ပဋိပက္ခမျိုးစုံကနေ မြန်မာနိုင်ငံ ရုန်းမထွက်နိုင်ဘဲ ပိတ်မိနေ

ဦးသစ်ဆင်း (ဝါရှင်တန်ဒီစီ)
2023.03.08
ပဋိပက္ခမျိုးစုံကနေ မြန်မာနိုင်ငံ ရုန်းမထွက်နိုင်ဘဲ ပိတ်မိနေ ၂ဝ၂၂ ခုနှစ် ဇွန်လ ၁၄ ရက်နေ့က စစ်ကောင်စီတပ်နှင့် ချင်းကာကွယ်ရေးတပ် (CDF) ကန်ပက်လက်တို့ကြား ဖြစ်ပွားသည့် တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေကြသော ချင်းပြည်နယ်၊ ကန်ပက်လက်ဒေသခံများ။
ကန်ပက်လက်မြို့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့

မြန်မာနိုင်ငံဟာ နိုင်ငံရေးမတည်ငြိမ်မှု၊ ပြည်တွင်းပဋိပက္ခနဲ့ လူသားချင်းစာနာမှုတွေလိုအပ်နေတဲ့ အခြေအနေ သံသရာထဲကနေ ရုန်းမထွက်နိုင်အောင် ပိတ်မိနေဆဲ ဖြစ်နေတယ်လို့ အရှေ့အလယ်ပိုင်းဒေသ၊ ယူအေအီးနိုင်ငံ၊ ဒူဘိုင်းအခြေစိုက် Gulf News သတင်းက ဖော်ပြပါတယ်။

စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်အာဏာပိုင်တွေဟာ ပြည်သူတွေရဲ့ခုခံငြင်းဆန်မှုနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ပြည်သူ့ခုခံရေးကာလအတွင်း စစ်တပ်ကလည်း ဆန္ဒပြသူတွေကို ပြင်းပြင်းထန်ထန် ဖိနှိပ်ချေမှုန်းခဲ့တာပါ။

ဒါပေမဲ့ အသေးစား ဆန္ဒပြမှုတွေကတော့ နိုင်ငံတစ်ဝန်း ဒေသတချို့မှာ ဆက်လက်ပေါ်ပေါက်နေဆဲဖြစ်ပါတယ်။ ဒါ့ပြင် စစ်တပ်ပိုင်စီးပွားရေးလုပ်ငန်းတွေအပေါ် သပိတ်မှောက်ဆန့်ကျင်တာတွေကလည်း မရပ်နားသေးပါဘူး။

မြန်မာ့ ပြည်တွင်းပဋိပက္ခအတွင်း ပြည်သူ့ကျန်းမာရေးနဲ့ပညာရေးစနစ် ပြိုလဲလုမတတ် ဖြစ်သွားခဲ့ပြီး ကလေးငယ် ၇.၈ သန်း ကျောင်းမတက်နိုင် ဖြစ်ခဲ့ရပါတယ်။ ကလေးငါးသန်းကျော်လည်း လူသားချင်းစာနာကူညီရေးတွေ လိုအပ်လာခဲ့ပါတယ်။ နိုင်ငံတွင်းမှာလည်း မညီမျှမှုတွေ ပိုမို ဆိုးရွားလာပြီး၊ အခုအခါ လူဦးရေရဲ့ ၄၀ ရာခိုင်နှုန်းဟာ သတ်မှတ်ထားတဲ့ ဆင်းရဲမွဲတွေမှု အခြေအနေအောက်မှာ ရောက်ရှိသွားခဲ့ပါတယ်။

ကိုဗစ်-၁၉ ကူးစက်မှုနဲ့ စီးပွားရေး ပိတ်ဆို့အရေးယူခံခဲ့ရတာတွေကြောင့် မြန်မာ့စီးပွားရေး အခြေအနေဟာ FATF ခေါ် ဘဏ္ဍာရေး ဆောင်ရွက်မှု အလုပ်အဖွဲ့ရဲ့အမည်ပျက်စာရင်းထဲ ပါဝင်သွားခဲ့ပါတယ်။ အဲဒီလိုအခြေအနေတွေနဲ့ရင်ဆိုင်ခဲ့ရတာကြောင့် နိုင်ငံတစ်ဝန်းက ပြည်သူတွေ၊ ပုံမှန်မဟုတ်တဲ့ စီးပွားရေး (သို့မဟုတ်) မိသားစုအားလုံး ဝင်ငွေရှာကြရတဲ့ အခြေအနေအောက်ကို ရောက်ရှိသွားခဲ့ရပါတယ်။

နိုင်ငံအတွင်း ထောင်နဲ့ချီတဲ့ လူငယ်တွေ အိမ်နီးချင်းနိုင်ငံတွေနဲ့ တခြားဒေသတွေဆီ သွားရောက်ခိုလှုံ ဝင်ငွေရှာနေခဲ့ကြရပြီး ခက်ခဲကြမ်းတမ်းတဲ့ အခြေအနေအောက်မှာ မိသားစုတွေဆီ ငွေကြေးထောက်ပံ့နေကြရတာပါ။

ဒါကြောင့် မြန်မာနိုင်ငံဟာ ပဋိပက္ခထောင်ချောက်ထဲမှာပဲ ဆက်လက်ပိတ်မိနေနေပြီး နိုင်ငံရေးမတည်ငြိမ်မှုတွေ လူသားချင်း စာနာရေးဆိုင်ရာ အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရတာဖြစ်ပါတယ်။ စီးပွားရေးလုပ်ငန်းတွေနဲ့အလုပ်သမားဈေးကွက် အခြေအနေတွေကလည်း စစ်တပ်အာဏာသိမ်းမှုနဲ့အတူ ကိုဗစ်ကပ်ရောဂါ ကူးစက်မှုကြောင့် အခြေအနေတွေ ပိုမိုဆိုးရွားသွားခဲ့ရပါတယ်။

image (9).jpg
ကရင်နီစစ်ဘေးဒုက္ခသည်စခန်းမှ ကလေးငယ်တစ်ဦးအား ၂၀၂၁ ခုနှစ် ဒီဇင်ဘာလက တွေ့ရစဉ်။ (Photo: MPA)

ပြည်တွင်းကျပ်ငွေ ကျဆင်းမှုနဲ့အတူ လောင်စာဆီ၊ စားသောက်ကုန်နဲ့ ကုန်ကြမ်းတင်ပို့မှုတွေလည်း ထိခိုက်ကျဆင်းသွားခဲ့ရပါတယ်။ ဒါ့ပြင် နိုင်ငံမှာ လျှပ်စစ်ဓာတ်အား မကြာခဏပြတ်တောက်မှုကလည်း ပိုမိုဆိုးရွားလာနေတာပါ။ ဒါ့ပြင် ပြည်ပသွားရောက် လုပ်ကိုင်နေသူတွေမှာလည်း မရေရာတဲ့ အခြေအနေမှာ ရှိနေသလို ပြည်တွင်းမှာလည်း မိသားစုဝင်ငွေ ကျဆင်းနေတဲ့ မရေရာတဲ့ ကူကယ်ရာမဲ့အခြေအနေနဲ့ ရင်ဆိုင်နေကြရတာဖြစ်ပါတယ်။

ဒီလိုအခြေအနေမှာ အာဏာသိမ်းစစ်ကောင်စီက ၂၀၂၃ ခုနှစ်၊ သြဂုတ်လမှာ ရွေးကောက်ပွဲကျင်းပဖို့ စီစဉ်နေတာပါ။ ဒါပေမဲ့ ကုလသမဂ္ဂကတော့ စစ်ကောင်စီတင်သွင်းတဲ့ မြန်မာဆိုင်ရာကုလသမဂ္ဂကိုယ်စားလှယ်ကို ငြင်းဆိုပြီး ဒေါ်အောင်ဆန်းစုကြည်အစိုးရက ခန့်အပ်ခဲ့တဲ့ ကိုယ်စားလှယ် ဦးကျော်မိုးထွန်း ကိုပဲ ဆက်လက်ခန့်အပ်ခဲ့ပါတယ်။

image (11).jpg
ထိုင်း-မြန်မာနယ်စပ်ရှိ စစ်ဘေးဒုက္ခသည်များအား ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၁ ရက်နေ့က တွေ့ရစဉ်။ (Photo: Friends Without Borders Foundation)

ဒီအတွင်း ကုလသမဂ္ဂလုံခြုံရေးကောင်စီက မြန်မာနိုင်ငံတွင်း အခြေအနေတွေပေါ် အထူးတလည်စိုးရိမ်ပြီး နိုင်ငံရေးအကျဉ်းသား အားလုံး အမြန်ပြန်လွှတ်ဖို့ စစ်ကောင်စီကို တောင်းဆိုခဲ့ပါတယ်။

အာဆီယံအဖွဲ့အနေနဲ့ကတော့ မြန်မာနဲ့များများစားစား ဆောင်ရွက်စရာ သိပ်မရှိလှပါဘူး။ သူတစ်ပါး ပြည်တွင်းရေးဝင်မစွက်ရေးမူကို ကိုင်စွဲထားသလို အာဏာသိမ်းစစ်ကောင်စီကလည်း အရှေ့တောင်အာရှအိမ်နီးချင်းနိုင်ငံတွေရဲ့စွက်ဖက်မှုကို လက်မခံ စစ်ကောင်စီ အုပ်ချုပ်မှုကို ဆန့်ကျင်တဲ့ နိုင်ငံသားပြည်သူတွေကိုလည်း သတ်ဖြတ်နေဆဲဖြစ်ကြောင်း Gulf News သတင်းက ဖော်ပြပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
ငလျင်ဒဏ်သင့် ပြည်သူအချို့ နိုင်ငံတကာအထောက်အပံ့နဲ့ အလှမ်းဝေးနေ
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။