စစ်ကောင်စီက တရားစွဲထားတဲ့ အနုပညာရှင် ၁၄၀ ကျော်ရှိပြီ

ခင်ခင်အိ(ဝါရှင်တန်ဒီစီ)
2021.04.14

အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုမှာ ပါဝင်တဲ့ အနုပညာရှင်တွေကို စစ်ကောင်စီက ဖမ်းဝရမ်းထုတ် တရားစွဲထားသလို သူတို့ရဲ့အနုပညာတွေကိုလည်း ဘယ်မီဒီယာကမှ ထုတ်လွှင့်ခြင်းမပြုဖို့ ထုတ်ပြန်ထားပါတယ်။ ဒီအနုပညာရှင်တွေကတော့ လက်နက်အားကိုးနဲ့ ပြည်သူကို အနိုင်ကျင့်နေတဲ့ စစ်အာဏာရှင်ကို သက်ဆုံးတိုင် ဆန့်ကျင်သွားမယ်လို့ ဆိုပါတယ်။

ဖေဖော်ဝါရီ ၁ ရက် စစ်တပ်က အာဏာသိမ်းလိုက်တဲ့နောက် CDM (Civil Disobedient Movment) လို့ခေါ်တဲ့ အာဏာဖီဆန်ရေး လူထုလှုပ်ရှားမှုတွေ နိုင်ငံနဲ့အဝှမ်း ပေါ်ပေါက်လာခဲ့ပါတယ်။ CDM လှုပ်ရှားမှု အရှိန်အဟုန် မြင့်လာတာနဲ့ အမျှ အဲဒီလှုပ်ရှားမှုမှာ ပါဝင်တဲ့ အဆိုတော်တွေ၊ ရုပ်ရှင်သရုပ်ဆောင်တွေ ဒါရိုက်တာတွေ စတဲ့ အနုပညာရှင်တွေအပါအဝင် အွန်လိုင်းမှာ ထင်ပေါ်ကျော်ကြားသူတွေကို ပုဒ်မ ၅ဝ၅ (က) နဲ့ အာဏာသိမ်းစစ်ကောင်စီက အမှုဖွင့် တရားစွဲတာတွေ ဖမ်းဆီးတာတွေ လုပ်လာပါတယ်။

CDM လှုပ်ရှားမှုမှာ အစိုးရဝန်ထမ်းတွေ ပါဝင်လာအောင် စည်းရုံးလှုံ့ဆော်တာ၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီ CRPH ကို ထောက်ခံတာကြောင့်ဆိုပြီး တရားစွဲထားတဲ့ အနုပညာရှင် ၁၄၀ ကျော်ရှိပြီး ဖမ်းဆီးခံရသူတွေလဲ ၁ဝ ဦး ထက်မက ရှိနေပါတယ်။ လက်ရှိမှာ အကယ်ဒမီလူမင်း၊ လူရွှင်တော် ကိုဇာဂနာ၊ သရုပ်ဆောင်ပိုင်တံခွန်၊ ရဲတိုက်၊ စာရေးဆရာ မောင်သာချို၊ အဆိုတော် စောဖိုးခွား၊ စာရေးဆရာမ ဒေါ်သန်းမြင့်အောင် နဲ့ ဖေ့စ်ဘုတ်မှာ နာမည်ကြီးတဲ့ ဘလော့ဂါ ဝင်းမင်းသန်း အပါအဝင် ၁၀ ဦးကျော် ဖမ်းဆီးခံထားရပါတယ်။ စစ်ကောင်စီရဲ့ ဖမ်းဝရမ်းထုတ်ခံထားရတဲ့ အဆိုတော် ချမ်းချမ်းက မြန်မာပြည်ဒီမိုကရေစီရတဲ့အထိ အမှန်တရားအတွက် ဆက်လက်တိုက်ပွဲဝင်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီက ဖေဖော်ဝါရီလ ၆ ရက်နေ့ထဲက သရုပ်ဆောင် လူမင်း၊ ပြေတီဦး၊ ဏကြီး၊ ဒါရိုက်တာ ဝိုင်း၊ ဒါရိုက်တာ ကိုပေါက် နဲ့ အဆိုတော် အနဂ္ဂတို့ကို ၅ဝ၅ (က) နဲ့ အမှုဖွင့် ဖမ်းဝရမ်းထုတ်ခဲ့တာပါ။ ဧပြီလ ၂ ရက်နေ့က စပြီး တရက်ကို အယောက် ၂၀ နှုန်းနဲ့ တရားစွဲခံရသူတွေစာရင်းကိုထုတ်ပြန်ခဲ့တာမှာ သရုပ်ဆောင် မင်းမော်ကွန်း၊ ဖွေးဖွေး၊ သက်မွန်မြင့်၊ အိန္ဒြာကျော်ဇင်၊ ပိုင်ဖြိုးသူ၊ အဆိုတော် အာဇာနည်၊ ကျားပေါက်၊ ချမ်းချမ်း၊ ဖြူဖြူကျော်သိန်း စတဲ့ အနုပညာရှင်တွေ ပါဝင်လာခဲ့ပါတယ်။

သရုပ်ဆောင် ပိုင်ဖြိုးသုက ဝရမ်းထုတ်သည်ဖြစ်စေ မထုတ်သည်ဖြစ်စေ လက်နက်အားကိုးနဲ့ ပြည်သူကို အနိုင်ကျင့်သတ်ဖြတ်နေတဲ့ စစ်အာဏာရှင်ကို အသက်ခန္တာ မြဲသရွေ့ ဆန့်ကျင်သွားမယ်လို့ သူ့ရဲ့ ဖေစ့်ဘုတ်စာမျက်နှာမှာ ပြောကြားပါတယ်။

တရားစွဲခံရသူတွေထဲမှာ ပါဝင်တဲ့ အဆိုတော် ရွှေရည်ဖြိုးမောင်ကလဲ သူတို့အနုပညာရှင်တွေကို စစ်အာဏာရှင်က ဖမ်းဝရမ်းထုတ် တရားစွဲတာဟာ ရှုံးမဲ မဲနေတာဖြစ်ပြီး ပြည်သူတွေရဲ့ လူ့အခွင့်အရေးကို ချိုးဖောက်တာပဲဖြစ်ကြောင်း ပြောပါတယ်။

အနုပညာရှင် အတော်များများ ခုလို ဖမ်းဝရမ်းထုတ်ခံရ ဖမ်းဆီးခံရတာတွေ နဲ့ပတ်သက်ပြီး Miss Grand Myanmar အလှမယ် ဟန်လေးက မြန်မာနိုင်ငံမှာ ဒီမိုကရေစီမရှိ လွတ်လပ်စွာပြောဆိုပိုင်ခွင့်မရှိတဲ့အတွက် စိတ်မကောင်း ဖြစ်ရတယ်လို့ ဆိုပါတယ်။

အာဏာသိမ်းစစ်ကောင်စီက အနုပညာရှင်တွေကို ရာဇသတ်ကြီးဥပဒေပုဒ်မ နဲ့ ခုလို တရားစွဲတာတင်မက ဒီအမှုဖွင့်ခံရတဲ့ အနုပညာရှင်တွေကို ရုပ်မြင်သံကြား၊ ရေဒီယို၊ အွန်လိုင်းမီဒီယာနဲ့ ပုံနှိပ်မီဒီယာ၊ ဘယ်မီဒီယာနဲ့မှ ထုတ်လွှင့်ဖော်ပြခြင်း မပြုဖို့ ဧပြီလ ၄ ရက်နေ့က အမိန့်ထုတ်ပြန်ခဲ့ပါတယ်။ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဝါရင့်သရုပ်ဆောင်ကြီးတဦးက သူတို့ အနုပညာရှင်တချို့က စစ်အာဏာသိမ်းပြီးနောက်ထဲက မြဝတီ နဲ့ MRTV ကို သူတို့ပါဝင်ဖန်တီးထားတဲ့ အနုပညာတွေကို ထုတ်လွှင့်ပြသတာမလုပ်ဖို့ ကြေညာထားခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ အခု ကျန်တဲ့ မီဒီယာတွေကပါ မထုတ်လွှင့်ရဘူးဆိုတာက အနုပညာရှင်တွေရဲ့ ဘဝတွေကို ခါးချိုးပစ်လိုက်တာဘဲလို့ ပြောပါတယ်။

တေးရေးဆရာ မင်းချစ်သူကလည်း သူ့ရဲ့ အနုပညာတွေကို မထုတ်လွှင့်ဖို့ သက်ဆိုင်ရာတွေကို ပြီးခဲ့တဲ့ မတ်လ ၉ ရက် နေ့ကတည်းက အကြောင်းကြားခဲ့ပြီးဖြစ်တယ်လို့ RFA ကိုပြောပါတယ်။

အခုလို စစ်ကောင်စီရဲ့ တရားစွဲ ဖမ်းဆီးမှုကြောင့် အနုပညာရှင်တော်တော်များများဟာ တိမ်းရှောင်နေကြပါတယ်။ စစ်အာဏာရှင်က အနုပညာရှင်တွေကို ဝရမ်းထုတ် ဖမ်းဆီးထိန်းသိမ်းတာနေပေမဲ့တင်မက သူတို့ရဲ့အနုပညာကို ပိတ်ပင် တားဆီးထားပေမဲ့လဲ အမှန်တရားအတွက် ဆက်လက်တိုက်ပွဲဝင်မှာဖြစ်တယ်လို့ သရုပ်ဆောင်လဲဖြစ် ကဗျာဆရာတဦးလည်း ဖြစ်တဲ့ ကိုသူရ ကပြောပါတယ်။

စစ်ကောင်စီက တရားစွဲထားတဲ့ ၅၀၅ (က) ဟာ ထောင်ဒဏ် ၃ နှစ်အထိ ချမှတ်နိုင်တဲ့ ပုဒ်မ ဖြစ်ပါတယ်။ ပြည်သူချစ်တဲ့ ငြိမ်းချမ်းစွာ ဒီမိုကရေစီရေးအတွက် ဆန္ဒဖော်ထုတ်ခဲ့တဲ့ ဒီအနုပညာရှင်တွေကို ခုလို ထောင်ဒဏ်အပြစ်ပေးနိုင်တဲ့ ပုဒ်မနဲ့ တရားစွဲ ဖမ်းဆီးနေတာအတွက် အလွန်စိတ်မကောင်းဖြစ်ရတယ်လု့ိ လူ့အခွင့်အရေးရှေ့နေ ဦးကြီးမြင့်က ပြောပါတယ်။

ပုဒ်မ ၅ဝ၅ (က) ဟာ စစ်တပ်အာဏာသိမ်းပြီးနောက် ပြင်ဆင်ဖြည့်စွက်လိုက်တဲ့ ပုဒ်မတခုဖြစ်ပြီး နိုင်ငံသားတစုကို ဖြစ်ဖြစ် ပြည်သူလူထုကိုဖြစ်ဖြစ် ထိတ်လန့်အောင် လုပ်တဲ့သူ၊ မမှန်သတင်းတွေကို ဖြန့်ဝေသူ ဒါမှမဟုတ် ဖြန့်ဝေဖို့ ကြံစည်သူ၊ အစိုးရဝန်ထမ်းတွေကို ပြစ်မှုကျူးလွန်အောင် တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်ဖြစ်စေ လှုံ့ဆော်သူ အားပေးသူ မည်သူ့ကိုမဆို ဒီဥပဒေနဲ့ တရားစွဲနိုင်တယ်လို့ ပြဌာန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။