မြန်မာ့ မီဒီယာအမှောင်ခေတ်

ဂျူလိုင်မျိုး(ဝါရှင်တန်ဒီစီ)
2021.05.26

စစ်ကောင်စီအုပ်ချုပ်တဲ့အချိန်ကစလို့ သတင်းဌာနတချို့ တရားစွဲခံရတာ၊ ပိတ်သိမ်းခံရတာ၊ သတင်းသမားတွေကို ဖမ်းဆီးတာ၊ အင်တာနက်လိုင်းဖြတ်တောက်တာ စတာတွေ တောက်လျှောက်လုပ်နေပါတယ်။ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီးနောက် သတင်းမီဒီယာသမား အယောက် ၈၀ ကျော် ဖမ်းဆီးခံခဲ့ရပါတယ်။ လက်ရှိ အကျဉ်းထောင်တွေထဲမှာ သတင်းသမား ၄၅ ဦးထက်မနည်း ချုပ်နှောင်ခံထားရပြီး အများစုက ပုဒ်မ ၅၀၅ (က) နဲ့ တရားစွဲခံထားရပါတယ်။ မြန်မာနိုင်ငံရဲ့ သတင်းလွတ်လပ်ခွင့်နဲ့ သတင်းစီးဆင်းမှုဟာလည်း သိသိသာသာ ကျဆင်းသွားပါတယ်။ ဒီလိုအခြေအနေတွေကြောင့် ပြည်တွင်းက သတင်းလောကသားတွေမှာ အလုပ်လက်မဲ့ပြဿနာ၊ စားဝတ်နေရေးပြဿနာနဲ့ ဖမ်းဆီးမခံရအောင် ရှောင်တိမ်းနေရတဲ့ ပြဿနာတွေ ကြုံတွေ့နေရပါတယ်။ အရင်က ရုပ်သံသတင်းထောက် အခုတော့ အလုပ်လက်မဲ့ဖြစ်သွားပြီလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရန်ကုန်အခြေစိုက် ရုပ်သံသတင်းထောက်တဦးက ပြောပါတယ်။

"ဖေဖော်ဝါရီ ၁ ရက် နောက်ပိုင်းကနေ အလုပ်က နားခံရတာပေါ့၊ လက်ရှိအချိန်အထိ အလုပ်လက်မဲ့ဖြစ်သွားတယ်၊ နောက်အလုပ်တစ်ခုလည်း ရှာလို့မရတော့ဘူး၊ ကိုယ်မှမဟုတ်ဘူး၊ တခြားသတင်းထောက်တွေ တော်တော်များများကလည်း ရရာအလုပ် လုပ်စားနေရတဲ့အခြေအနေကိုဖြစ်နေတယ်၊ လက်ရှိက"

လုံခြုံရေးအရ အမည်မဖော်လိုတဲ့ အလွတ်သတင်းထောက်တဦးကလည်း သူ အလုပ်လက်မဲ့ဖြစ်နေပြီလို့ဆိုပါတယ်။

"အခုအာဏာသိမ်းပြီးနောက်ပိုင်းကျတော့ မီဒီယာတိုက် တော်တော် များများကို ပိတ်တာတွေ သတင်းထောက်တွေဖမ်းဆီးတာတွေ ဖြစ်လာတဲ့နောက်ပိုင်းမှာ ကျွန်မတို့သတင်းထောက်တွေ အလွတ်တန်းတွေအနေနဲ့ ပိုပြီး ဂရုစိုက်ရတဲ့အပိုင်းမှာ သတင်းအလုပ်ကနေ ခဏရပ်လိုက်ရတယ်/ လောလောဆယ် နားတာဆို ၂ လလောက်တော့ရှိပြီ"

နယ်အခြေစိုက် ရုပ်သံသတင်းထောက်တဦးကလည်း ဝင်ငွေမရှိလို့ စိုးရိမ်နေပါတယ်။

"ကိုယ်ပို့တဲ့တိုက်က နဂိုက Mizzima တို့ 7 Day တို့ VOM တို့ အကုန်လုံးက ပိတ်သွားကြပြီ၊ လောလောလတ်လတ်ကတော့ အလုပ်လက်မဲ့ ဖြစ်သွားတာပဲ၊ အလုပ်လက်မဲ့ဖြစ်သွားတော့ ဝင်ငွေမရှိတော့ဘူးပေါ့ဗျာ။ ဝင်ငွေမရှိတော့ နေရေးထိုင်ရေးအတွက် အထူးတော့ ပြောဖို့လိုမယ်တော့မထင်ဘူး"

လက်ရှိအခြေအနေအရ ပြည်တွင်းစီးပွားရေး အကြပ်အတည်းကာလဖြစ်တဲ့အတွက် အလုပ်အကိုင်အခွင့်အလမ်း အလွန်နည်းပါးနေပါတယ်၊ အခုလို အကြပ်အတည်းကာလမှာ အလုပ်လက်မဲ့ဖြစ်သွားတဲ့ သတင်းသမားတွေအနေနဲ့ ကိုယ်နဲ့နီးစပ်ရာ လုပ်ငန်းမျိုးစုံလုပ်ကိုင်ရင်း သူတို့ရဲ့ဘဝတွေကို ဖြတ်သန်းနေကြရတာပါ။ အခုချိန်မှာ အလုပ်ရှာဖို့လည်းခက်နေတယ်လို့ အလွတ်သတင်းထောက်တဦးက ဆိုပါတယ်။

"အစောကတည်းက အလွတ်တန်းတွေက လစာမရှိဘူး၊ စာမူခနဲ့ပဲ ရပ်တည်ရတာဆိုတော့ အခုနားလိုက်တဲ့အခါမှာ အခက်အခဲတွေတော့ ရှိတာပေါ့၊ ကိုယ်ဘွဲ့ရထားလို့ တခြားအလုပ်လုပ်ချင်တယ် ဆိုရင်တောင်မှ အလုပ်အကိုင်က ရှာလို့မရတဲ့ အနေအထားရှိတယ်၊ အလုပ်စလုပ်တာလည်း ဒီမီဒီယာ သတင်းထောက်အထိ စပြီးလုပ်ခဲ့တာဆိုတော့ ဒီကာလမှာတော့ လုပ်ဖို့က အဆင်မပြေနိုင်တော့တဲ့ အနေအထားမှာဖြစ်သွားတယ်"

ဝင်ငွေမရှိတော့ သတင်းလုပ်ငန်းသုံးပစ္စည်းတွေကိုရောင်းပြီး ဘဝရပ်တည်ရေးဖြေရှင်းနေရပြီလို့ အလွတ်တန်းသတင်းထောက် နောက်တဦးကလည်း ရှင်းပြပါတယ်။

"အရင်းအနှီးရှိတဲ့သူတွေကတော့ ခုအချိန်မှာ ပဲပြုတ်တို့ တခြား အွန်လိုင်းမှာပေါ့ ဟင်းချက်ရောင်းတာတို့ ဒါတွေတော့ လုပ်နေတာပေါ့၊ မိဘဆွေမျိုး အကူအညီရတဲ့သူတွေဆိုရင်တော့ ငါးခြောက်ငါးခြမ်းတွေ ကုန်ခြောက်လေးတွေ ဆိုင်လေးတွေဖွင့်ပြီးရောင်းတာတွေ ဈေးတွေထဲမှာ ရောင်းတာတွေရှိတယ်၊ အသိမိန်းကလေး သတင်းထောက်တွေဆိုရင် အထည်ချုပ်စက်ရုံတွေမှာ အလုပ် ဝင်လုပ်နေကြရတယ်လေ၊ ဒါပေမယ့် သူတို့မှာ ရေရှည်အတွက်လည်း လုံးဝအဆင်မပြေဘူးပေါ့၊ ကျွန်တော်တို့ကျတော့ နောက်က ထောက်ပံ့မဲ့သူ မရှိတော့ ကိုယ်မြတ်နိုးပါတယ် တန်ဖိုးထားပါတယ်ဆိုတဲ့ ဒီကင်မရာတွေ ကွန်ပျူတာတွေကို တစ်ခုချင်းစီရောင်းပြီးတော့ နေဖို့စားရိတ် စားဖို့စားရိတ်တွေကို ဖြေရှင်းနေရတယ်"

လောလောဆယ် သတင်းလောကမှာ အခက်အခဲတွေကြုံနေရပေမယ့်လည်း သတင်းလွတ်လပ်ခွင့် ပြန်ရလာဖို့နဲ့ သတင်းတွပြန်ရေးနိုင်ဖို့ မျှော်လင့်နေတဲ့ သတင်းသမားတွေလည်းရှိတယ်လို့ ရန်ကုန်အခြေစိုက်ရုပ်သံသတင်းထောက်တဦးကဆိုပါတယ်။

"စိတ်ကျတာမျိုးတော့မရှိဘူး၊ ဘာဖြစ်လာမလဲဆိုတာ မှန်းလို့မရတဲ့အတွက် လက်ရှိကတော့ ဘာမှကြိုတင်ပြင်ဆင်ထားတာတော့မရှိဘူး၊ ဒီကာလကတော့ ခဏလောက်ပဲ ငြိမ်နေလိုက်မယ် ဆိုပြီးတွေးထားတယ်၊ နဲနဲအခြေအနေပြန်အေးရင်တော့ ကောင်းရင်တော့ကောင်းလာမယ်လို့ မျှော်လင့်ထားတာပဲ"

အလုပ်မရှိတဲ့သတင်းသမားတွေကိုငွေကြေးထောက်ပံ့တယ်ဆိုတာက ယာယီသဘောပဲဖြစ်ပြီး အဓိကလိုအပ်တာက သတင်းလွတ်လပ်ခွင့်ပဲလို့ နယ်အခြေစိုက်ရုပ်သံသတင်းထောက် တဦးကဆိုပါတယ်။

"ရပ်တည်ဖို့ကတော့ ရှင်းပါတယ်ဗျာ သတင်းလည်ပတ်ခွင့်သာ လွတ်လွတ်လပ်လပ်ပေးပါ လိုချင်တဲ့အကူအညီက အဲ့ဒီတစ်ခုပဲ၊ ငွေကြေးဘာညာက ဒီအချိန်သွားကူညီရင် သတင်းထောက်ဘဝတွေ သတင်းထောက်တွေမငတ်ဖို့ပဲ ထားနိုင်မှာပဲ သတင်းမှန်ပြည်သူကို စီးဆင်းဖို့ကျတော့ ကျန်တဲ့အကူအညီက တစ်ခုမှကို အသုံးမကျနိုင်ဘူးထင်တယ်"

အလွတ်တန်းသတင်းထောက်ဘဝကနေ ဈေးသည်ဘဝကိုရောက်သွားသူတဦးကလည်း စိုးရိမ်နေရတဲ့အခြေအနေကို ရှင်းပြပါတယ်။

"အလုပ်အကိုင်ကတော့ ရတဲ့ဟာလေးတွေ ချွေတာစား ရှိတာလေးတွေ အရင်းအနှီးလုပ်ပြီး ကုန်ခြောက်တွေ ရောင်းနေရတာရှိတယ်လေ၊ ဒါပေမယ့် ရေရှည်စားဝတ်နေရေး အဆင်မပြေတော့ ဒီအရင်းအနှီးကလည်း ဒီစားတဲ့အထဲရောက်သွားတော့ နောက်ပိုင်းမှာ ဘယ်လိုလုပ်ရမလဲဆိုတာ ကိုယ့်ကိုယ်ကိုလည်း စဉ်းစားလို့မရသေးဘူးပေါ့၊ ဒီမီဒီယာအလုပ်နဲ့ တခြားအလုပ်တွေ လျှောက်တာပဲ ဒါပေမယ့် အလုပ်က ဘယ်မှာမှခေါ်တာမရှိဘူးလေ၊ ရေရှည်ဘာလုပ်ရမလဲဆိုတာ ကိုယ့်ဟာကိုယ်စဉ်းစားရင်းနဲ့ အိပ်မပျော်တဲ့ညတွေတောင် တော်တော်များနေပြီ"

စစ်ကောင်စီက သတင်းမီဒီယာတွေကို ပစ်မှတ်ထားဖိနှိပ်နေပေမယ့် သတင်းသမားအချို့ကတော့ ရတဲ့နည်းနဲ့ သတင်းဖော်ပြနေတာတွေလည်း ရှိပါတယ်၊ သတင်းသမား အများစုကတော့ ဘယ်လိုပဲ ဖိနှိပ်ချုပ်ခြယ်ပါစေ သူတို့ရဲ့ အတတ်ပညာနဲ့ ပြည်သူတွေအတွက် သတင်းတင်ဆက်မှုတွေကိုတော့ စွန့်လွှတ်မှာမဟုတ်ဘဲ အခွင့်အရေးရတာနဲ့ ပြန်လည်လုပ်ဆောင်ကြမယ်လို့ဆိုပါတယ်။ ဘယ်အခြေအနေပဲရောက်ရောက် သတင်းထောက်ဘဝကိုတော့ မစွန့်လွှတ်ဘူးလို့ အလွတ်တန်းသတင်းထောက် တဦးက ဆုံးဖြတ်ထားပါတယ်။

"ဒီကာလပြီးသွားလို့ သူတို့ပြောင်းသွားပြီ နောက်အသစ်ဆိုရင်တော့ ညီမတို့အတွက် မီဒီယာတွေအတွက် အခွင့်အလမ်းရှိလာမယ် ကျင့်ဝတ်တွေ ရှိလာမယ်ဆိုရင်တော့ သတင်းထောက်အလုပ်ကို အားလုံးက ပြန်လုပ်မှာပါ၊ ညီမတစ်ယောက်တည်းမဟုတ်ဘူး ညီမသူငယ်ချင်းတွေအားလုံးပေါ့လေ၊ ခုချိန်ထိတောင်မှ သူတို့ပြေးနေရင်းကနေ ရရာဘက်ကနေပြီးတော့ သူတို့ကိုယ်တိုင် Page တွေ ထောင်ပြီးတော့ လုပ်နေတဲ့သူတွေလည်းရှိတယ်၊ ခုလိုမျိုးဖြစ်သွားပေမယ့်လည်း သတင်းထောက်တွေကတော့ တချိန်ချိန်မှာ ရတဲ့အချိန်မှာ အားလုံးကတော့ ကိုယ်တတ်တဲ့ပညာနဲ့ သတင်းမီဒီယာကဏ္ဍကို ဖွံ့ဖြိုးအောင် လုပ်မယ့်သူတွေချည်းပါပဲ၊ သူတို့ ဘယ်လောက်ပဲ ဖိနှိပ်ဖိနှိပ်ပေါ့"

နယ်အခြေစိုက်ရုပ်သံသတင်းထောက်တဦးကလည်း သတင်းလုပ်နိုင်မယ့် အခွင့်အလမ်းကို အမြဲတန်းရှာနေမယ်လို့ဆိုပါတယ်။

"ကျွန်တော်ကတော့ မစွန့်ဘူး ရေးမှာရေးမှာ၊ ပင်ကိုယ်စိတ်ကတော့ တစ်သက်လုံး သတင်းပါပဲ၊ သတင်းပလက်ဖောင်းတွေ ပြန်ပွင့်လာမယ် ရေးခွင့်ရှိနေဦးမယ်ဆိုရင် သတင်းပဲရေးမှာပဲကျွန်တော်တို့၊ သူငယ်ချင်းတွေတော့ မမေးကြည့်မိဘူး၊ သူတို့လည်း အဆင်မပြေဘူး တခြားလုပ်ငန်း ရှာမှဖြစ်မယ်ဆိုလို့သာ ရှာကြတာပါ၊ ရေးလို့ရလို့ ပလက်ဖောင်းရှိမယ်ဆိုရင် သူတို့လည်းရေးနေကြမှာ"

လွတ်လပ်စွာပြောဆိုရေးသားခွင့်ဟာ ဒီမိုကရေစီရဲ့ အခြေခံအချက်တခုပါ။ သတင်းလွတ်လပ်ခွင့်ဆိုတာကို အန္တရာယ်လို့မြင်တဲ့ အုပ်ချုပ်သူတွေကတော့ သတင်းလောကသားတွေကို ရန်သူလို့မြင်ပြီး ရန်သူလို ဆက်ဆံကြပါတယ်။ အာဏာအသိမ်းခံခဲ့ရတဲ့ NLD အစိုးရလက်ထက်မှာလည်း သတင်းလွတ်လပ်ခွင့်ကို ကန့်သတ်ထိန်းချုပ်တာတွေ အင်တာနက်သုံးခွင့် ဖြတ်တောက်ပိတ်ပင်တာတွေ လုပ်ခဲ့ပါတယ်။ အခုစစ်ကောင်စီကတော့ NLD အစိုးရ ထက်ပိုပြီး သတင်းလောကသားတွေကို ဖိနှိပ်နေတာကြောင့် မြန်မာ့သတင်းလောကရဲ့ အလားအလာက ကောင်းမယ့်လက္ခဏာတွေ မမြင်ရပါဘူး။ အဲဒါ ကြောင့် သတင်းလောကသားတွေရဲ့ အနာဂတ်ဟာလည်း ခန့်မှန်းလို့မရအောင် မရေမရာဖြစ်နေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။