အိန္ဒိယအစိုးရနဲ့ အာဏာသိမ်း စစ်ကောင်စီ ဆက်ဆံရေး
2021.03.23
ရှစ်လေးလုံးအရေးတော်ပုံတုန်းက မြန်မာလူထုရဲ့ အိမ်နီးချင်း မိတ်ဆွေကောင်း ဖြစ်ခဲ့ပေမယ့် ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းလို့ ဆန့်ကျင် ကန့်ကွက်သူတွေကို စစ်ကောင်စီက အကြမ်းဖက်ဖြိုခွင်းချိန်မှာ အိန္ဒိယနိုင်ငံဟာ အနောက်နိုင်ငံတွေလို စီးပွားရေးအရ ဒဏ်ခတ်ဖို့အစီအစဉ်မရှိတဲ့အပြင် ပြင်းပြင်းထန်ထန် ရှုတ်ချတာလည်းမရှိပါဘူး။
တခြားနိုင်ငံပြည်တွင်းရေး ဝင်မစွက်ဖက်ဘူးဆိုတဲ့ အာဆီယံ-အရှေ့တောင်အာရှနိုင်ငံများ အသင်းကတောင် ဒီမိုကရေစီလမ်းကြောင်းပြန်သွားဖို့ တိုက်တွန်းချိန်မှာ အထူး စိုးရိမ်မကင်းဖြစ်ရပါတယ်လို့သာ အိန္ဒိယ ပြည်ထဲရေးဝန်ကြီးဌာနက ကြေညာချက်ထုတ်ပြန်ပါတယ်။
အာဏာသိမ်းစစ်ကောင်စီကို ဘာကြောင့် ပြင်းပြင်းထန်ထန်မဝေဖန်ပါသလဲ။ နယူးဒေလီမြို့မှာ သီတင်းသုံးတဲ့ ရှစ်လေးလုံး ကျောင်းတိုက်ဆရာတော် ဦးအဂ္ဂ ကတော့ နှစ်နိုင်ငံ စစ်တပ်ချင်းနီးစပ်လွန်းတာကို ထောက်ပြပါတယ်။
မြန်မာစစ်တပ်ကို မ-ဘ-သလို့ အတိုကောက်ခေါ်တဲ့ အမျိုးဘာသာ သာသနာ ချိန်ခွင်လျှာ တဘက်စောင်းနင်းရောက်အောင် စောင့်ရှောက်သူတွေက အင်တိုက်အားတိုက် ထောက်ခံပြီး အိန္ဒိယမှာတော့ အမျိုးသားရေးဝါဒီလက်ကိုင်ထားတဲ့ အစိုးရ အုပ်ချုပ်နေတာကလည်း တူနေပြန်ပါတယ်။
ရှစ်လေးလုံးအရေးတော်ပုံနောက်ပိုင်း ဒီမိုကရေစီရေးလှုပ်ရှားသူတွေကို လက်လည်းလက်ခံ၊ အကာအကွယ် အစောင့်အရှောက်လည်းပေးတဲ့အတွက် န-ဝ-တ .. န-အ-ဖ စစ်ဗိုလ်ချုပ်တွေနဲ့ အိန္ဒိယဆက်ဆံရေးက ခပ်တန်းတန်းဖြစ်ခဲ့ပါတယ်။ ခု ၂၀၂၁ စစ်အာဏာသိမ်းချိန်မှာ ရှစ်လေးလုံးတုန်းကလို အိန္ဒိယ ဗဟိုအစိုးရက မြန်မာ့ဒီမိုကရေစီရေးကို ထဲထဲဝင်ဝင် ကူညီမယ့်ပုံ မပေါ်ပါဘူးး။ ဘာကြောင့်ပါလဲ။
အိန္ဒိယ သတင်းစာတွေသုံးသပ်တဲ့ အတိုင်းဆိုရင် နိုင်ငံ အရှေ့-မြောက်ပိုင်းက ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဖို့ တိုက်ပွဲဝင်သူတွေကို နှိမ်နင်းနိုင်ဖို့ အိန္ဒိယက မြန်မာစစ်တပ်နဲ့ ဆက်ဆံရေးပျက်ပြားလို့ မဖြစ်နိုင်တဲ့ အနေအထားမှာ ရှိနေပြန်ပါတယ်။
ဒါတွေသာမက အိန္ဒိယအရှေ့မျှော်မူဝါဒ၊အကောင်အထည်ဖော်ဖို့ မြန်မာနိုင်ငံက အနီးကပ်ဆုံးဖြစ်တာ။ ကုန်းတွင်းပိတ် မီဇိုရမ် ပြည်နယ် ဖွံ့ဖြိုးရေးအတွက် ကုလားတန်ဘက်စုံစီမံကိန်း အရေးပါတာ၊ အိန္ဒိယ-မြန်မာ-ထိုင်း အဝေးပြေးလမ်းမနဲ့ ဆက်စပ်ပြီး ရရှိမယ့် ကုန်သွယ်ရေး အလားအလာတွေကြောင့်လည်း အိန္ဒိယက မြန်မာစစ်ကောင်စီနဲ့ ပလဲနံပသင့်ဖို့လိုနေပြန်ပါတယ်။
ပထဝီ နိုင်ငံရေးအရလည်း မြန်မာနိုင်ငံဟာ အိန္ဒိယနဲ့ တရုတ်နိုင်ငံကြားမှာ တည်ရှိနေပြီး စစ်ကောင်စီက တရုတ်နဲ့ ခပ်ခွာခွာနေမယ် ကြွေးကြော်သံနဲ့ နိုင်ငံတကာကို ချဉ်းကပ်ပေးမယ့် အစ္စရေးပွဲစား ဌားရမ်းထားတာမို့ အိန္ဒိယက သူနဲ့ပိုနီးစပ်လာမလား မျှော်လင့်ကောင်း မျှော်လင့်နေမယ်လို့လည်း သုံးသပ်ပါတယ်။