စစ်ကောင်စီ ရွေးကောက်ပွဲ မရေရာသေးကြောင်း လေ့လာသူတွေပြော
2024.01.08

၂၀၂၄ ခုနှစ် အောက်တိုဘာမှာ ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူပြီးနောက် အဲဒီကရလာတဲ့ စာရင်းတွေပေါ်မူတည်ပြီး ခိုင်မာမှန်ကန်တဲ့ မဲစာရင်းတွေ ထပ်ရလာရင် ရွေးကောက်ပွဲကို အကြားအလပ်မရှိ ကျင်းပနိုင်ရေး ကြိုးပမ်းမယ်လို့ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဇန်နဝါရီ ပထမပတ်ထဲမှာပဲ သုံးကြိမ်တိုင်တိုင် ထုတ်ပြောလာပါတယ်။
ဇန်နဝါရီလ ၁ ရက် နှစ်သစ်ကူးမိန့်ခွန်း၊ ဇန်နဝါရီလ ၄ ရက်နေ့ လွတ်လပ်ရေးနေ့အတွက် ပေးပို့တဲ့သဝဏ်လွှာနဲ့ ဇန်နဝါရီလ ၆ ရက်နေ့ စစ်ကောင်စီထံ မှတ်ပုံတင်ထားတဲ့ နိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံချိန်တွေမှာ အကြိမ်ကြိမ် ထုတ်ပြောခဲ့တာပါ။
နိုင်ငံရေး ပါတီတွေနဲ့တွေ့ဆုံချိန် သန်းခေါင်စာရင်းနဲ့ မဲစာရင်းကိစ္စတွေကို ပြောဆိုပေမယ့် ရွေးကောက်ပွဲလုပ်မယ့် နှစ်၊ လ၊ ရက် အတိအကျကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုခဲ့တာ မရှိဘူးလို့ အဲဒီတွေ့ဆုံပွဲကို တက်ရောက်ခဲ့တဲ့ ဒီမိုကရက်တစ်ပါတီ ဒုတိယဥက္ကဋ္ဌ ဦးတင်ဆွေက ပြောပါတယ်။
“ဟုတ်တယ်၊ အတိအကျ မပြောဘူး။ သူ (ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်) ကတော့ အခု ၂၀၂၄ ရောက်ပြီပေါ့နော်။ အောက်တိုဘာလမှာ စပြီးတော့ သူက သန်းခေါင်စာရင်း ကောက်မယ်လို့ ပြောသွားတယ်။ သန်းခေါင်စာရင်း ကောက်လို့ရှိရင် မဲစာရင်း အမှန်တွေ၊ မဲထည့်မယ့် လူဦးရေ အမှန်တွေ ရမယ်လို့ သူက ပြောသွားတော့ ကျွန်တော် ခန့်မှန်းကြည့်တာတော့ သူကတော့ မပြောသွားဘူး။ ၂၀၂၅ လောက်တော့ ရွေးကောက်ပွဲ ဖြစ်မယ်လို့ ကျွန်တော် ထင်တယ်ပေါ့နော်”
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့တွေ့ဆုံချိန် ပါတီအများစုက စစ်ကောင်စီက ပြဋ္ဌာန်းထားတဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေမှာပါတဲ့ ကန့်သတ်ချက်တချို့ကို ဖြေလျှော့ပေးဖို့ တောင်းဆိုတာနဲ့ တိုင်းပြည် လုံခြုံရေးကိစ္စတွေနဲ့ ပတ်သက်လို့ ဆွေးနွေးခဲ့တယ်လို့ သူက ဆိုပါတယ်။
“လက်ရှိ မြန်မာနိုင်ငံရဲ့ အခြေအနေဟာ ရွေးကောက်ပွဲတွေ ဖြစ်လာနိုင်စရာ မရှိဘူး”
စစ်ကောင်စီက ၂၀၂၃ ခုနှစ်ထဲမှာ စမ်းသပ် သန်းခေါင်စာရင်း ကောက်ယူခဲ့ပြီး ၂၀၂၄ ခုနှစ် နှစ်ကုန်ခါနီး အောက်တိုဘာလ ၁ ရက်ကနေ ၁၅ ရက်နေ့အထိ နိုင်ငံတစ်ဝန်း ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူမယ့်ကြောင်း ထုတ်ပြောထားတာပါ။
သန်းခေါင်စာရင်း ကောက်ယူပြီးရင်လည်း ရလဒ် ထုတ်ပြန်ချိန်ဟာ နောက်ထပ် ခြောက်လကနေ တစ်နှစ်လောက်ထိ အချိန်ယူရတာ ဖြစ်တာကြောင့် စစ်ကောင်စီ လုပ်မယ့် ရွေးကောက်ပွဲဟာ ၂၀၂၅ အထိ မသေချာသေးဘူးလို့ ရွေးကောက်ပွဲ လေ့လာစောင့်ကြည်သူတွေက ပြောပါတယ်။
လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရွေးကောက်ပွဲ လေ့လာစောင့်ကြည်သူ တစ်ဦးကတော့ စစ်ကောင်စီဟာ ရွေးကောက်ပွဲကျင်းပဖို့ အကျပ်အတည်း ကြုံနေရတာကြောင့် သန်းခေါင်စာရင်းကို အကြောင်းပြပြီး ရွေးကောက်ပွဲကို နောက်ဆုတ်နေတာလို့ RFA ကို ပြောပါတယ်။
“သန်းခေါင်စာရင်းဆိုတာ အကြောင်းပြချက် တစ်ခုအနေနဲ့ပဲ သုံးတဲ့ကိစ္စတစ်ခုလို့ ကျွန်တော် မြင်တယ်။ အခု နောက်ဆုံးတစ်ကြိမ် သက်တမ်း တိုးထားတဲ့အချိန်မှာလည်း သူက ဒီသန်းခေါင်စာရင်း ကောက်ဖို့လိုတာကို ဖော်ပြတယ်။ ပြီးတော့ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ရွေးကောက်ပွဲ ကျင်းပဖို့လိုတယ် ဆိုတဲ့အချက်ကိုလည်း ဖော်ပြတာ ရှိတယ်ပေါ့နော်။ ဆိုတော့ သန်းခေါင်စာရင်း ကောက်တာ ပြီးခြင်း၊ မပြီးခြင်းကြောင့် ရွေးကောက်ပွဲကို နောက်ဆုတ်၊ ဆုတ်သွားတာ မဟုတ်ဘဲနဲ့ တကယ်တမ်း ရွေးကောက်ပွဲကို နောက်ဆုတ်၊ ဆုတ်သွားတဲ့ အကြောင်းအရင်းသည် အဲဒီရွေးကောက်ပွဲကို လုပ်နိုင်လောက်တဲ့ အခင်းအကျင်းမျိုး သူတို့မှာ မဖန်တီးနိုင်သေးဘူး။ အကြောင်းပြပြီး နောက်ဆုတ်တယ်လို့ ကျွန်တော်တော့ မြင်တယ်”
သန်းခေါင်စာရင်းကရတဲ့ လူဦးရေ အချက်အလက်ဟာ ယေဘုယျသာဖြစ်ပြီး ရွေးကောက်ပွဲအတွက် အသက် ၁၈ နှစ်အထက် လူဦးရေ မဲစာရင်း အချက်အလက်တွေ ထပ်ပြီး ပြုစုရဦးမှာဖြစ်လို့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲဟာ အလှမ်းဝေးနေဆဲလို့ သူက ပြောပါတယ်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ ရွေးကောက်ပွဲ ဖြစ်မြောက်ရေး ကြိုတင်ပြင်ဆင်မှုတွေ လုပ်နေချိန် လက်နက်ကိုင် အကြမ်းဖက်မှုတွေကြောင့် အဟန့်အတား ဖြစ်နေပြီး တည်ငြိမ်အေးချမ်းမှု မြန်မြန်ရအောင် ကြိုးစားနေကြောင်း ဇန်နဝါရီလ ၆ ရက်နေ့က နိုင်ငံရေး ပါတီတွေနဲ့ တွေ့ဆုံချိန်မှာ ပြောပါတယ်။
ရွေးကောက်ပွဲကို မဖြစ်၊ ဖြစ်အောင် လုပ်လို့ရပေမယ့် နိုင်ငံရေးအရ သိက္ခာရှိတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ လိုအပ်တယ် ဆိုတဲ့အကြောင်းလည်း သူက ထည့်သွင်း ပြောဆိုပါတယ်။
ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ် တစ်ဦးလည်းဖြစ်၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) ရဲ့ အတွင်းရေးမှူး အဖွဲ့ဝင်လည်းဖြစ်တဲ့ ဦးထွန်းမြင့်ကတော့ စစ်ကောင်စီဟာ ရွေးကောက်ပွဲကို လုပ်နိုင်တဲ့ အခြေအနေ မရှိသေးဘူးလို့ ပြောပါတယ်။
“ရှင်းရှင်းပြောရရင် ရွေးကောက်ပွဲဆိုတာ သူ့အနေနဲ့ လုပ်နိုင်တဲ့ အခြေအနေ မရှိဘူးလို့ပဲ ကျွန်တော်မြင်တယ်။ ဒါကြောင့်မို့လို့ ရွေးကောက်ပွဲကို လုပ်နိုင်တဲ့ အခြေအနေ မရှိသေးဘဲနဲ့ သန်းခေါင်စာရင်း ကောက်တယ်ဆိုတာက ဒါကတော့ ဟန်ပြပေါ့နော်။ လုပ်ငန်းစဉ် လုပ်တယ်လို့ပဲ ကျွန်တော် မြင်ပါတယ်။ မြို့ပေါ်မှာ တော်လှန်ရေး ရဲဘော်တွေ ဘယ်နေရာမှာ ရှိတယ်ဆိုတာကို သိချင်တဲ့ အနေအထားမျိုး တစ်ချက်ခုတ် နှစ်ချက်ပြတ် ပုံစံမျိုး လုပ်ချင်တဲ့ပုံစံ ဖြစ်တယ်လို့ ကျွန်တော် သုံးသပ်မိတယ်”
လက်နက်ကိုင် ခုခံတော်လှန်မှုတွေ ပြင်းပြင်းထန်ထန် ရင်ဆိုင်နေရတဲ့ စစ်ကောင်စီဟာ ပြည်လုံးကျွတ် သန်းခေါင် စာရင်းကောက်ဖို့ ဆိုတာလည်း မဖြစ်နိုင်ဘူးလို့ သူက ပြောပါတယ်။
စစ်တပ်အရာရှိဟောင်း နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာအောင်မျိုးကတော့ ရွေးကောက်ပွဲ ဖြစ်၊ မဖြစ်ဟာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ဆန္ဒအပေါ်မှာပဲ မူတည်တယ်လို့ ပြောပါတယ်။
“သူ လုပ်ပေးချင်တယ် ဆိုရင်လည်း လုပ်ပေးနိုင်တယ်။ လုပ်မပေးချင်ဘူး ဆိုရင်လည်း အကြောင်းပြချက် တစ်ခုအနေနဲ့ ပြောကောင်း ပြောမယ်။ ပေးလို့ရတဲ့ အကြောင်းပြချက်တွေ အားလုံးကလည်း ဥပဒေအရ သူ့မှာက ပေးပိုင်ခွင့်ရှိတယ်။ လုပ်ပိုင်ခွင့် ရှိနေတယ်။ ကျွန်တော်တို့ ဘာမှ စောဒက တက်လို့မရဘူး။ အဲဒါ (ရွေးကောက်ပွဲ) က မြန်မာနိုင်ငံရဲ့ ဒုက္ခဆင်းရဲ အကျပ်အတည်း အားလုံးရဲ့ ထွက်ပေါက်ပဲ ဖြစ်ပါတယ်။ ဒါကြောင့်မိုလို့ ကျွန်တော်တို့ကတော့ ရွေးကောက်ပွဲကို ဖြစ်စေချင်တဲ့ဘက်ကပဲ အပြည့်ရှိတယ်လို့ ပြောချင်ပါတယ်”
စစ်တပ် အာဏာစသိမ်းစဉ်တော့ ရွေးကောက်ပွဲကို ၂၀၂၃ ခုနှစ် ဩဂုတ်လထဲမှာ ကျင်းပဖို့ ကြိုးစားမယ်လို့ ပြောဆိုခဲ့တာ ရှိပေမယ့် အာဏာသိမ်းကာလ သုံးနှစ်နီးပါး ရှိလာတဲ့အထိ လက်တွေ့ဖြစ်မလာဘဲ တိုင်းပြည်လုံခြုံရေး အကြောင်းပြချက်နဲ့ အရေးပေါ် ကာလကို စစ်ကောင်စီက အကြိမ်ကြိမ် သက်တမ်း တိုးခဲ့ပါတယ်။
လက်ရှိမှာတော့ စစ်ကောင်စီဟာ မြောက်ပိုင်းညီနောင် သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေး အပါအဝင် နိုင်ငံအနှံ့မှာရှိနေတဲ့ တန်ပြန်ထိုးစစ်တွေအကြား စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ နယ်မြေတချို့နဲ့ မြို့တချို့ကို လက်လွှတ်လိုက်ရတာ၊ တပ်စခန်း ကြီး၊ ငယ် ရာနဲ့ချီ တိုက်ခိုက် သိမ်းပိုက်ခံရတာ စတဲ့အခြေအနေတွေနဲ့ ရင်ဆိုင်နေရတာပါ။
ဒါကြောင့် လက်ရှိ မြန်မာနိုင်ငံရဲ့ အခြေအနေဟာ ရွေးကောက်ပွဲတွေ ဖြစ်လာနိုင်စရာ မရှိဘူးလို့ နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာ စိုင်းကြည်ဇင်စိုးက ပြောပါတယ်။
“ဒီတိုက်ပွဲတွေကြားထဲမှာ ရွေးကောက်ပွဲဖြစ်ဖို့ ဆိုတဲ့ဟာက ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ရွေးကောက်ပွဲ သဘောအရကိုက ပြည်သူလူထုက ရွေးကောက်ပွဲ စနစ်ရော၊ စီစဉ်တဲ့သူရော နောက်ပြီး ရွေးချယ်ရမယ့်လူတွေအပေါ်မှာ ယုံယုံကြည်ကြည်နဲ့ ချိတ်ဆက်ပြီးတော့ နားလည်မှု ယုံကြည်မှုတွေနဲ့ လုပ်ရတဲ့ပွဲတစ်ခု ဖြစ်တာကိုး။ အခုအခင်းအကျင်းက အဲဒါတွေ ရှိမနေသေးဘူး။ အဲဒီတော့ အဲဒါက လက်ရှိ အခြေအနေမှာ မဖြစ်နိုင်ဘူး”
စစ်ကောင်စီရဲ့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကတော့ မြန်မာ အီလက်ထရွန်နစ် မဲပေးစက် (MEVM) အသုံးပြုမှု အသိပညာပေးတဲ့ ရွေးကောက်ပွဲအကြို လှုပ်ရှားမှုတွေကို ၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းမှာပဲ နေပြည်တော်နဲ့ ရန်ကုန်မြို့ကြီးတွေမှာ ပြုလုပ်လာပါတယ်။
မြန်မာနိုင်ငံမှာ ၂၀၁၄ ခုနှစ် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူချိန်က ကုလသမဂ္ဂ လူဦးရေ ရန်ပုံငွေအဖွဲ့ (UNFPA) နဲ့ တခြား အလှူရှင်နိုင်ငံတွေက ငွေကြေးနဲ့ နည်းပညာ ပံ့ပိုးကူညီပေးခဲ့ပါတယ်။
စစ်ကောင်စီရဲ့ ၂၀၂၄ ခုနှစ် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူရေး လုပ်ငန်းစဉ်ကိုတော့ လက်ရှိ နိုင်ငံရေးနဲ့ ပဋိပက္ခတွေကြောင့် ပံ့ပိုးနိုင်မှာ မဟုတ်ဘူးလို့ UNFPA ရဲ့ အာရှ-ပစိဖိတ် ဒေသဆိုင်ရာရုံး ညွှန်ကြားရေးမှူး Pio Smith က စစ်ကောင်စီဘက်ကို အတည်ပြု ပြောကြားထားကြောင်း UNFPA က ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၂၀ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။