ကပ်ရောဂါနဲ့ အာဏာသိမ်းမှုကြားက မြန်မာပြည်သူတွေရဲ့ ဘဝ

ဂျူလိုင်မျိုး(ဝါရှင်တန်ဒီစီ)
2021.05.06

မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုရောဂါကြောင့် တစ်နှစ်ကျော်ကြာ စီးပွားရေးကျပ်တည်းနေရတဲ့ ပြည်သူတွေဟာ ဖေဖော်ဝါရီလ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် နိုင်ငံရေးမငြိမ်သက်မှုတွေကြောင့် စီးပွားရေး၊ အလုပ်အကိုင်၊ အသက်မွေးဝမ်းကျောင်း အခွင့်အလမ်းတွေ ဆုံးရှုံးရပြီး နေ့စဉ်စားဝတ်နေရေးနဲ့ ရှင်သန်ရပ်တည်နိုင်ရေးအတွက်ပါ အခက်အခဲမျိုးစုံကို အလူးအလဲ ခံစားနေကြရပါတယ်။

ကိုဗစ်ရိုက်ခတ်မှုအပြင် အာဏာသိမ်းစစ်တပ်ကို ပြစ်ဒဏ်ခတ်တဲ့အနေနဲ့ အနောက်နိုင်ငံတွေက စီးပွားရေးပိတ်ဆို့ အရေးယူလိုက်တာကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ရပ်ဆိုင်းသွားပြီး စက်ရုံ အလုပ်ရုံ အတော်များများ ပိတ်သိမ်းသွားကြပါတယ်။
လက်ရှိအချိန်ထိ စက်မှုဇုန်တွေမှာ အလုပ်ကနေ ရပ်နားခံလိုက်ရတဲ့ စက်ရုံအလုပ်သမား လေးသိန်းကျော် ရှိသွားပြီလို့ အလုပ်သမားအရေး ဆောင်ရွက်သူ ဦးရဲနိုင်ဝင်းက ပြောပါတယ်။

"ကိုဗစ်ဖြစ်ကတည်းက စက်မှုဇုန်တွေမှာ နှစ်သိန်းလောက် အလုပ်လက်မဲ့ဖြစ်သွားတယ်။ ဒီအာဏာသိမ်းပြီး နောက်ပိုင်းမှာတော့ အလုပ်လက်မဲ့က အများကြီးဖြစ်သွားတာပေါ့။ အရင်က အထည်ချုပ်လုပ်ငန်းမှာ အလုပ်သမား ခုနှစ်သိန်းလောက်ရှိတယ်ပေါ့။ အခုက လေးသိန်းလောက်အထိ လျော့သွားတဲ့သဘောရှိတယ်။"

လတ်တလော ပိတ်သိမ်းသွားတဲ့ အထည်ချုပ်စက်ရုံကနေ အလုပ်ရပ်နားခံလိုက်ရတဲ့ ရန်ကုန်မြို့က ကလေး ၃ ယောက်မိခင် စက်ရုံအလုပ်သမားတဦးက စားဝတ်နေရေးကျပ်တည်းနေပြီး မရေရာတဲ့ အနာဂတ်အတွက် ပူပန်နေရတယ်လို့ RFA ကိုပြောပါတယ်။

"အလုပ်ကတော့ နားလိုက်ရပြီ။ မကြီးတို့ အသက်အရွယ်နဲ့ ဘယ်နေရာမှာမှ သွားလျှောက်လို့မရတော့ဘူး။ စားဝတ်နေရေးနဲ့ ကလေးတွေက ရှိနေတော့ ပူရမှာပေါ့။ ရှေ့ဆက်ဘာလုပ်ရမလဲ ခေါင်းခဲနေတာပေါ့"

ဒီလိုအလုပ်အကိုင်ဆုံးရှုံးမှုတွေကြောင့် လာမယ့် ခြောက်လအတွင်း ပြည်သူသန်းနဲ့ချီ စားနပ်ရိက္ခာ ငတ်ပြတ်မယ့် အခြေအနေကို ရောက်လာလိမ့်မယ်လို့ ခန့်မှန်းထားကြောင်း ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် WFP ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဒုတိယညွှန်ကြားရေးမှူး မားကပ်စ် ပရိုင်ရာက ပြောပါတယ်။

"အခုအချိန်ဟာ မြန်မာပြည်သူအများစု ကျပ်တည်းနေကြရတဲ့ ကာလပါ။ လက်ရှိ နိုင်ငံရေးအခြေအနေကြောင့် မြို့ပြဒေသတွေမှာ လာမယ့် ၆ လအတွင်း လူဦးရေ ၃.၄ သန်းနီးပါး စားနပ်ရိက္ခာ မလုံလောက်တာတွေ ကြုံရလိမ့်မယ်လို့ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့က ခန့်မှန်းထားပါတယ်"

လက်ရှိအချိန်မှာ အခြေခံစားသောက်ကုန်ဈေးနှုန်းက အများကြီး မြင့်တက်မသွားသေးတာတောင် အလုပ်အကိုင်တွေ မရှိကြလို့ ဝင်ငွေမရှိတာကြောင့် ဝယ်ယူစားသောက်ဖို့ ခက်ခဲနေကြတယ်လို့ ရန်ကုန်မြို့နေ အိမ်ရှင်မတဦးက ပြောပါတယ်။

"ကုန်ဈေးနှုန်းက မတက်ဘူး။ ပိုက်ဆံမရှိလို့ မဝယ်နိုင်တာ။ လူတွေက ပိုက်ဆံမရှိလို့ အလုပ်မရှိလို့ မဝယ်နိုင်တာပေါ့နော်။ အလုပ်တွေမှ မရှိတဲ့အခါကျတော့ လူတွေက ဝယ်စရာလည်းမရှိဘူး။ ဈေးကလည်း တက်စရာမရှိဘူး။ တက်လို့လည်း မဝယ်နိုင်ဘူး။ ကျလို့လည်း မဝယ်နိုင်ဘူး"

လတ်တလောအချိန်မှာ ရန်ကုန်မြို့ ကျူးကျော်အိမ်ယာတွေက လက်လုပ်လက်စား အခြေခံလူတန်းစားတွေ ပိုပြီး ဒုက္ခရောက်နေကြတယ်လို့ ရန်ကုန်မြို့တွင်း လှည့်လည်ပြီး ကူညီထောက်ပံ့နေတဲ့ ဘိုစိန်လူမှုကူညီရေးအသင်း တည်ထောင်သူ ကိုဘိုစိန်က ပြောပါတယ်။

"လူတွေကတော့ တော်တော်ကို ကျပ်တည်းတယ်။ အများကြီးပဲ။ ကျူးကျော်တွေဆိုရင် ပိုပြီးဒုက္ခရောက်တယ်။ သူတို့တွေက လက်လုပ်လက်စားတွေဗျ။ ပန်းရန်တွေလုပ်မယ်။ လက်သမားတွေလုပ်မယ်။ ဆိုင်ကယ်ကယ်ရီဆွဲမယ်။ ဆိုက်ကားနင်းမယ်။ အဲ့လိုတွေက အခုအခြေအနေမှာ အလုပ်အကိုင်တွေက မရှိကြတော့ဘူးလေ။ အခု ကယ်ရီတွေလည်း မဆွဲရတော့ဘူး။ တက်ဆီသမားတွေလည်း ငတ်နေတာ အများကြီးပဲ။ အကုန်လုံးက အဆင်မပြေကြဘူး"

စစ်အာဏာသိမ်းအပြီးမှာ စီးပွားရေးလုပ်ကိုင်ရတာ ကိုဗစ်ကာလတုန်းကထက် အခြေအနေ ပိုဆိုးတာကြောင့် ဆိုင်တွေ ပိတ်လိုက်ရပြီး ဝန်ထမ်းအများစု နယ်ပြန်သွားကြရပြီလို့ ပြည်တွင်းခရီးသွားဝန်ဆောင်မှုလုပ်ငန်းရှင်တဦးက ဆိုပါတယ်။

"ကိုဗစ်တုန်းကမှ အကာအကွယ်နဲ့လုပ်စားလို့ရသေးတယ်။ အခုအာဏာသိမ်းတဲ့အခါကျတော့ အကာအကွယ်နဲ့လည်း လုပ်လို့ မရတော့ဘူး။ ကားလိုင်း ဈေးတက်သွားတဲ့အခါကျတော့ ခရီးသည်တွေက မဖြစ်မနေမှ သွားကြတယ်။ ဆိုင်ခွဲတွေက အခု ၅ ဆိုင်က လုံးဝ ရပ်ပစ်လိုက်ရတယ်။ ဝန်ထမ်းတွေက အခုဆိုရင် အရင်ထက် တဝက်ပဲ အလုပ်ဆင်းတော့တယ်။ သူတို့မိဘတွေက ဒီမှာ စိတ်မချလို့ ပြန်မလွှတ်တာရယ်။ ကိုယ်ကိုယ်တိုင်ကလည်း လစာအပြည့်မပေးနိုင်တော့ လစာအပြည့်ရမှ ပြန်လာမယ်ဆိုပြီး နယ်မှာပဲ နေနေကြတယ်"

ကပ်ရောဂါဒဏ်နဲ့ ယိုင်နဲ့နေတဲ့ စီးပွားရေးဟာ အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာ ထပ်ကျသွားဖို့ အလားအလာရှိကြောင်း နိုင်ငံရေးလေ့လာသူ ဦးအောင်သူငြိမ်းက ပြောပါတယ်။

"ကိုဗစ်ကာလကတည်းက စီးပွားရေးက ကျနေတာ။ အာဏာမသိမ်းခင် အခြေအနေမှာ EIU လို့ ခေါ်တဲ့ Economic Intelligence Unit စီးပွားရေးတွေ စောင့်ကြည့်တဲ့ အဖွဲ့အစည်းက မြန်မာပြည်ရဲ့ GDP စီးပွားရေးဖွံ့ဖြိုးမှုနှုန်းက ဝ.၅ ရာခိုင်နှုန်းပဲ ရှိမယ်လို့ ပြောထားတယ်။ အရင်ကမှန်းထားတာ တနှစ်ကို တိုးတက်မှုက ၇ ရာခိုင်နှုန်းလောက် မှန်းထားတာလေ။ အဲ့ဒီကနေ ဝ.၅ ရာခိုင်နှုန်းလောက်ထိ ကျသွားမယ်လို့ သူပြောတယ်။ ပြောနေရာကနေ အခု အာဏာသိမ်းပြီးတဲ့အခါကျတော့ ဝ.၅ ရာခိုင်နှုန်းကနေ ၉ ရာခိုင်နှုန်းအထိ ထပ်ကျသွားဖို့ အလားအလာရှိတယ်"

ဒီလိုအခြေအနေတွေကြားမှာ အခြေခံလူတန်းစားတွေအပြင် လူလတ်တန်းစားတွေပါ အကျပ်အတည်းကြုံလာနိုင်တယ်လို့လည်း သူက သုံးသပ်ပါတယ်။

"အခုအခြေအနေက တနေ့လုပ်မှတနေ့စားတဲ့သူတွေ ဝင်ငွေလုံးဝ မရှိတော့ဘူး ဖြစ်သွားမယ်လေ။ တဖြည်းဖြည်းနဲ့ နောက်ပိုင်းလိုက်လာမှာကတော့ လူလတ်တန်းစားဆိုတဲ့ဟာမျိုးပေါ့နော်။ အထူးသဖြင့် NGO လိုမျိုး လုပ်နေတယ်။ အလုပ်အကိုင်ရှိတယ်။ ဒီလိုလူတွေပေါ့။ သူတို့တွေက အလုပ်မရှိဘူးလဲ ဖြစ်လာနိုင်တယ်။ အလုပ်တွေ ပိတ်သွားတာမျိုးလဲ ဖြစ်သွားနိုင်တယ်။ အဲ့တော့ လောလောဆယ်မှာတော့ ရှိတာလေး ထုခွဲရောင်းစား၊ စုဆောင်းထားတာလေးတွေ စားနေတဲ့သူတွေက ဒုတိယအကျော့မှာ ပိုပြီးကျပ်တည်းရတဲ့ အနေအထားဖြစ်လာတာပေါ့နော်"

ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ် (UNDP) ကတော့ … မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးနဲ့ စစ်အာဏာသိမ်းအပြီး နိုင်ငံရေးအခြေအနေတွေကြောင့် စီးပွားရေးနဲ့ ကုန်ထုတ်လုပ်ရေးလုပ်ငန်းတွေ ရပ်ဆိုင်းနေပြီး နိုင်ငံရဲ့လူဦးရေ ၁၂ သန်းလောက် ဆင်းရဲတွင်းကို ကျရောက်နိုင်တယ်လို့ ဧပြီလ ၃၀ ရက်နေ့က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ တကယ်လို့ လက်ရှိအကြပ်အတည်းတွေကို မကျော်လွှားနိုင်ရင် လာမယ့် ၂၀၂၂ ခုနှစ်မှာ လူဦးရေ ၂၅ သန်း ဒါမှမဟုတ် တစ်နိုင်ငံလုံး လူဦးရေရဲ့ ထက်ဝက်နီးပါးဟာ ကုလသမဂ္ဂက သတ်မှတ်ထားတဲ့ ဆင်းရဲမွဲတေမှု သတ်မှတ်ချက်အောက်ကို ရောက်လာမယ်လို့ သတိပေးထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။