို့နဲ့လည်း ညှိနှိုင်း ဆောင်ရွက်လျက်ရှိတယ်။ တရုတ်နိုင်ငံအနေနဲ့ ဖမ်းဆီးရမိ သူတွေနဲ့ တရားမဝင် ဝင်ရောက်လာသူတွေဖြစ်ဖြစ် ဖမ်းဆီးထိန်းသိမ်းတာတွေ ရှိတယ်။ ရရှိတာနဲ့ မြန်မာနိုင်ငံဘက်က ကောင်စစ်ဝန်ရုံးကိုလည်း အကြောင်းကြားတယ်။ သူတို့သတ်မှတ်တဲ့နေရာတွေမှာ ပြန်ပို့တာ လက်ခံတာနဲ့ ဟိုဘက်ကိုပြန်ပို့တာ၊ လက်ခံတာတွေကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိတယ်”
ဒါပေမဲ့ နေရပ်ပြန်လိုသူတွေအနေနဲ့ တရုတ်ကောင်စစ်ဝန်ရုံးကို ချိတ်ဆက်နိုင်ရင် တစ်ပတ်အတွင်း နယ်စပ် မြန်မာနိုင်ငံကို ရောက်နိုင်ပေမယ့် အများစုက ကောင်စစ်ဝန်ရုံးနဲ့ ဆက်သွယ်ဖို့ ခက်ခဲနေကြတယ်လို့ပြောပါတယ်။

အဖမ်းခံရသူတွေကိုလည်း မြန်မာနိုင်ငံသား ဟုတ်၊ မဟုတ် ကောင်စစ်ဝန်ရုံးက အတည်ပြုတာ အချိန်တွေ အများကြီး ကြန့်ကြာမှုရှိတယ်လို့ ပြီးခဲတဲ့မတ်လကမှ မြန်မာသံရုံး အကူအညီနဲ့ တရုတ်ကနေပြန်လာတဲ့ မိုးကုတ်မြို့ခံ ကိုအောင်ညီက RFA ကို ပြောပါတယ်။
“ကျနော်တို့တုန်းကတော့ သံရုံးနဲ့ အဆက်အသွယ်လုပ်ပြီး ပြန်ခဲ့တာပေါ့နော်။ အခု နောက်ပိုင်းကတော့ အဆက်အသွယ်လုပ်ရတာမှာ ကွမ်တုန်းတို့၊ တုန်ကွမ်တို့ကျတော့ မြန်မာသံရုံးအောက်မှာမရှိဘူး။ နန်နင်းမှာရှိတဲ့ မြန်မာကောင်စစ်ဝန်ရုံး အောက်မှာ ရှိတော့ ကောင်စစ်ဝန်ရုံးက ဘယ်လိုအကြောင်း ပြန်လဲဆိုတော့ ပြန်ချင်တဲ့ မြန်မာအလုပ်သမားတွေကို အချက်အလက်တွေ အကုန်တောင်းတယ်။ အချက်အလက်တွေ တောင်းပြီးမှ ပြည့်စုံကြောင်း မှန်ကန်မှ ပြန်ပို့ပေးတယ်။ တချို့ မြန်မာနိုင်ငံသား တွေဆို သင်္ချိုင်းကုန်းမှာ သွားအိပ်ရတဲ့သူတွေ ရှိတယ်”
ငွေရှိသူတွေကတော့ မှောင်ခိုကားတွေနဲ့ တရုတ်-မြန်မာနယ်စပ် ပေါက်စန်းအထိ တစ်ယောက်ကို တရုတ်ယွမ်တစ်သောင်း (မြန်မာငွေသိန်းသုံးဆယ်ကျော်) ပေးပြီး ပြန်ကြပေမယ့်လည်း မကြာခဏ အဖမ်းခံရပြီး ကားသမားက ထောင်ဒဏ် ခုနစ်နှစ်နဲ့ ကားပေါ်ပါတဲ့ မြန်မာနိုင်ငံသားတွေကတော့ အနည်းဆုံး ထောင်ဒဏ် သုံးလကနေ တစ်နှစ်ကျော်အထိ ချခံရတယ်လို့ ဆိုပါတယ်။
တရုတ်နိုင်ငံမှာ ကိုဗစ်-၁၉ ကပ်ရောဂါ မပြန့်ခင် ၂၀၁၉ ခုနှစ်အထိ မြန်မာနိုင်ငံက ရွှေ့ပြောင်းလုပ်သား သိန်းနဲ့ချီ ရှမ်းပြည်နယ်နဲ့ ကချင်နယ်စပ်ကနေ တရုတ်ဘက် အလုပ်သွားလုပ်နေကြတာဖြစ်ပြီး ဒီအထဲမှာ အများစုက ရခိုင်၊ ကချင်နဲ့ ရှမ်းပြည်နယ်က ဖြစ်ပါတယ်။
၂၀၂၀ ပြည့်နှစ်နောက်ပိုင်းမှာတော့ ကိုဗစ်ကြောင့် တရုတ်ဘက်က မြန်မာနိုင်ငံသားတွေ နယ်စပ်ဂိတ်တွေ ကနေ အလုံးအရင်းနဲ့ ပြန်လာခဲ့ကြပေမယ့် တရုတ်ပြည်မကြီးနဲ့ ကိုရီးယား နယ်စပ်တွေအထိ အလုပ် သွားလုပ်သူတွေကတော့ နေရပ်ပြန်ဖို့ အခက်အခဲတွေရှိနေတာပါ။
ဒီနေ့အထိ တရုတ်အကျဉ်းထောင်တွေမှာ ဖမ်းဆီးခံထားရတဲ့ မြန်မာနိုင်ငံသားတွေနဲ့ နေရပ် ပြန်ချင်တဲ့သူ အရေအတွက်ဟာ နှစ်ခုပေါင်း အနည်းဆုံး တစ်သောင်းအထက်မှာ ရှိနိုင်တယ်လို့ မူဆယ်နယ်စပ်မှာ နေထိုင်ပြီး မြန်မာအလုပ်သမားတွေ နေရပ်ပြန်နိုင်ရေး ဆောင်ရွက်ပေးနေသူတွေက ပြောပါတယ်။