အင်အားသာမက ဖိနှိပ်မှုနဲ့ပါ စစ်တပ်တည်ဆောက်
2023.01.08

စစ်အာဏာသိမ်းလို့ ပေါ်ပေါက်လာတဲ့ PDF ပြည်သူ့ကာကွယ်ရေးတပ်တွေနှိမ်နင်းဖို့ အပြင် စစ်ဗျူဟာအနေနဲ့ သာမန် အရပ်သားတွေရှိတဲ့ နေရာတွေကို နယ်မြေရှင်းလင်းချိန်မှာ စစ်ကောင်စီဟာ လေကြောင်းက တိုက်ခိုက်တဲ့အခါ နည်းပညာ အဆင့်မြင့် ရဟတ်ယာဉ်တွေ လေယာဉ်တွေ သုံးနိုင်ဖို့ လေယာဉ်ဆီက အထူးလိုအပ်ပါတယ်။
တရုတ်၊ ရုရှား၊ အစ္စရေး၊ ပါကစ္စတန်၊ အိန္ဒိယစတဲ့ နိုင်ငံတွေကနေ စစ်တပ်က ဝယ်ယူထားတဲ့ လက်နက်တွေ ဘယ်လောက်ခေတ်မီ ဆန်းသစ်တယ်ဆိုပါစေ၊ ရုရှားလုပ်တိုက်လေယာဉ်တွေ တိုက်ရဟတ်ယာဉ်တွေက ဘယ်လိုခေတ်မီတယ်ဆိုပါစေ ဒါတွေ ပျံသန်းနိုင်ဖို့ လောင်စာဆီမရှိရင် ဝေဟင်က တိုက်ခိုက်နိုင်မှာမဟုတ်ပါဘူး။

လောင်စာကို ဝေဟင်သုံး၊ မြေပြင်သုံးနဲ့ ရေယာဉ်သုံးရယ်လို့ အကြမ်းဖျင်းခွဲခြားနိုင်ပြီး အများပြည်သူအတွက်ကလည်း လောင်စာဆီက မရှိမဖြစ် လိုအပ်ပါတယ်။ လူထုအတွက် လိုအပ်တဲ့ လောင်စာကို မပိတ်ပင်လိုဘဲ မြန်မာစစ်တပ်ကို လေယာဉ်လောင်စာဆီ တင်ပို့နေတာကို ပိတ်ပင်တားမြစ်ဖို့ NUG အမျိုးသားညီညွတ်ရေးအစိုးရ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီး ဦးစိုးသူရထွန်းက လိုလားပါတယ်။
“အများပြည်သူသုံးတဲ့ လောင်စာဆီကို ကျွန်တော်တို့က မကန့်သတ်ပါဘူး။ ဒါပေမဲ့ လေယာဉ်လောင်စာဆီကတော့ တော်လှန်ရေး အဖွဲ့တွေသာမကဘဲ ပြည်သူတွေကိုပါ ထိခိုက်နေတဲ့အတွက်ကြောင့် ဒါနဲ့ပတ်သက်ပြီး ပိတ်ပင်တားဆီးဖို့ စာလည်းထုတ်ဖူးပါတယ်။ အလားတူပဲ အမေရိကန်အစိုးရတို့ ဥရောပတို့က ဘယ်စီးပွားရေးလုပ်ငန်းတွေကို ကန့်သတ်ချင်သလဲမေးလို့ စာရင်းတွေလည်း ပြုစုခဲ့ပါတယ်“
မြန်မာစစ်တပ်ကို Puma Energy ရေနံကုမ္ပဏီက လေယာဉ်ဆီအဓိက တင်ပို့ရောင်းချခဲ့တာမို့ စစ်အာဏာသိမ်းပြီးနောက် လေယာဉ်ဆီ တင်သွင်းတာကို ရပ်ဆိုင်းဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)နဲ့အရပ်ဘက်အဖွဲ့အစည်းတွေက Puma Energy ကို တိုက်တွန်းခဲ့တာကို ဦးစိုးသူရထွန်းက ရည်ညွှန်းပြောကြားတာပါ။
အဲဒီ Puma Energy ရေနံကုမ္ပဏီ မြန်မာနိုင်ငံကနေ နုတ်ထွက်တဲ့အကြောင်း ၂၀၂၂ ခုနှစ် အောက်တိုဘာက ကြေညာခဲ့ပေမယ့် အစုရှယ်ယာတွေကို သူ့အစုစပ် Asian Sun Energy (ASE) - အာရှနေစွမ်းအင် ကုမ္ပဏီလီမိတက်ကို ရောင်းချခဲ့တာမို့ စစ်ကောင်စီလေတပ်အဖို့ လေယာဉ်ဆီ ရမြဲရနေတဲ့ သဘောရှိပါတယ်။
လေယာဉ်ဆီရနေတဲ့အတွက်လည်း လေကြောင်းက တွင်တွင်တိုက်ခိုက်နေတာမို့ မြေပြင်မှာ အရေးမလှလို့ လေကြောင်း အားကိုးတယ်လို့ ပြောကြပေမယ့် နိုင်ငံရေးလေ့လာသူ စိုင်းထွန်းအောင်လွင် သုံးသပ်တာကတော့ ...
“လူသယ်တဲ့ carrier ရှိတယ်။ tank တို့ ဘာတို့လို ပစ်လို့ရတာမျိုး မဟုတ်ဘူး။ အဲဒါမျိုးတွေနဲ့ သွားရင်ပစ်နိုင်တဲ့ စွမ်းရည်က PDF တွေ EAO တွေမှာရှိလားဆို တကယ်တမ်းဆို မရှိဘူး၊ တင့်ဖျက်ဖို့တွေ ဘာတွေက ရှိတဲ့ အဖွဲ့ကတော့ရှိမယ်။ နည်းဗျူဟာနဲ့ ကစားပွဲကို ဒီတစ်ပေါက်နဲ့ မရရင် နောက်တစ်ဖက်နဲ့ပြတာမျိုး တစ်ဖက်နဲ့တစ်ဖက် လုပ်ကြတာပေါ့"
စစ်မြေပြင်အခင်းအကျင်းမှာ စစ်တပ်က သုံးနေတဲ့ ဗျူဟာကို သူရှုမြင်တာကိုလည်း ပြောပြပါတယ်။
“မြစ်ကြောင်းတွေကို သင်္ဘောတွေနဲ့ တက်ရင် ရှော့တိုက်ဒုံးတွေနဲ့ အတွဲလိုက်ပစ်တာမျိုးတို့ ဘာတို့၊ အဲဒါမျိုးတွေ ခံရတော့ ဟိုကလည်း တစ်ဖက်မှာတော့ PDF တွေ ဘာတွေ တချို့နေရာတွေမှာ လမ်းရှင်းနိုင်တာတွေ နည်းနည်းပါးပါးတော့ ရှိရင်ရှိမှာပေါ့။ ဒါနဲ့ နည်းပညာကို နည်းဗျူဟာနဲ့ နောက်တစ်မျိုးမြှင့်ပြီးလာတာလေ။ ဥပမာ နေ့လယ်သွားတဲ့လေယာဉ်ဆို သူပစ်ချခံရနိုင်တယ်ဆိုရင် ညဘက်ကို လေးစင်းလောက်နဲ့ ပျံတာပေါ့။ တစ်စင်းတည်းဆိုရင် အောက်က ဝိုင်းပစ်ရင် သူထိနိုင်တယ်။ လေး-ငါး စင်းနဲ့ တစ်ပြိုင်တည်း သွားပြီး တစ်နေရာက တစ်စင်းဝင်တာ။ ပခုံးထမ်း man-pads အလက်အစိတ်လောက်ရှိတယ်ဆိုရင် သူက နေရာခွဲလိုက်တာ"
ပစ်ခတ်နိုင်စွမ်းရည်၊ ပိုင်ဆိုင်တဲ့ လက်နက်စွမ်းရည်နဲ့ လူ့စွမ်းရည်ကို အခြေခံပြီး စစ်အင်အား firepower ကို တွက်ချက်တဲ့ Global Firepower ဇယားမှာ ခု ၂၀၂၃ မှာ မြန်မာစစ်တပ်ဟာ ၁၄၅ နိုင်ငံမှာ ၃၈ နိုင်ငံမြောက်ဖြစ်လာပြီး မနှစ်ကထက် အဆင့်တစ်ဆင့် ပိုတက်လာပါတယ်။ မြန်မာလေတပ်မှာ လေယာဉ်အစင်း ၂၈၀ ရှိပြီး ၁၄၅ နိုင်ငံမှာ အဆင့် ၃၄ က လိုက်ပါတယ်။

ကမ္ဘာမှာ အမေရိကန်စစ်တပ်ဟာ Global Firepower မှာ နံပါတ်တစ်က ရှိပြီး လေတပ်မှာလည်း ၁၄၅ နိုင်ငံမှာ ထိပ်ဆုံးမှာရှိပါတယ်။ စစ်အင်အားဘယ်ရွေ့ ဘယ်မျှသာသာ အမေရိကန်စစ်တပ်မှာမရှိတဲ့ စနစ်က မြန်မာစစ်တပ်မှာရှိပြီး ဒါကို PDF တွေက ရင်ဆိုင်နေရတာပါ
“သူ့ရက်စက်မှုက စနစ်ကိုတည်ပြီးမှ institutionalize လုပ်ပြီး ရက်စက်ထားတယ်။ တည်ဆောက်ထားတဲ့ အဆောက်အဦးပေါ့နော်။ အဲဒီမှာ မူတည်ပြီး ဖြိုခွင်းတာတို့၊ ပါဝါတည်ဆောက်တာတို့ လုပ်နေတာ။အဲဒီလို ပြောလို့ သူ့မှာအားနည်းချက် မရှိဘူးလားဆိုတော့ ရှိတာပေါ့လေ။ စစ်ရဲ့တင်ကူးလိုအပ်ချက်က ၁၀ ချက်လောက်ရှိမယ်ဆိုရင် သူတို့လည်း လေးချက်ငါးချက်လောက် ကိုယ်လည်း ငါးချက်လောက်ရှိတယ်ဆိုလည်း တမျိုးလေ။ ဒါပေမဲ့ သူက ရှစ်ချက်လောက် ပြည့်စုံပြီးမှ ကိုယ်က နှစ်ချက်လောက်ပဲ ရှိတယ်ဆိုရင် ကိုယ်နာတာပေါ့။ စုဖွဲ့မှုတို့ ဘာတို့ကျတော့ ကိုယ်က မလုပ်နိုင်ဘူးပေါ့နော်။ အတိုက်အခံတွေက”
ရက်စက်မှုကို အခြေခံတည်ဆောက်ပြီး PDF မရှောင် အရပ်သားမရှောင် ဆန့်ကျင်သူမှန်သမျှ မြေပြင်က သာမက လောင်စာဆီ ရနေတဲ့အတွက် ဝေဟင်ကပါ စစ်ဆင်ရင်း Global Firepower မှာ မြန်မာစစ်တပ်က ၂၀၂၃ ခုနှစ်မှာ အဆင့်တစ်ဆင့်တက်လာရင်း လာမယ့် ဖေဖော်ဝါရီ ၁ ရက်မှာ စစ်အာဏာသိမ်းတာ နှစ်နှစ် ပြည့်မြောက်ပါတော့မယ်။ ဘဝတွေ ပျက်၊ မိသားစုတွေ ကစင့်ကလျား လွင့်ထွက်၊ အသက်၊ သွေး၊ ချွေး ဘဝတွေ စတေးရတဲ့ လူထုတော်လှန်ရေးကလည်း မြန်မာစစ်တပ်ရဲ့ စစ်အင်အား firepower ကို အန်တုမြဲ အန်တုနေဆဲပဲ ဖြစ်ပါတယ်။