အာဏာသိမ်းရက်တစ်ထောင်အတွင်း သေဆုံးခဲ့သူတွေအတွက် တရားမျှတမှုရဖို့ မိသားစုတွေ မျှော်လင့်

စန်းမော်အောင် (ဝါရှင်တန်ဒီစီ)
2023.10.27
အာဏာသိမ်းရက်တစ်ထောင်အတွင်း သေဆုံးခဲ့သူတွေအတွက် တရားမျှတမှုရဖို့ မိသားစုတွေ မျှော်လင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၂၁ ရက်နေ့တွင် ရန်ကုန်မြို့ တရုတ်သံရုံးရှေ့၌ စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြနေစဉ်။
AFP

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ စစ်တပ်က အရေးပေါ်အခြေအနေ ကြေညာပြီး စစ်အာဏာသိမ်းခဲ့တာ အခု ၂ဝ၂၃ ခုနှစ် အောက်တိုဘာလ ၂၉ ရက်နေ့ဆိုရင် ရက်တစ်ထောင်ပြည့်ပြီ ဖြစ်ပါတယ်။

စစ်တပ်အာဏာစသိမ်းစဉ်က စစ်အာဏာရှင်စနစ်ကို ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်ခဲ့သူတွေကို စစ်ကောင်စီရဲ့ လုံခြုံရေးတပ်တွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေက အကြမ်းဖက်နှိမ်နှင်းဖြိုခွင်းခဲ့သလို အာဏာဖီဆန်ရေးလှုပ်ရှားသူတွေကို ဖမ်းဆီးထောင်ချခဲ့ပါတယ်။

နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP) က ပြုစုထားတဲ့စာရင်းတွေအရ စစ်အာဏာသိမ်းပြီး နှစ်နှစ်ကျော်အကြာ ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၇ ရက်နေ့အထိ သေဆုံးခဲ့ရသူ ၄,၁၆၀ ဦးရှိပြီး နောက်ထပ်အတည်ပြုဖို့ လိုအပ်နေတဲ့ စုံစမ်းနေဆဲ သတ်ဖြတ်ခံရသူ ငါးရာဝန်းကျင် ရှိပါတယ်။

အဲဒီထဲမှာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုတွေကြောင့် ဆန္ဒပြစဉ် အကြမ်းဖက်ဖြိုခွဲခံရလို့ သေဆုံးခဲ့သူတွေ၊ စစ်ကြောရေးစခန်းတွေနဲ့ အကျဉ်းထောင်တွေထဲ သေဆုံးခဲ့ရသူတွေ ပါဝင်ပါတယ်။

ဒါ့အပြင် ဖမ်းဆီးခံရသူ ၂၅,၃၅၃ ဦးရှိခဲ့ပြီး အခုချိန်ထိ ဖမ်းဆီးထိန်းသိမ်းခံထားရသူက ၁၉,၆၃၂ ဦးရှိပါတယ်။

စစ်အာဏာသိမ်းမှု နောက်ဆက်တွဲအနေနဲ့ အသိုက်အမြုံပြိုပျက်ခဲ့ရတဲ့ မိသားစုဘဝပေါင်းများစွာထဲမှာ ငြိမ်းချမ်းစွာဆန္ဒပြရင်း အသက်ပေးလိုက်ရသူတစ်ဦးကတော့ ညီညီအောင်ထက်နိုင်ပါ။ ၂၀၂၁ ခုနှစ် ဧပြီလ ၂၈ ရက်နေ့မှာ ကမာရွတ်မြို့နယ် လှည်းတန်းမှာ ဆန္ဒပြနေစဉ် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရပါတယ်။

သေနတ်ထိမှန်ထားစဉ် သူ့ရဲ့နောက်ဆုံးအချိန်မှာ မိခင်ဖြစ်သူဆီ ဖုန်းဆက်ပြီး "မေမေ သားထိသွားပြီ.. သားမရတော့ဘူး” လို့ ပြောခဲ့တဲ့ စကားလေးဟာ မြန်မာပြည်သူတွေရဲ့ ရင်ကို ထိခိုက်စေခဲ့ပါတယ်။ သူ့ရဲ့ အမွှာအစ်ကို ကိုကိုအောင်ထက်နိုင်လည်း ညီဖြစ်သူနဲ့အတူ ဆန္ဒပြတဲ့နေရာမှာ အတူရှိနေခဲ့ပါတယ်။

ညီဖြစ်သူသေဆုံးခဲ့ပြီးနောက် သူ့ကိုလည်း စစ်ကောင်စီက ဖမ်းဆီးဖို့ပြင်ဆင်တဲ့အတွက် လွတ်မြောက်နယ်မြေ တစ်နေရာကို ထွက်ခွာခဲ့ရပါတယ်။

“ညီလေးအတွက်ပဲ ကျွန်တော် ဒီ တော်လှန်ရေးမှာ ဆက်ပါဝင်နေတယ်။ ညီလေးဖြစ်စေချင်တဲ့လမ်းကို အကိုတစ်ယောက်အနေနဲ့ဆက်ပြီး လျှောက်လှမ်းရမယ်ဆိုပြီး ရိုးရိုးလေးတွေးထားတယ်။ ညီလေးဆုံးရှုံးလိုက်ရတာလည်း အလကားမဖြစ်ရသလို ဒါညီလေးသွားချင်တဲ့လမ်းလည်း ဖြစ်တယ်။ အားလုံးသွားနေတဲ့လမ်းလည်း ဖြစ်တယ်ပေါ့နော်။ အကိုတစ်ယောက်အနေနဲ့ ညီလေးအစားကျွန်တော်ဆက်ပြီး သွားပေးနေတယ်။ ကျွန်တော့်မိသားစုအတွက်လည်း ညီညီမပြီးဆုံးတဲ့လမ်းကို ကျွန်တော် ဆက်သွားပေးနေပါတယ်။ ကျွန်တော်သူ့ကိုအရင်ဆုံး ပြောချင်တာက ကျွန်တော်တို့ ဖေဖေနဲ့မေမေပေါ့နော် စိတ်ချဖို့ မှာစေချင်တယ်။ အဖေနဲ့အမေရဲ့ တာဝန်တွေကို ညီလေးကိုယ်စား ကျွန်တော်ကပဲ အကောင်းဆုံး အမေနဲ့အဖေကို စောင့်ရှောက်ပါမယ်။ တာဝန်ယူပါမယ်လို့ သူ့ကို ကတိပေးချင်တယ်။ အကိုတစ်ယောက်အနေနဲ့လည်း ညီလေးကို ဘယ်လိုအခြေအနေမျိုး ဘယ်လိုအချိန်အခါမျိုး ဘယ်လိုပုံစံမျိုးနဲ့ တွေ့ရ တွေ့ရ ညီလေးရဲ့ မျက်လုံးကို ကျွန်တော့်အနေနဲ့ ရဲရဲဝင့်ဝင့် ကြည့်ချင်တယ်။ အဲ့အတွက်လည်း ကျွန်တော်ကြိုးစားနေပါတယ်လို့ သူ့ကို သိစေချင်တယ်။ ညီလေးမပြီးတဲ့လမ်းကို အကိုတစ်ယောက်အနေနဲ့ ငါမင်းအတွက် ဆက်လျှောက်ပေးနေတယ်ဆိုတဲ့ဟာကိုလည်း သူ့ကို သိစေချင်ပါတယ်။”

ကိုကိုအောင်ထက်နိုင်နဲ့ အမွှာညီဖြစ်သူ ညီညီအောင်ထက်နိုင် တို့ကို တွေ့ရစဉ်။ (Photo: Citizen Journalist)
ကိုကိုအောင်ထက်နိုင်နဲ့ အမွှာညီဖြစ်သူ ညီညီအောင်ထက်နိုင် တို့ကို တွေ့ရစဉ်။ (Photo: Citizen Journalist)

စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြရင်း အသက်ဆုံးရှုံးခဲ့ရသူတွေ ရှိသလို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ဖမ်းဆီးခံရပြီး စစ်ကြောရေးမှာ သေဆုံးခဲ့ရသူတွေလည်း ရှိပါတယ်။

ဓာတ်ပုံသတင်းထောက် ကိုစိုးနိုင်ဟာ ၂ဝ၂၁ ခုနစ် ဒီဇင်ဘာလ ၁၀ ရက်နေ့ အပြည်ပြည်ဆိုင်ရာ လူအခွင့်အရေးနေ့မှာ ရန်ကုန်မြို့က အသံတိတ်ဆန္ဒပြနေတာကို သတင်းဓာတ်ပုံရိုက်နေတုန်း စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ ဖမ်းဆီးတာကို ခံခဲ့ရပြီး ရက်ပိုင်းအကြာမှာပဲ သေဆုံးခဲ့ရတာပါ။ ဒီဇင်ဘာလ ၁၀ ရက်နေ့မနက်မှာ ကိုစိုးနိုင်ဟာ သူစီးနေကျ စက်ဘီးစီးပြီး နေအိမ်ကနေ ထွက်သွားတယ်လို့ သူ့ဇနီးဖြစ်သူက ဆိုပါတယ်။

ရန်ကုန်မြို့လမ်းမတွေ လူရှင်းနေတာတွေကို ဓာတ်ပုံရိုက်နေတဲ့ ကိုစိုးနိုင်ဟာ လသာဘုံကျောင်းထိပ်မှာ ဖမ်းဆီးခံလိုက်ရတာပါ။ ဖမ်းဆီးမခံရခင် မနက် ၁၁ အချိန်လောက်မှာပဲ မကြာခင် အိမ်ပြန်လာမယ်လို့ ဇနီးဖြစ်သူထံကို ဖုန်းဆက်ခဲ့ပါသေးတယ်။

မကြာခင်မှာပဲ ကိုစိုးနိုင် ဖမ်းဆီးခံလိုက်ရပြီး စစ်ကြောရေးစခန်းတစ်ခုကို ရောက်နေတဲ့အကြောင်း ဇနီးဖြစ်သူ သိခဲ့ရပါတယ်။

ရေကြည်အိုင်စစ်ကြောရေးစခန်းမှာ ဖမ်းဆီးခံထားရစဉ် ဒီဇင်ဘာလ ၁၂ ရက်နေ့မှာ သေဆုံးခဲ့တယ်လို့ စစ်ဘက်ဆိုင်ရာဝန်ထမ်း မိတ်ဆွေတစ်ယောက်ဆီကနေ ဒီဇင်ဘာလ ၁၃ ရက်နေ့မှာ မိသားစုက သိခဲ့ရတာပါ။ စစ်ကောင်စီဘက်ကတော့ မိသားစုကို တရားဝင်အကြောင်းမကြားခဲ့ဘူးလို့ ဆိုပါတယ်။

ကျန်ရစ်ခဲ့တဲ့ ဇနီးနဲ့ ကလေးကိုပါ ဖမ်းဆီးမယ်ဆိုတဲ့သတင်းကြောင့် နေအိမ်ကနေ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး ဇနီးဖြစ်သူဟာ ကိုစိုးနိုင်ရဲ့ ရုပ်အလောင်းကိုတောင် မြင်တွေ့ခွင့်မရခဲ့ပါဘူး။

စမ်းချောင်းမြို့နယ်မှာရှိတဲ့ သူတို့မိသားစုနေအိမ်ကိုလည်း စစ်ကောင်စီက ချိပ်ပိတ်ခဲ့တဲ့အတွက် အခုအချိန်မှာ သားအမိနှစ်ယောက် ခက်ခက်ခဲခဲ နေထိုင်နေရတယ်လို့ ဆိုပါတယ်။

စစ်ကြောရေးမှာ သေဆုံးခဲ့သည့် ဓာတ်ပုံသတင်းထောက် ကိုစိုးနိုင်ကို တွေ့ရစဉ်။ (Photo: Citizen Journalist)
စစ်ကြောရေးမှာ သေဆုံးခဲ့သည့် ဓာတ်ပုံသတင်းထောက် ကိုစိုးနိုင်ကို တွေ့ရစဉ်။ (Photo: Citizen Journalist)

ဇနီးဖြစ်သူဟာ ကိုစိုးနိုင်အတွက် ကြေကွဲမဆုံးဖြစ်နေရပြီး တရားမျှတမှုရဖို့ မျှော်လင့်နေပါတယ်။

“ကျွန်မအမျိုးသားကို ဘာ့ကြောင့် သတ်လိုက်တာလဲပေါ့နော်။ ကျွန်မအဲဒါကို သိချင်တယ်။ သူတို့လူတစ်ယောကို လက်လွတ်စပယ် သတ်လို့မရဘူးလေ။ ကျွန်မတို့မှာ မိသားစုသုံးယောက်တည်း။ ကျွန်မရယ် ကိုစိုးနိုင်ရယ် ကျွန်မတို့သားလေးရယ်ပေါ့။ သူက အဲ့လို ရုတ်တရက်ကြီး ဘာမှန်းကျွန်မမသိလိုက်ရဘဲ ရုတ်တရက်ကြီးပျောက်သွားတယ်ဆိုတော့ ကျွန်မအခုအချိန်ထိ ကျွန်မအမျိုးသားမရှိတော့ဘူးဆိုတာကို လက်ခံဖို့တော်တော်လေးခက်ခဲတယ်။ ကျွန်မသားလည်း သူ့အဖေမရှိတော့တဲ့အချိန်မှာ အသက်က ငါးနှစ်မပြည့်သေးတော့ အဖေကိုတော့ကောင်းကောင်းသိနေပြီပေါ့။ ဒါပေမဲ့ ရုတ်တရက်ကြီး သူ့အဖေက ပုံမှန်စက်ဘီးထွက်စီးတယ် ။ ပြန်လာရာကနေ သူမမြင်ရတော့ဘူး ။ ပျောက်သွားတော့ သူ့အတွက်လည်း ကလေးက စိတ်ဒဏ်ရာရှိတယ်။ ကျွန်မကို အမြဲမေးတယ်။ ဖေဖေဘယ်တော့ ပြန်လာမှာလဲ။ ကျွန်မတို့ကမ္ဘာပြိုသွားတာပေါ့နော်။ ကျွန်မယောက်ျားကို ဘာလို့ဒီလိုသတ်လိုက်လဲဆိုတာကို ကျွန်မသိချင်တယ်။ ပြီးတော့ ဒီလိုလုပ်လိုက်တဲ့ အတွက်ကြောင့်မို့လို့ အဲ့လိုလုပ်တဲ့သူတွေက ဒါတွေကို တစ်နေ့နေ့ တစ်ချိန်ချိန်မှာ သူတို့ပြန်ပြီး တာဝန်ယူရမယ်ပေါ့နော်။ ကျွန်မ အဲဒါကိုတော့ အမှန်တရားကိုလည်း သိချင်တယ်။ တရားမျှတမှုကိုလည်း ကျွန်မလိုချင်တယ်။"

စစ်ကောင်စီဖမ်းဆီးထားစဉ် သေဆုံးခဲ့ရသူ နောက်တစ်ဦးကတော့ တစ်ချိန်က Acid ဂီတအဖွဲ့ဝင် ဟစ်ဟော့အဆိုတော်တစ်ဦး ဖြစ်သလို လွှတ်တော်ကိုယ်စားလှယ်ဟောင်းလည်းဖြစ်တဲ့ ကိုဖြိုးဇေယျာသော်ပါ။ ရင်းနှီးသူတွေက သူ့ကို ကိုမောင်ကျော်လို့ ခေါ်ကြပါတယ်။

အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မတွေနဲ့ စွဲချက်တင်ခံရပြီး ၂၀၂၂ခုနှစ် ဇူလိုင် ၂၃ရက်နေ့မှာ ကိုဖြိုးဇေယျာသော်အပါအဝင် ကိုဂျင်မီ၊ ကိုလှမျိုးအောင်၊ ကိုအောင်သူရဇော်တို့ လေးယောက်ကို စစ်ကောင်စီက အင်းစိန်ထောင်မှာ ကွပ်မျက်ခဲ့ပါတယ်။

ဦးဂျင်မီ၊ ဦးဖြိုးဇေယျာသော်၊ ဦးလှမျိုးအောင်၊ ဦးအောင်သူရဇော်။ (ဝဲ မှ ယာ)
ဦးဂျင်မီ၊ ဦးဖြိုးဇေယျာသော်၊ ဦးလှမျိုးအောင်၊ ဦးအောင်သူရဇော်။ (ဝဲ မှ ယာ)

ကိုဖြိုးဇေယျာသော်ဟာ သူယုံကြည်ထားတဲ့ နိုင်ငံရေးခံယူချက်အတိုင်း စစ်အာဏာရှင်ကို တော်လှန်ခဲ့သူဖြစ်တယ်လို့ ဇနီးဖြစ်သူ တေးသံရှင် သဇင်ညွန့်အောင်က ပြောပါတယ်။

“သူ့ရဲ့ တော်လှန်ရေးအပေါ်မှာထားတဲ့စိတ်ပေါ့နော်။ ဒီနွေဦးတော်လှန်ရေးမှ မဟုတ်ဘူး။ ဟိုးအရင်ကတည်းက သူငယ်စဉ်ကတည်းက တတ်နိုင်တာတွေ သူလုပ်ခဲ့တယ်။ နောက် သူကိုယ်စားလှယ်ဖြစ်ခဲ့တယ်။ နွေဦးတော်လှန်ရေးမှာ သူ ကိုယ်စားလှယ်ဘဝကနေ အနားယူထားတဲ့ အချိန်ပေ့ါနော်။ ဒါပေမဲ့ ဒီအချိန်မှာတောင်မှဒီတော်လှန်ရေးကို ငါတို့လုပ်ရမယ်။ ဒီစစ်အာဏာရှင်ကို အမြစ်ဖြတ်ရမယ်ဆိုတာ ဒါ သူအမြဲတမ်းပြောနေကြ စကားပဲ။ ကိုမောင်ကျော်ကို သူတို့မတရား စီရင်လိုက်တယ်ပေါ့နော်။ သူတစ်ယောက်တည်း မဟုတ်ဘူး။ ဒီ ကိုဂျင်မီ၊ ကိုလှမျိုးအောင်၊ ကိုအောင်သူရဇော်တို့ လေးယောက်လုံးအပြင် တခြားမတရား စီရင်ခံနေရတဲ့ လူတွေလည်း ရှိနေတယ်။ လက်ရှိလည်း ရှိနေတယ်။ အများကြီးစိတ်မကောင်းဖြစ်မိတယ်။ ကိုမောင်ကျော်နဲ့ပတ်သက်လို့လည်း ကျွန်မရဲ့စိတ်မကောင်းဖြစ်မှုကတော့ အဆုံးမရှိဘူးပေါ့နော်။ ဒီအသက် ဒီခန္ဓာမြဲနေသရွေ့ ဒီခံစားချက်က ကျွန်မမှာရှိနေမှာပဲ။ ဒါပမဲ့ တော်လှန်ရေးအဆုံးထိသွားဖို့လည်း ဆုံးဖြတ်ထားတယ်။ ကျွန်မလိုပဲ တော်လှန်ရေးလုပ်နေတဲ့ လူတွေအားလုံး ဒီလိုစိတ်မျိုးရှိမယ်လို့ ကျွန်မကတော့ ယုံကြည်တယ်။”

ခင်ပွန်းဖြစ်သူရဲ့ ဆန္ဒအတိုင်း သူလည်း အာဏာရှင်အမြစ်ပြတ်ဖို့ အဆုံးထိပါဝင်သွားမှာ ဖြစ်ပြီး မတရားသတ်ဖြတ်ခံရသူတွေအတွက် တရားမျှတမှုရဖို့ ကြိုးစားသွားမယ်လို့ ဆိုပါတယ်။

“ကျွန်မအနေနဲ့ တရားမျှတမှုဆိုတာဘာလဲဆိုတော့ မတရားဖမ်းဆီးခံရတဲ့သူတွေပါ မတရားသတ်ဖြတ်ခံရတဲ့ဘဝတွေအတွက် တရားမျှတမှုကို ပြန်လိုချင်တယ်။ ကျွန်မတို့ရဲ့ နိုင်ငံသစ်ပေါ့နော်။ ကျွန်မတို့ရဲ့ ပြန်လည်ထူထောင်ရေးမှာ စပြီးတော့ကို ဒီတရားမျှတမှုကို ကျွန်မကြုံခဲ့ရတဲ့ အမှု ကို ကျွန်မပြန်ပြီးတော့ ဒီဟာကို ခုံရုံးပြန်တင်မယ်။ ကျွန်မ ဒီအမှုကို ပြန်ပြီးတော့ စစ်ဆေးဖို့ ကျွန်မ ဆုံးဖြတ်ထားတယ်။ တခြားသူတွေ ဒီလိုတရား မမျှတမှုခံစားထားရတဲ့ တခြားသူတွေအတွက်လည်း ကျွန်မတတ်နိုင်သလောက် ကူမယ်လို့ စဉ်းစားထားတယ်"

စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်လို့ မိသားစုဝင်တွေဆုံးရှုံးပြီး ဘဝတွေပျက်ခဲ့ရသူတွေဟာ စစ်အာဏာရှင်စနစ်အမြစ်ဖြတ်နိုင်ဖို့ လှုပ်ရှားမှုတွေမှာ ပါဝင်ရင်း တရားမျှတမှုကို မျှော်လင့်နေကြဆဲ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

I am afraid i might get killed XD
2023-10-28 22:08

အသတ်ခံရသူတွေထဲမှာ မတရားအသတ်ခံရသူတွေ၊အထူးဖြ့် ဒလန်စွပ်စွဲသတ်ခံရသူတွေ၊နိုင်ငံဝန်ထမ်း၊ရဲ၊အရပ်ဘက်တို့၏ မိသားွေအတွကော ပါလားနော်။