မြန်မာစစ်တပ်ကို လက်နက်ထောက်ပံ့ဖို့ တရုတ်က ပါကစ္စတန်ကို အသုံးချနိုင်
2022.10.05

မြန်မာနိုင်ငံအတွင်း ဆက်လက်ပေါ်ပေါက်နေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ကမ္ဘာက စောင့်ကြည့်နေပေမဲ့ တရုတ်ကတော့ မြန်မာကို စစ်လက်နက်တွေ တင်ပို့ရောင်းချရေးအတွက် အာဏာသိမ်း စစ်ကောင်စီကို ချဉ်းကပ်နေကြောင်း ANI သတင်းက ဖော်ပြပါတယ်။
ပြီးခဲ့တဲ့နှစ် စစ်တပ်အာဏာသိမ်းခဲ့ပြီးကတည်းက မြန်မာ့အခြေအနေတွေဟာ ဘယ်နေရာမှာပဲ ကြည့်ကြည့် ပိုမို ဆိုးရွားလာခဲ့ပြီး မြန်မာ့ပြဿနာ အကျပ်အတည်းကို နိုင်ငံတွေ စုပေါင်း မတုံ့ပြန်မဆောင်ရွက်ကြဘူးဆိုရင် မြန်မာပြည်သူတွေရဲ့ ဆင်းရဲဒုက္ခရှည်ကြာနေဦးမှာဖြစ်ကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာကျွမ်းကျင်သူ တွမ် အင်ဒရူးက သတိပေးပြောဆိုခဲ့ပါတယ်။
ဒါ့ပြင် အစီရင်ခံစာတိုင်းနဲ့ပတ်သက်ပြီး ဒီပြဿနာအပေါ် တုံ့ပြန်ဖြေရှင်းရာမှာ ဆောင်ရွက်ပုံလမ်းကြောင်းတွေ မပြောင်းလဲဘူးဆိုရင် အခြေအနေတွေဟာ မကောင်းရာက ပိုမိုဆိုးရွားသွားပြီး မြန်မာပြည်သူတွေရဲ့ ဆင်းရဲဒုက္ခ ပိုမိုရှည်ကြာသွားမှာဖြစ်ကြောင်း အခုဆိုရင် ပြည်တွင်းနေရာရွှေ့ပြောင်းရသူ တစ်သန်းကျော်ရှိနေကြောင်းလည်း ပြီးခဲ့တဲ့လ ဂျီနီဗာလူ့အခွင့်အရေးကောင်စီမှာ ပြောဆိုခဲ့တာပါ။
ဒေသတွင်း နိုင်ငံရေးအကဲခတ်တစ်ဦးကတော့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်တပ်အာဏာသိမ်းခဲ့ချိန်ကစလို့ တရုတ်အစိုးရဟာ အာဏာသိမ်း စစ်ကောင်စီနဲ့ရော စင်ပြိုင်အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ပါ သတိနဲ့ ဆက်ဆံခဲ့ကြောင်း ပြောပါတယ်။
မြန်မာနိုင်ငံရေး အကဲခတ်တစ်ဦးကလည်း တရုတ်ဟာ ယုံကြည်ရတဲ့ အိမ်နီးချင်းကောင်း မဟုတ်ဘဲ မြန်မာစစ်ကောင်စီကို ပေါ်ပေါ်ထင်ထင် ထောက်ပံ့ပေးနေကြောင်း ဒါပေမဲ့ လက်နက်ထောက်ပံ့ပေးရာမှာတော့ ရုရှားလို မဟုတ်ဘဲ တရုတ်က သိုသိုသိပ်သိပ် ပံ့ပိုးပေးနေတာဖြစ်ကြောင်း အဲဒီလို တင်ပို့ရာမှာ ပါကစ္စတန်က ကြားပွဲစားဖြစ်ကြောင်းလည်း ပြောဆိုပါတယ်။
အခုလို မြန်မာစစ်ခေါင်းဆောင် ရုရှားကို အကြိမ်ကြိမ်သွားရောက်ပြီး ဂျက်တိုက်လေယာဉ်တွေ၊ ရဟတ်ယာဉ်တွေ၊ ဒုံးကျည်တွေ ဝယ်ယူနေတဲ့အပေါ် တရုတ်က သူ့ရဲ့ လက်နက်အဝယ်တော် ဖောက်သည်တစ်ဦး ဆုံးရှုံးသွားမယ့်အရေး စိုးရိမ်နေပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးတဲ့နောက် အခုနှစ်ပိုင်းတွေအတွင်း မြန်မာနဲ့ ပါကစ္စတန်ကြား လုံခြုံရေးနဲ့ ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြင့်လာခဲ့ပြီး ပါကစ္စတန်က မြန်မာလေတပ်အတွက် JF- 17 လေယာဉ် နှစ်စီးပေးပို့ခဲ့ပါတယ်။
လေ့လာသူတွေကတော့ မြန်မာနိုင်ငံမှာ တရုတ်ဆန့်ကျင်ရေးစိတ် ကြီးထွားလာမှာကို တရုတ်က စိုးရိမ်နေပေမဲ့ မြန်မာစစ်ကောင်စီကို လက်နက်တွေ ထောက်ပံ့ပေးနေသရွေ့ တရုတ်အတွက် စိတ်ပူစရာမရှိကြောင်း ANI သတင်းက ဖော်ပြပါတယ်။
ဒီအတွင်း ဗြိတိန်လူ့အခွင့်အရေးဆိုင်ရာ သံအမတ် Rita French က မြန်မာစစ်ကောင်စီရဲ့ လက်နက်ခဲယမ်းတွေရရှိနေတဲ့ လမ်းကြောင်းအခြေအနေနဲ့ပတ်သက်ပြီး ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။
ဗြိတိန်အနေနဲ့ လူ့အခွင့်အရေးကောင်စီရဲ့ မြန်မာဆိုင်ရာ အချက်အလက်စုံစမ်းရေးအဖွဲ့ကို အထောက်အကူပြုနေပြီး မြန်မာစစ်တပ်ရဲ့ စီးပွားရေးအကျိုးအမြတ်တွေကိုလည်း မီးမောင်းထိုးပြသခဲ့ကြောင်း မြန်မာနိုင်ငံရဲ့ ဒီနေ့လို ဘေးဒုက္ခနဲ့ ကြုံတွေ့နေရချိန်မှာ ဗြိတိန်ရဲ့အစီအစဉ်ကို လက်ခံကြဖို့လည်း တိုက်တွန်းခဲ့ပါတယ်။
စစ်ကောင်စီရဲ့ အကြီးမားဆုံး လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ဖန်တီးလုပ်ဆောင်နိုင်အောင် ပံ့ပိုးနေတဲ့ ဘဏ္ဍာရေးနဲ့ လက်နက်ရရှိရေး လမ်းကြောင်းတွေကို ပစ်မှတ်ထားဖို့ လက်တွဲဖော်တွေနဲ့အတူ နှစ်မြှုပ်ဆောင်ရွက်နေကြောင်း အခုလို အကြမ်းဖက်မှုတွေကို ရပ်တန့်ပစ်ရမှာဖြစ်ကြောင်း စစ်တပ်အာဏာသိမ်းခဲ့ချိန်ကစပြီး စစ်တပ်ခေါင်းဆောင်ပိုင်းနဲ့ သူတို့ရဲ့ ဘဏ္ဍာရေး လက်နက်နဲ့ စစ်ရေးဆိုင်ရာ လက်နက်ပစ္စည်းတွေကို ပစ်မှတ်ထားပိတ်ဆို့ဖို့ ကြေညာခဲ့တာဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။