မူဆယ်မှာ တိုက်ပွဲကြောင့် ဒေသခံတစ်ထောင်ကျော် ထွက်ပြေးနေရ
2023.08.30

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နယ် စယ်လန့်၊ မန်ကန်နဲ့ ခိုမုန်းရွာတွေအနီးမှာ သြဂုတ် ၂၈ ရက်နေ့က စပြီး စစ်ကောင်စီတပ်နဲ့ တအာင်းအမျိုးသား လွတ်မြာက်ရေး တပ်မတော် (TNLA) တို့ တိုက်ပွဲပြန် ဖြစ်နေပြီး ဒေသခံ တစ်ထောင်ကျော် ဘေးလွတ်ရာ ထွက်ပြေးနေရတယ်လို့ မူဆယ်ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်က လေကြောင်းနဲ့ပါ လာရောက်ပစ်ခတ်ခဲ့တာကြောင့် မန်ကန်အုပ်စု ထဲမှာရှိတဲ့ နမ့်ကတ်၊ မန်ထန့်၊ မိုင်းဆတ်၊ ပန်ခုတ် စတဲ့ရွာလေးရွာက ဒေသခံတွေ နီးစပ်ရာဘုန်းတော်ကြီးကျောင်းနဲ့ မူဆယ်၊ နမ့်ခမ်းဘက်ကို ထွက်ပြေးနေရတာလို့ ဆိုပါတယ်။
မန်ကန်ရွာဘုန်းကြီးကျောင်း တစ်ကျောင်းတည်းမှာတင် ဒုက္ခသည်တစ်ထောင်ဝန်းကျင် ရှိနေတယ်လို့ အမည်မဖော်လိုတဲ့ မန်ကန်ရွာခံတစ်ဦးက RFA ကို ပြောပါတယ်။
“လောလောဆယ် ကျွန်တော်တို့ ရွာသားတွေကတော့ ဘုန်းကြီးကျောင်းတွေမှာပဲ တစ်ရွာလုံး လာနေကြတာ။ ဒီတစ်ခေါက်ဆိုရင်တော့ တစ်ထောင်လောက်ရှိမှာ။ ကျွန်တော်တို့လည်း စာရင်းမကောက်ရသေးလို့ အခြေအနေ ကြည့်နေတာ။ တခြား ရွာကျတော့ သူတို့နီးစပ်ရာ ဘုန်းကြီးကျောင်းမှာပဲ၊ အိမ်မှာပဲ အဲလိုကပ်ပြီးနေတာပေါ့။ မန်ကန်ရွာကလူတွေတော့ မန်ကန်ဘုန်းကြီးကျောင်းမှာပဲ လာပြီးနေကြတယ်”
မူဆယ်၊ ကွတ်ခိုင်လမ်းပိုင်း ခိုမုန်းရွာအနီးမှာ ကုန်တင်ကားတွေကို ငွေကောက်ခံနေတဲ့ TNLA တပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ ဩဂုတ် ၂၈ ရက်နေ့က တိုက်ပွဲစဖြစ်ခဲ့တာဖြစ်ပြီး ဒီနေ့အထိ စစ်ရေးတင်းမာနေတယ်လို့ ဆိုပါတယ်။
“လောလောဆယ် ကျွန်တော်တို့ ရွာသားတွေကတော့ ဘုန်းကြီးကျောင်းတွေမှာပဲ တစ်ရွာလုံး လာနေကြတာ။ ဒီတစ်ခေါက်ဆိုရင်တော့ တစ်ထောင်လောက်ရှိမှာ"
သြဂုတ်လ ၂၉ ရက် ညနေပိုင်းမှာလည်း TNLA တပ်တွေရှိနေတဲ့ စယ်လန့်နဲ့ မန်ကန်ရွာ အနီးက လွိုင်တေမိန်း တောင်ကုန်းကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ လာရောက် ပစ်ခတ်ခဲ့တယ်လို့ အမည်မဖော်လိုတဲ့ မန်ကန်ရွာခံတစ်ဦးက RFA ကို ပြောပါတယ်။
“သူတို့က လက်နက်ကြီးတွေရော၊ လက်နက်ငယ်တွေရော ပစ်တယ်။ ဒီဘက်ကတော့ လက်နက်ကြီးတော့ တုံ့ပြန် ပါတယ်။ တစ်လုံး နှစ်လုံးပဲ သတိပေးတဲ့ သဘောမျိုးပဲ။ သူတို့ ဂျက်ဖိုက်တာနဲ့ လေးလုံးလောက်လာပြီး ဗုံးချသွားတယ်။ ပြောမယ်ဆိုရင် အဲနေရာက တပ်စွဲထားတဲ့ ကုန်းလည်း မဟုတ်ပါဘူး။ အရင် တစ်ပတ် နှစ်ပတ်တုန်းက တိုက်ပွဲဖြစ်တော့ အဲနေရာမှာဖြစ်တော့ လောလောဆယ် ခဏတစ်ဖြုတ်နေတာ။ အောင်းတဲ့ သဘောမျိုးဆိုတော့ အဲကုန်းကို အသည်းအသန် လိုချင်တဲ့သဘောမျိုး ဖြစ်နေတယ်”
TNLA ပြောခွင့်ရသူ ဒုတိယဗိုလ်မှူးကြီး မိုင်းအိုက်ကျော်ကတော့ တပ်မ ၉၉ လက်အောက်ခံ တပ်ရင်းသုံးခုအပြင် လုံထန်ပြည်သူ့စစ်၊ ရှောက်ဟော်ပြည်သူ့စစ်၊ နမ့်ခမ်းမြို့မ ပြည်သူ့စစ် အမှတ် (၁၊ ၂၊ ၃) တပ်တွေ ထိုးစစ်ဆင်လာလို့ တိုက်ပွဲစဖြစ်ခဲ့တာလို့ RFA ကို ပြောပါတယ်။
“မူဆယ်မြို့နယ်ထဲက စစ်ကြောင်းငါးကြောင်းနဲ့ ပြည်သူ့စစ်အဖွဲ့ ငါးဖွဲ့ပေါ့၊ ကျွန်တော် တို့ရှိတဲ့နေရာကို ထိုးစစ်ဆင် တက်လာတယ်။ တစ်နေရာကတော့ ခိုမုန်း ရွာနားမှာ စစ်ကြောင်းသုံးကြောင်းနဲ့ ပြည်သူ့စစ်အဖွဲ့နဲ့ မနက် ၈ နာရီ လောက်ကနေ တိုက်ခိုက် တော့ တိုက်ပွဲကစဖြစ်တယ်။ တစ်နေကုန်နီးပါးတော့ ကြာတာပေါ့။ အဲနားမှာ သူတို့ လက်နက်ကြီးတွေနဲ့ ကျွန်တော်တို့ရှိတဲ့ စယ်လန့်အထက်နားက ဘုရားတောင်ပေါ်မှာ လက်နက်ကြီးတွေနဲ့ ပစ်တာပေါ့။ အဲမှာတော့ ကျွန်တော်တို့အဖွဲ့တွေတော့ ထိခိုက်မှု တော့ မရှိဘူး ဘုန်းကြီးကျောင်းကတော့ ထိမှန်ပြီးတော့ မီးလောင်သွားတာပေါ့”
သြဂုတ် ၂၉ ရက်ကလည်း နာထန်ရွာအနီးမှာ လွိုင်တေမိန်းတောင်ကြောဘက်ကို စစ်ကြောင်းထိုးလာတဲ့ တပ်မ ၉၉ လက်အောက်ခံ ခမရ (၄၂၀)၊ ခမရ (၄၁၇) အပါအဝင် ပြည်သူ့စစ်တပ်ဖွဲ့တွေနဲ့ TNLA တို့ တိုက်ပွဲဖြစ်ခဲ့ပြီး ညနေပိုင်းမှာ စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်နဲ့ လာပစ်ခတ်ခဲ့တယ်လို့ဆိုပါတယ်။
နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့ပြီး ဒေသခံနှစ်ဦး ဒဏ်ရာရခဲ့သလို ဘုန်းကြီးကျောင်းနဲ့ နေအိမ် တချို့ ထိခိုက် ပျက်စီးခဲ့တယ်လို့ စယ်လန့်ရွာခံ အိုက်စိုင်းက RFA ကို ပြောပါတယ်။
“စယ်လန့်ရဲ့ မြောက်ဘက်မှာ ရှိတာပေါ့၊ စကစရဲ့တပ်စခန်းတွေ ညနေကစပြီး TNLA က လာစတိုက်တာပေါ့။ အဲဒါကြာင့် တိုက်ပွဲပြင်းထန်သွားတာ။ ဖိုင်မိုင်မှာဆိုရင် သုံးအိမ်ထိ တယ်။ တစ်အိမ်က မီးလောင် သွားတယ်။ နှစ်အိမ်က လက်နက်ကြီးကျတာပေါ့ ပျက်စီး သွားတယ်။ စယ်လန့်ရွာထဲမှာလည်း လက်နက်ကြီးကျပြီး ပျက်စီးတာတွေ ရှိပါတယ်။ ဘုန်းကြီးကျောင်းလည်း လက်နက်ကြီးတွေကျတယ်။ လူထိခိုက်မှုကတော့ ကျည်ဆန်နဲ့ တစ်ယောက် ထိတယ်။ မူဆယ်တင်သွားပြီ မနေ့က အရပ်သားပဲ။ မနေ့က လက်နက်ကြီး ကျတဲ့ ဖိုင်မွန်မှာဆိုရင် တစ်ယောက်ထပ် ထိခိုက်တယ်။ လောလောဆယ် အရပ်သား တော့ နှစ်ယောက်တော့ တွေ့တာပေါ့”
သြဂုတ် ၃၀ ရက်မှာ တိုက်ပွဲငြိမ်နေပေမယ့် လက်နက်ကြီးပစ်ခတ်သံကို ကြားနေရဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။
တိုက်ပွဲနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိသလို ရှမ်းပြည်နယ် စစ်ကောင်စီ ပြောခွင့်ရ စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA က ဖုန်းနဲ့ ဆက်သွယ် ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။
နိုင်ငံရေးလေ့လာသူ ဦးသန်းစိုးနိုင်ကတော့ မူဆယ်ဘက် တိုက်ပွဲဟာ TNLA ပြောသလို စစ်ကောင်စီဘက်က စစ်ကြောင်းထိုးလာတာ သက်သက်ကြောင့်မဟုတ်နိုင်ဘဲ တိုင်းရင်းသားအဖွဲ့တွေဘက်မှာ တိုက်ပွဲနဲ့ပတ်သက်တဲ့ ရည်ရွယ်ချက်ရှိနိုင်တယ်လို့ သုံးသပ်ပါတယ်။
“အခုချိန် ပေါ်ပေါက်လာတဲ့ မူဆယ်ဘက်ဆိုတာကတော့ အဓိအားဖြင့် တအာင်းနဲ့ ပိုပြီး တော့ ဆိုင်တာပေါ့ဗျာ။ စစ်ရေးနဲ့ပတ်သက်ပြီး ပြောကြဆိုကြပြီဆိုရင် စစ်ကောင်စီဘက် က ထိုးစစ်ဆင်မှုတွေလုပ်လို့ တိုင်းရင်းသားတွေက ခုခံရပါတယ်ဆိုတဲ့ အခြေခံပေါ်ကနေ ပြောဆိုတာဖြစ်တယ်။ ဒီနေ့ဖြစ်လာတဲ့ စစ်ရေးလှုပ်ရှားမှုတွေကတော့ NUG ဦးဆောင်တဲ့ နွေဦးတော်လှန်ရေးရဲ့ မဟာဗျူဟာဖြစ်တဲ့ စစ်ကြောင်းများအားလုံး နေပြည်တော်ကို ချီတက်ကြဆိုတဲ့ ကြွေးကြော်သံရဲ့ အစိတ်အပိုင်းတစ်ရပ် ဖြစ်ဖို့များတယ်လို့ သုံးသပ်ရ ပါတယ်ခင်ဗျ”
ရှမ်းပြည်အခြေစိုက် တိုင်းရင်းသားအရေး လေ့လာသုံးသပ်သူတစ်ဦးကလည်း လက်ရှိ တိုက်ပွဲဟာ ပြီးခဲ့တဲ့ဇူလိုင်လ ၂၉ ရက်နေ့နောက်ပိုင်း ဖြစ်ခဲ့တဲ့ တိုက်ပွဲရဲ့အဆက်ဖြစ်ပြီး အဲဒီတိုက်ပွဲမှာ စစ်ကောင်စီဘက်က ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေ အပါအဝင် ထိခိုက်ကျဆုံးမှု များခဲ့တာကြောင့် ထိုးစစ်ပြန်ဆင်နေတာလို့ သုံးသပ်ပါတယ်။
စစ်ကောင်စီတပ်ဟာ ဒီရက်ပိုင်း မူဆယ်မြို့နယ်ထဲကို စစ်အင်အားတွေ ထပ်ဖြည့်နေတဲ့ အတွက် တိုက်ပွဲတွေ ဆက်ပြင်းထန်လာနိုင်တယ်လို့ မူဆယ်မြို့ခံက ပြောပါတယ်။
RFA က ပြုစုထားတဲ့ စာရင်းအရ ဇူလိုင်လအတွင်း မူဆယ်၊ ကွတ်ခိုင်၊ ကျောက်မဲနဲ့ လားရှိုး မြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်နဲ့ TNLA၊ KIA၊ MNDAA တပ်ဖွဲ့တို့ တိုက်ပွဲ (၁၂) ကြိမ် ဖြစ်ခဲ့ပြီး အများစုက TNLA နဲ့ ဖြစ်ပါတယ်။
TNLA ရဲ့ သြဂုတ် ၃၀ ရက် နောက်ဆုံး ထုတ်ပြန်ချက်မှာတော့ သြဂုတ်လအတွင်း ရှမ်းမြောက်ဒေသမှာ TNLA နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲပေါင်း (၁၈) ကြိမ် ဖြစ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။