အာဏာသိမ်းကာလအတွင်း အသက်ဆုံးရှုံးခဲ့တဲ့ အစ္စလာမ်ဘာသာဝင်တွေအတွက် ဆုတောင်းပွဲကျင်းပ

မြန်မာမွတ်ဆလင် ရဲဘော်တို့အသံအဖွဲ့ရဲ့ စာရင်းအရ စစ်တပ်အာဏာသိမ်းထားတဲ့ သုံးနှစ်နီးပါးကာလအတွင်း စစ်တပ်က ဖမ်းဆီးနှိပ်စက်သတ်ဖြတ်တာနဲ့ စစ်ကောင်စီတပ်တွေနဲ့ တိုက်ပွဲတွေအတွင်း သေဆုံးခဲ့တဲ့ အစ္စလာမ်ဘာသာဝင် စုစုပေါင်း ၈ဝ ရှိပါတယ်။ အဲဒီထဲမှာ အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM မှာ ပါဝင်ခဲ့သူတွေ၊ လွှတ်တော်ကိုယ်စားလှယ်၊ နိုင်ငံရေးပါတီဝင်၊ ကျောင်းသား၊ အရပ်သားနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ပါဝင်ပါတယ်။
အသက်ဆုံးရှုံးခဲ့ရတဲ့ အစ္စလာမ်ဘာသာဝင်တွေကို ဘာသာရေး ဓလေ့ထုံးတမ်းတွေနဲ့ သဂြိုဟ်ခွင့်မရခဲ့တာကြောင့် အခုလို ဝတ်ပြုဆုတောင်းပေးတာလို့ ပွဲစီစဉ်သူ ရဲဘော်အာလီက RFA ကို ပြောပါတယ်။
“သူတို့အတွက် ကျွန်တော်တို့ စစ်မြေပြင်မှာ ကျဆုံးတာဖြစ်တဲ့အပေါ်မှာ အစ္စလာမ်ဘာသာရေး ဓလေ့ထုံးစံအရပေါ့နော် တစ်ဦးတစ်ယောက် ကျဆုံးသွားတဲ့အချိန်မှာ ဘာသာရေးဓလေ့ထုံးထမ်းအရ လုပ်ရမဲ့ ကျင့်ဝတ်တွေရှိတယ်ပေါ့နော်၊ ဒါပေမဲ့ စစ်မြေပြင်မှာ ရဲဘော်တွေက ကျဆုံးသွားတာ ဖြစ်တဲ့အပေါ်မှာ တစ်ချို့လုပ်ရမဲ့ကိစ္စတွေမလုပ်လိုက်ရဘဲနဲ့ မပြီးပြတ်ဘဲနဲ့ပေါ့နော် စစ်မြေပြင်ဖြစ်တဲ့အပေါ်မှာ အရေးကြုံသလို ဖြေရှင်းလိုက်ရတာတွေရှိတယ်၊ အဲ့လိုတွေရှိတဲ့အပေါ်မှာ ကျွန်တော်တို့က အခုအားလုံးအတွက်ပေါ့နော် ပြီးခဲ့တဲ့ ကျဆုံးခဲ့တဲ့၊ အသက်ပေးလှူခဲ့တဲ့ ရဲဘော်တွေအားလုံးအတွက် ဆုတောင်းပေးတဲ့ အစ္စလာမ်တွေရဲ့ ဓလေ့ထုံးထမ်းအရ လုပ်တာဖြစ်ပါတယ်၊ အခုလိုမျိုးစီစဥ်ပြီးတော့”
စစ်အာဏာရှင်ဆန့်ကျင်ရေး သုံးနှစ် နီးပါးကြာလာချိန်မှာ စစ်တပ်က အားလျော့လာပြီဖြစ်တဲ့အတွက် မြန်မာမွတ်ဆလင်လူမျိုးစုတွေအနေနဲ့ လူမျိုးဘာသာ မခွဲခြားဘဲ စစ်အာဏာရှင်လက်အောက်ကနေ အားလုံးလွတ်မြောက်ဖို့ တစ်ခဲနက် ဝိုင်းဝန်းပါဝင်ကြဖို့ ရဲဘော်အာလီက တိုက်တွန်းပါတယ်။
“ကျွန်တော်တို့ အစ္စလာမ်ရဲဘော်တွေရှိနေသလို၊ မြန်မာတစ်နိုင်ငံထဲမှာ ပါဝင်နေတဲ့ မြန်မာမွတ်စလင်ပေါ့နော် အသိုင်းအဝိုင်းအနေနဲ့လည်း တော်လှန်ရေးမှာပေါ့နော် လက်မလျှော့ဘဲနဲ့ အများနည်းတူ ပါဝင်ပေးဖို့ကို၊ ကျွန်တော်တို့က တစ်ရေထဲတစ်မြေထဲမှာ ကြီးဖွားပြီးတော့ အတူတူရှင်သန်နေထိုင်ပြီးတော့ လက်ရှိမှာလည်း လွတ်လပ်ရေးအတွက် လူမျိုးဘာသာမခွဲခြားဘဲ အားလုံးက တန်းတူကြိုးပမ်းနေတဲ့နေရာမှာ ကျွန်တော်တို့ ဘာသာဝင်ညီနောင်တွေအနေနဲ့လည်း မြေပြင်မှာရော နောက်ကွယ်မှာရှိတဲ့ မြန်မာမွတ်ဆလင်အသိုင်းအဝိုင်းကရော အားလုံးက တစ်ခဲနက်ပါဝင်ပြီးတော့ ဒီစစ်အာဏာရှင် စနစ်ကို အမြန်ဆုံးချေမှုန်းဖို့အတွက် တိုက်တွန်းအပ်ပါတယ်။”
၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၆ရက်နေ့မှာ KNU ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ ၅နယ်မြေထဲက စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တွေ တိုက်ပွဲအတွင်း သေဆုံးခဲ့တဲ့ အစ္စလမ်ဘာသာဝင် ကိုကောင်းထက်စိုး ခေါ် ရဲဘော်ရမ်ချိုရဲ့ အစ်မဖြစ်သူ မခင်နှင်းဖြူစိုးလည်း ဒီဆုတောင်းပွဲကို တက်ရောက်ခဲ့ပါတယ်။ မောင်ဖြစ်သူ အသက်ဆုံးရှုံးခဲ့ချိန်မှာ မိသားစုတစ်ခုလုံး ခံစားခဲ့ရတဲ့အကြောင်း အခုလိုပြန်ပြောပါတယ်။
“မထင်ထားဘူးလေ တစ်အိမ်လုံးပြိုလဲတာပေါ့၊ ပြီးတော့အမေဆိုလည်း ဆေးရုံတက်ရတဲ့အထိဖြစ်သွားတာပေါ့၊ ဘာဖြစ်လို့လဲဆို သားတစ်ယောက်ထဲပါတာ အဲ့လိုမျိုးအခြေအနေကနေပြီးတော့၊ အဲ့ဒီအချိန်မှာတော့ တော်တော်ကို ထိခိုက်ခံစားခဲ့ရတာပေါ့နော်၊ အခုတော့ နှစ်နှစ်နီးပါး ဖြစ်လာပြီဆိုတော့ နည်းနည်းတော့ မေ့သွားတာမျိုးတော့ မရှိဘူးပေါ့၊ နောက်ဆုံး သူမြေချတာပေါ့နော် မြေချတဲ့အချိန်ကတော့ သူတို့ video call ခေါ်တယ်၊ ပြပေးတယ်ပေါ့နော်၊ ကိုယ်တွေကို ၊ ဒါပေမဲ့ ဘာသာရေးအရနဲ့တော့ လုပ်လိုက်ရတာမျိုးမရှိခဲ့ဘူးပေါ့နော်၊ သူတို့ဒီစစ်ထုံးထမ်း အစဥ်အလာပေါ့၊ အဲ့လိုပြောရမလား အလံအုပ်ပြီးတော့လေ မြေချတဲ့ပုံစံမျိုးပေါ့၊ စစ်သားတစ်ယောက်အနေနဲ့ပဲ သူကျဆုံးသွားတဲ့ ပုံစံမျိုးဖြစ်သွားတာပေါ့၊ video call နဲ့ အဲ့လို မြင်ခဲ့ရတယ်ပေါ့။”
ဒီဆုတောင်းပွဲမှာ အခမ်းအနားမှူးအဖြစ်ပါဝင်တဲ့ မြန်မာမွတ်ဆလင်တော်လှန်ရေးအင်အားစု ဗဟိုကော်မတီဝင် မမီရှဲက စစ်အာဏာရှင်စနစ် ကျဆုံးအောင် တိုက်ပွဲဝင်နေသူတွေ ထိခိုက်ကျဆုံးတိုင်း ဝမ်းနည်းခံစားရပြီး သူ့အနေနဲ့ တော်လှန်ရေးပြီးဆုံးပြီး ပြန်လည်ထူထောင်ရေးကာလတွေအထိ ပါဝင်သွားမယ်လို့ ပြောပါတယ်။
“အောင်မြင်မှုတစ်ခုကိုလိုချင်ရင်တော့ ပေးဆပ်မှုတစ်ခုရှိမယ်ဆိုတာတော့သိတယ် ကိုယ့်လူတွေ အဲ့လိုမျိုးဖြစ်တာကိုတော့ လုံးဝမဖြစ်စေချင်ဘူး၊ ဒီနေရာကနေပြီးတော့ ညီမပြောချင်တာကတော့ ညီမတို့သည် သုံးနှစ်တာကာလအတွင်းမှာ ပန်းတိုင်နဲ့တဖြေးဖြေးနဲ့နီးလာပြီ အခုဆိုရင် တိုက်ပွဲတွေလည်း တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အုံကြွလာပြီဖြစ်တဲ့အတွက် အသာစီး ဖြစ်နေပြီပေါ့နော် ညီမတို့ဒီပွဲကို လက်မလျှော့ဘဲ ဆက်သွားဖို့ပဲလိုတယ် အတူတူလက်တွဲပြီးတော့ ဒီတိုက်ပွဲကိုဆက်ပြီးတော့ပဲ တိုက်ကြဖို့ပြောချင်ပါတယ်။ ဒီတော်လှန်ရေးအစကတည်းက အခုလက်ရှိအချိန်ထိ ဒီအစ္စလမ်ဘာသာဝင်ထဲကနေပြီးတော့ ကျဆုံးရဲဘော်တွေ ဒဏ်ရာရတဲ့သူတွေလည်းအများကြီးရှိတယ်ပေါ့နော် သူတို့အခုလိုမျိုးဖြစ်တာကတော့ ညီမတို့အနေနဲ့အများကြီးဝမ်းနည်းမိတယ်၊ ခံလည်းခံစားရတယ်ပေါ့နော် တစ်ယောက်ကျတယ်လို့ကြားလိုက်ရင် သေလုမတတ်ခံစားရတယ်၊ ဒါပေမဲ့ သူတို့ကတော့ ရဲစွမ်းသတ္တိအပြည့်နဲ့တိုက်သွားတယ်။ ဒါပေမဲ့ကျွန်တော်တို့က ပြီးတဲ့အထိ ဒီတော်လှန်ရေးကို ပြီးတဲ့အထိ ဒီတော်လှန်ရေးကို တိုက်သွားမယ် ဒီတော်လှန်ရေးအဆုံးထိကို ကျွန်တော်တို့ပါဝင်သွားမယ်ဆိုတာကို ကျွန်တော်ဒီနေရာကနေပြီးတော့ ကတိပြုချင်တယ် ပြန်လည်ထူထောင်ရေးကာလမှာပါ တာဝန်ကိုကျေပွန်အောင်ထမ်းဆောင်မယ်ပေါ့နော်။”
“မထင်ထားဘူးလေ တစ်အိမ်လုံးပြိုလဲတာပေါ့၊ ပြီးတော့အမေဆိုလည်း ဆေးရုံတက်ရတဲ့အထိဖြစ်သွားတာပေါ့"
အာဏာရှင်ဆန့်ကျင်တော်လှန်နေတဲ့ကာလအတွင်း လွတ်မြောက်နယ်မြေတွေမှာ လူနည်းစု အစ္စလမ်ဘာသာနဲ့ လူမျိုးအပေါ် ခွဲခြားဆက်ဆံခံရတာတွေ ပပျောက်သွားပြီး အတူယှဉ်တွဲပူးပေါင်းတော်လှန်နိုင်အောင် တာဝန်ရှိသူတွေ အနေနဲ့ ပူးပေါင်းလုပ်ဆောင်ပေးဖို့ ရန်ကုန်တိုင်းစစ်ဌာန ဒေါင်းမင်းစစ်ကြောင်း သင်တန်းမှူး ဗိုလ်ချောကလက် က ပြောပါတယ်။
“ဒီတော်လှန်ရေးအရွေ့တစ်ခုကိုသွားမယ်ဆိုရင် ကျွန်တော်တို့မှာခွဲခြားမှုတွေ အဲ့ဒါတွေကို ဘေးထုတ်သင့်ပြီ မတူကွဲပြားမှုတွေနဲ့ဒီ Conflict တွေနဲ့အတူ ယှဉ်တွဲနေထိုင်နိုင်တဲ့ Capacity လိုပြီ တစ်ယောက်နဲ့တစ်ယောက် ခွဲခြားဆက်ဆံမှုလေးတွေ လျှော့သင့်ပြီ။ လောလောဆယ် မြေပြင်မှာဖြစ်ပေါ်နေတဲ့အခက်အခဲက အချို့ရဲဘော်လေးတွေမှာခွဲခြားဆက်ဆံမှုလေးတွေရှိတာ အဲ့တာတွေကို တာဝန်ရှိတဲ့အကြီးအကဲတွေ၊ အရာရှိအရာခံတွေကနေပေါင်းပြီးတော့အားလုံးလူနည်းစုတွေရဲ့ အခွင့်အရေးကိုလည်းပဲ နားလည်သဘောပေါက်သလို လူနည်းစုတွေနဲ့ လူများစုအကုန်လုံးအတူတကွ ယှဉ်တွဲနေထိုင်နိုင်ဖို့အတွက်ကို ကျွန်တော်တို့အများကြီး တစ်ယောက်နဲ့တစ်ယောက်လေးစားချစ်ခင်မှုရှိဖို့ကိုဝိုင်းပြီးပြုပြင်ပြောင်းလဲမှုလိုမယ်လို့ ကျွန်တော်ထင်ပါတယ်။"
ဒီဇင်ဘာလ ၂၆ရက်နေ့က ပဲခူးတိုင်း နတ်သံကွင်းမြို့ တိုက်ပွဲအတွင်း အစ္စလာမ်ဘာသာဝင် PDF တပ်ဖွဲ့ဝင် သတ္တိ ကျဆုံးခဲ့ပါတယ်။ စစ်အာဏာရှင်လက်အောက်ကနေ မြန်မာပြည်သူတွေ လွတ်မြောက်ဖို့ ကြိုးစားစဉ်မှာ လူနည်းစု မြန်မာမွတ်ဆလင်တွေလည်း တက်တက်ကြွကြွနဲ့ အတူပါဝင်နေကြတယ်ဆိုတာ သိစေချင်တယ်လို့ ဗိုလ်ချောကလက်က ပြောပါတယ်။
“ကျွန်တော်တို့ ဒီမြန်မာပြည်လွတ်လပ်ရေးအတွက် ကျွန်တော်တို့လည်း တစ်ခန်း တစ်ကဏ္ဍကနေ ပါပါတယ်။ ကျွန်တော်တို့လည်းပဲ ကျွန်တော်တို့ရဲ့အသက်တွေ ဒီလိုပဲ ပေးခဲ့ပါတယ်။ လူနည်းစုဖြစ်တဲ့အတွက်ကြောင့် ဘယ်သူမှ အသိအမှတ် ပြုခြင်းကိုလည်း ကျွန်တော်တို့ မခံရပါဘူး။ ကျွန်တော်တို့ အရောင်ပြောင်ချင်တာမဟုတ်ဘူး နာမည်ကြီးချင်တာ မဟုတ်ဘူး ကျွန်တော်တို့ အစ္စလမ်ဘာသာဝင်တွေကလည်း ဒီမြန်မာ့လွတ်လပ်ရေး မြန်မာ့ဒီမိုကရေစီအရေးမှာ တက်တက်ကြွကြွနဲ့ အသက်တွေပေးပြီးပါဝင်လာတယ်ဆိုတာ အားလုံးကို သိစေချင်တယ်။”
ဆုတောင်းပွဲအခမ်းအနားကို ဘာသာပေါင်းစုံက လူပေါင်း ၇ဝ လောက် တက်ရောက်ခဲ့ပြီး အစ္စလာမ်ဘာသာရေး ဓလေ့ထုံးတမ်းအရ ဝတ်ပြုဆုတောင်းတာ၊ အသက်ဆုံးရှုံးခဲ့တဲ့ ရဲဘော်တွေအတွက် ငြိမ်သက်ပြီး ဂုဏ်ပြုတာ၊ ကိုးကွယ်ကြတဲ့ ဘာသာအလိုက် ဆုတောင်းမေတ္တာပို့တာ၊ ရဲဘော်တွေရဲ့ မှတ်တမ်းရုပ်သံပြသတာတွေ ပြုလုပ်ခဲ့ကြပါတယ်။