မြန်မာ့နိုင်ငံရေးမှာ အဓိကပါဝင်သင့်သူတွေကင်းမဲ့နေကြောင်း နိုင်ငံတကာသုံးသပ်
2023.04.09

မြန်မာနိုင်ငံမှာ အာဏာသိမ်းစစ်ကောင်စီက ရွေးကောက်ပွဲတစ်ရပ် ကျင်းပဖို့ စီစဉ်နေပါတယ်။ စစ်အာဏာသိမ်းမှုကြောင့် နိုင်ငံတစ်ဝန်း ပဋိပက္ခတွေ ပေါ်ပေါက်နေချိန်မှာ စစ်ကောင်စီက ဘာကြောင့် ရွေးကောက်ပွဲ ကျင်းပရတာလဲ ဆိုတဲ့ မေးခွန်းလည်း ပေါ်ပေါက်လာပါတယ်။ အဓိကနိုင်ငံရေးပါတီတွေအနေနဲ့လည်း ရွေးကောက်ပွဲဝင်နိုင်တဲ့ အခြေအနေ မရှိသလို၊ ဝင်လိုတဲ့ဆန္ဒလည်း မရှိဘဲ ဖြစ်နေကြကြောင်း ရိုက်တာသတင်းက ဖော်ပြပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်ဟာ ပြီးခဲ့တဲ့ နှစ်ပေါင်း ၆ဝ အတွင်း နှစ် ၅ဝ အုပ်ချုပ်ခဲ့တာပါ။ ကျန်တဲ့ ၁ဝ နှစ်ကလည်း အာဏာမသိမ်းခင် ရွေးကောက်ခံ အရပ်ဘက်တစ်ပိုင်း၊ စစ်တပ် တစ်ပိုင်းပါဝင်တဲ့ အစိုးရအဖြစ် အသွင်ပြောင်းခဲ့ရတာပါ။ အဲဒီစနစ်ကို စစ်တပ်က ဖန်တီးခဲ့တာဖြစ်ပြီး သူ့ကိုယ်ပိုင်အကျိုးအတွက် အရေးကြီးတဲ့နိုင်ငံရေးကဏ္ဍကို ထိန်းထားခဲ့တာပါ။ ဒါပေမဲ့ ရွေးကောက်ခံနိုင်ငံရေးသမားတွေကတော့ အဖိနှိပ်ခံခဲ့ရပါတယ်။
အာဏာသုံး အုပ်ချုပ်ရေး၊ ပိတ်ဆို့အရေးယူမှု၊ စီးပွားရေး ချို့တဲ့ပျက်ပြားမှုတွေနဲ့ ဆယ်စုနှစ်တွေ အတော်ကြာ ရင်ဆိုင်ခဲ့ရ တာတွေနဲ့ အနည်းဆုံးနှိုင်းယှဉ်မယ်ဆိုရင် ဒါဟာ အောင်မြင်မှုဖြစ်ပါတယ်။ မြန်မာနိုင်ငံအတွက် ဒီမိုကရေစီ၊ အရပ်ဘက် အုပ်ချုပ်ရေး၊ ပြုပြင်ပြောင်းလဲမှု၊ အနောက်နိုင်ငံတွေရဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ စီးပွားရေးလွတ်လပ်မှု စတာတွေနဲ့ ခဏတဖြုတ် တွေ့ခဲ့ရတာကလည်း မကြုံစဖူးအပြောင်းအလဲ ဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒါတွေအတော်များများဟာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ စစ်တပ်အာဏာသိမ်းမှုနဲ့အတူ ပျက်ပြားသွားခဲ့ရပါတယ်။
ဒါဆိုရင် စစ်တပ်ဟာ ဘာကြောင့် အာဏာသိမ်းတာပါလဲ။
မြန်မာနိုင်ငံမှာ လွှတ်တော်အသစ် စတင်ဖို့ နာရီပိုင်းအလိုမှာ စစ်ဗိုလ်ချုပ်တွေက ကြားဖြတ်ဝင်ရောက်ခဲ့ကြပြီး ရွေးကောက်ပွဲမှာ မဲမသမာမှုတွေ ရှိခဲ့ကြောင်း စွပ်စွဲပြောဆိုခဲ့ကြပါတယ်။ ရွေးကောက်ပွဲ စောင့်ကြည်သူတွေကတော့ တစုံတရာ ပြသ၁နာ မတွေ့ရှိခဲ့ကြောင်း တုံ့ပြန်ခဲ့ကြပါတယ်။ ကျွမ်းကျင်သူတွေကတော့ အာဏာသိမ်းတာဟာ စစ်တပ်ထိပ်ပိုင်း ဗိုလ်ချုပ်ကြီးတွေရဲ့အာဏာနေရာမှာ ဆက်လက်နေချင်တဲ့အတွက်ဖြစ်ကြောင်း ယုံကြည်ကြပါတယ်။
နောက်ဆုံးရွေးကောက်ပွဲမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD က လွှတ်တော်နေရာ ၈ဝ ရာခိုင်နှုန်းနီးပါး ရရှိခဲ့ပြီး၊ စစ်တပ်ရဲ့လက်ဝေခံပါတီက ၇ ရာခိုင်နှုန်းနီးပါးသာ ရရှိခဲ့တာပါ။ ဒါကြောင့် စစ်တပ်က သူ့ရဲ့နိုင်ငံရေးအာဏာကို အားနည်းသွားစေမယ့် အခြေခံဥပဒေပြင်ဆင်ရေး အောင်မြင်သွားမှာ မလိုလားတဲ့အတွက် အာဏာသိမ်းလိုက်တာ ဖြစ်ပါတယ်။
အခုလို အနေအထားအရ ဒီမိုကရေစီအင်အားစုဘက်မှာ ဘာတွေဖြစ်လာနိုင်ပါမလဲ။
အခုဆိုရင် အသက် ၇၇ နှစ်ရှိပြီဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ စွဲချက်ပေါင်းများစွာနဲ့ ထိန်းသိမ်းခံရတဲ့ နှစ် စုစုပေါင်း၊ အခုအချိန်အထိ ၃၃ နှစ် ရှိပါပြီ။ ဒါဇင်နဲ့ချီတဲ့ NLD အကြီးတန်း ခေါင်းဆောင်တွေ၊ အရာရှိတွေလည်း အကျဉ်းကျသူကျ၊ ထွက်ပြေးတိမ်းရှောင်ရသူရှောင် ဖြစ်နေရပါတယ်။
မတ်လ ၂၈ ရက် အင်္ဂါနေ့ကတော့ စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ရဲ့ NLD အပါအဝင် နိုင်ငံရေးပါတီ ၃၉ ပါတီကို ရွေးကောက်ပွဲမှတ်ပုံတင်ဖို့ ပျက်ကွက်မှုနဲ့ဖျက်သိမ်းကြောင်း၊ ရွေးကောက်ပွဲဝင်ဖို့ မှတ်ပုံတင်ထားတဲ့ ပါတီ ၆၃ ခု ရှိကြောင်း ကြေညာခဲ့ပါတယ်။
အခုထိတော့ ရွေးကောက်ပွဲ ကျင်းပမယ့်ရက်ကို မသိရသေးပါဘူး။ ဒါပေမဲ့ NLD ပါတီ မရှိတဲ့ ရွေးကောက်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်ကြမယ့် နိုင်ငံရေးပါတီတွေအနေနဲ့အများစုက ဒေသဆိုင်ရာတွေမှာ ဝင်ရောက်ယှဉ်ပြိုင်ကြမှာဖြစ်ပြီး စစ်တပ် ကိုယ်စားပြု ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ USDP က အမျိုးသားအဆင့် မဲအနိုင်ရဖွယ်ရှိကြောင်း ရိုက်တာ သတင်းက ဖော်ပြပါတယ်။
အနောက်နိုင်ငံအများစုနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေကလည်း စစ်ကောင်စီရဲ့မြန်မာ့ရွေးကောက်ပွဲကို တရားမဝင်ကြောင်း လက်မခံပယ်ချခဲ့ကြပြီး မြန်မာ့နိုင်ငံရေးဖြစ်စဉ်မှာ အဓိကပါဝင်သင့်သူတွေ ကင်းမဲ့နေကြောင်း၊ မြန်မာ့ပဋိပက္ခဟာ ပြင်းထန်နက်ရှိုင်းလာမှာ စိုးရိမ်ကြောင်း ပြောဆိုဖော်ပြကြပါတယ်။
မြန်မာအာဏာသိမ်းစစ်ကောင်စီနဲ့ထိတွေ့ဆက်ဆံလိုကြတဲ့ မြန်မာ့အိမ်နီးချင်းနိုင်ငံတွေကတော့ ရင်းနှီးမြှုပ်နှံမှုတွေ အပါအဝင် အခြေအနေတွေကို စောင့်ကြည့်ဆက်ဆံတဲ့ချဉ်းကပ်မှုကို ကျင့်သုံးနေကြကြောင်းလည်း ရိုက်တာသတင်းက ဖော်ပြပါတယ်။