တိုက်ခိုက်ခံ မုန်လိုင်ခက် စစ်ဘေးဒုက္ခသည်တွေ ထိခိုက်မှုတွေနဲ့ ကြုံနေရ
2023.10.12

ကချင်လွတ်မြောက်ရေးအဖွဲ့ KIO/KIA ဌာနချုပ် တည်ရှိရာ လိုင်ဇာမြို့အနီး မုန်လိုင်ခက်ရွာက စစ်ဘေးဒုက္ခသည် စခန်း အောက်တိုဘာလ ၉ ရက်နေ့ ညက တိုက်ခိုက်ခံခဲ့ရပြီးနောက် အသက်ရှင်ကျန်ရစ်တဲ့ ဒုက္ခသည်တွေဟာ စိတ်ပိုင်းနဲ့ ရုပ်ပိုင်းဆိုင်ရာထိခိုက်မှုတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ဒုက္ခသည်တွေနဲ့ ကူညီကယ်ဆယ်ရေး လုပ်ဆောင်နေသူတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ ၉ ရက်နေ့ည ၁၁ နာရီကျော်လောက်က မုန်လိုင်ခက် ဒုက္ခသည်စခန်းကို အမျိုးအမည် မသိရသေးတဲ့ ဖျက်အားပြင်းဗုံးအမျိုးစားနဲ့ တိုက်ခိုက်ခံခဲ့ရတာကြောင့် ဒုက္ခသည် ကလေး ၁၁ ဦးအပါဝင် ၂၉ ဦး အသက်ဆုံးရှုံးခဲ့ရပါတယ်။
အဲဒီ တိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရှိခဲ့တဲ့ ဒုက္ခသည် ၅၇ ဦးကလည်း လိုင်ဇာ ဆေးရုံကြီးမှာ ဆေးကုသမှု ခံယူပြီး တော်တော်များများက ဆေးရုံက ဆင်းလို့ရတဲ့ အခြေအနေရှိနေပြီလို့လည်း ကူညီပေးနေသူတွေက ဆိုပါတယ်။
"အိမ်ခြေ ၁၆၈ အိမ်စလုံး အားလုံးပျက်စီးသွားတယ်။ တချို့အိမ်တွေက အစအနရှာလို့ မရတော့ဘူး။ တချို့အိမ်တွေက နေလို့မရအောင်ကို ပျက်စီးသွားတယ်"
တိုက်ခိုက်ခံရပြီး အသက်ရှင်ကျန်ရစ်တဲ့ ဒုက္ခသည်တွေကို လိုင်ဇာ ဝေကျိုင် စစ်ဘေးဒုက္ခသည်စခန်းရဲ့ ဘုရားကျောင်းခန်းမမှာ ယာယီနေထိုင်ဖို့ နေရာချထားပေးပါတယ်။ လက်ရှိမှာ နေရာထိုင်ခင်းနဲ့ အသုံးအဆောင် ပစ္စည်းကအစ လိုအပ်နေတယ်လို့ ဒုက္ခသည်အရေး ကူညီပေးနေသူတစ်ဦးက RFA ကို ပြောပါတယ်။
"IDP Campက အိမ်ခြေ ၁၆၈ အိမ်စလုံး အားလုံးပျက်စီးသွားတယ်။ တချို့အိမ်တွေက အစအနရှာလို့မရ တော့ဘူး။ တချို့အိမ်တွေက နေလို့မရအောင်ကို ပျက်စီးသွားတယ်။ Camp ဖြစ်ဖြစ်၊ တဲဖြစ်ဖြစ် လုံခြုံတဲ့နေရာမှာ နေထိုင်ဖို့ လိုအပ်တယ်။ လောလောဆယ်ကတော့ ဟောခန်းထဲက သမံတလင်းမှာ အိပ်နေကြရတာပါ။ အကာတွေလည်း မလုံခြုံသေးဘူးပေါ့။ ပြောရမယ်ဆိုရင် ဘဝတစ်ခုကို သုညကနေ အသစ်ကနေ ပြန်စရတာ ဖြစ်တယ်။ သူတို့လက်ထဲမှာ ငွေကြေး အရင်းအနှီးဆိုလို့ တစ်ပြားမှ မရှိတော့ဘူး။ ရှိပြီးသား ပစ္စည်းအသုံးအဆောင် ဖိနပ်ကအစ အကုန်ပါသွားတာမို့လို့ လူတစ်ကိုယ်ဆို လူတစ်ကိုယ် အသက်ရှင် ကျန်နေခဲ့တာကိုပဲ ကျေးဇူးတင်နေရပါတယ်။ ဒါကြောင့်မို့လို့ လိုအပ်ချက်တွေကတော့ အရမ်းကိုများပါတယ်"
မုန်လိုင်ခက်ရွာက စစ်ဘေးဒုက္ခသည်စခန်းမှာ အိမ်ထောင်စု ၁၆၈ စု၊ လူဦးရေ ၆၅၈ ဦး နေထိုင်ပြီး အဲဒီအထဲက ၂၉ ဦးသေဆုံးခဲ့ကာ ၅၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တာ ဖြစ်ပါတယ်။
စစ်ဘေးဒုက္ခသည် ကူညီထောက်ပံ့ရေးနဲ့ ပတ်သက်ပြီး ကေအိုင်အေက ဖွဲ့စည်းထားတဲ့ ဒုက္ခသည် ကူညီရေးအဖွဲ့ အပါဝင် အရပ်ဘက် အဖွဲ့စည်းတွေကပါ ဝိုင်းဝန်းဆောင်ရွက်နေပေမယ့် လိုအပ်ချက် ရှိနေသေးဆဲပဲလို့ ကူညီ ပေးနေသူတွေက ဆိုပါတယ်။
ဒါ့အပြင် အသက်ရှင်ကျန်ရစ်သူတွေမှာ လက်ရှိအချိန်အထိ ဗုံးကြဲတိုက်ခိုက်ခံရမှုကို မယုံနိုင်လောက်အောင် ဝမ်းနည်းပူဆွေးနေကြရပြီး စိတ်ပိုင်းဆိုင်ရာ ဆိုးဆိုးရွားရွား ထိခိုက်ခံစားနေရတယ်လို ဒုက္ခသည် ကူညီပေးနေသူတွေက ပြောပါတယ်။
မုန်လိုင်ခက် ဒုက္ခသည်စခန်းက အသက် (၄၀) အရွယ် ဒေါ်ရွယ်ဂျီးရဲ့သားသမီး ငါးဦးကလည်း ဗုံးကြဲတိုက်ခိုက် ခံရမှုကြောင့် အသက်ဆုံးရှုံးခဲ့ရတာကြောင့် ရူးမတတ် စိတ်ထိခိုက်ခံစားနေရပြီး နောက်ထပ် ဒီလိုအဖြစ်ဆိုးနဲ့ ဘယ်သူ့ကိုမှ မကြုံစေချင်တော့ဘူးလို့ RFA ကို ပြောပါတယ်။
“ဘာဆက်လုပ်ရမှန်းတောင် မစဉ်းစားတတ်တော့ဘူး။ ကလေးတွေနဲ့အတူ လိုက်သေလိုက်ရမလို၊ ဘာမှကို မတွေးတတ်တော့ဘူး၊ အရူးတစ်ယောက်လိုပဲ။ ကလေး ငါးယောက်လုံး သေသွားတာကြောင့် အခုဖြစ်နေတဲ့ အခြေအနေကို ကျွန်မတို့ လင်မယားနှစ်ယောက်ကတော့ ဘယ်လိုမှကို မခံစားနိုင်ဘူး သေမတတ် ခံစားရတယ်။ ဒါကြောင့် အခုနောက်ပိုင်းကတော့ အခုလို ဆိုးရွားတဲ့ အဖြစ်အပျက် ထပ်မကြုံပါရစေနဲ့တော့လို့ပဲ တွေးတတ်တော့တယ်”
ဗုံးကြဲတိုက်ခိုက်ခံရတဲ့ ညက ဒေါ်ရွယ်ဂျီးနဲ့ သူ့အမျိုးသားဟာ တောင်ယာမှာ ရှိနေတဲ့အတွက် အသက်ဘေးကနေ လွတ်မြောက်ခဲ့ပေမယ့် အသက် ၁၆ နှစ်အောက် သား နှစ်ဦးနဲ့ သမီး သုံးဦးကတော့ တိုက်ခိုက်ခံရတဲ့ နေရာမှာတင် အသက် သေဆုံးခဲ့ရတာ ဖြစ်ပါတယ်။
အခုနှစ် ဇူလိုင်လဆန်းပိုင်းကစပြီး လိုက်ဇာနားတစ်ဝိုက် တိုက်ပွဲပြင်းထန်လာပြီးနောက် လိုင်ဇာဘက်ခြမ်းကို စစ်ကောင်စီက လက်နက်ကြီးနဲ့ နေ့စဉ်နီးပါး ပစ်ခတ်တာတွေရှိနေပြီး မုန်လိုင်ခက်စခန်းကို တိုက်ခိုက်တာဟာ လည်း စစ်ကောင်စီတပ်ရဲ့ လက်ချက်ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ မုန်လိုင်ခက် တိုက်ခိုက်မှုဟာ သူတို့လက်ချက် မဟုတ်ဘဲ ကေအိုင်အေရဲ့ အမိုနီယမ်နိုက်ထရိတ် (ယမ်း) လက်နက်ရုံ မတော်တဆ ပေါက်ကွဲမှုကြောင့် ဖြစ်ရတာလို့ အောက်တိုဘာ ၁၁ ရက်နေ့က ပြောဆိုထားထားပါတယ်။
ဒါပေမဲ့ မုန်လိုင်ခက်ရွာခံတစ်ဦးကတော့ စစ်ကောင်စီထုတ်ပြန်ချက်ဟာ မမှန်ဘူးလို့ပြောပါတယ်။
“လက်နက်စက်ရုံရှိတယ်။ အဲဒီမှာ ခဲယမ်းတွေ၊ သိုလှောင်ရုံတွေ ရှိတယ်ဆိုတာ လုံးဝမဟုတ်မမှန်ပါဘူး။ ဘာလက်နက်ခဲယမ်း သိုလှောင်ရုံမှ မရှိဘူး။ အဲဒီမှာ အရပ်သားပြည်သူတွေပဲ ရှိတဲ့နေရာ ဟုတ်တယ်။ စစ်ရှောင်တွေပဲ နေတဲ့နေရာ ဟုတ်တယ်။ အရင်တုန်းက မုန်လိုင်ခက်ကို စစ်ကောင်စီက အမြဲတမ်းလိုလို မကြာမကြာ လက်နက်ကြီးတွေနဲ့ လှမ်းလှမ်း ပစ်နေတာ ရှိတယ်။ ဒါပေမဲ့ နစ်နာဆုံးရှုံးတယ်၊ လူသေလောက်တဲ့အထိ ဖြစ်တာမရှိဖူးဘူး။ ဒီတစ်ခါက အဆိုးဆုံးပဲ၊ ပြီးတော့ ဒီတစ်ခါကျတဲ့ လက်နက်ကြီးက အရင်ကကျတဲ့ လက်နက်ကြီးထက် အဆပေါင်းများစွာ အသံတွေလည်း အများကြီး ကျယ်တယ်။ ပြင်းအားလည်း အများကြီးရှိ တယ်။ ဒီလိုဆုံးရှုံးရလိမ့်မယ်လို့ ကျွန်မ တစ်ခါမှ မတွေးထားတဲ့အတွက် အရမ်းကို ဝမ်းနည်းတယ်၊ အရမ်းကို ကြေကွဲရပါတယ်"
တိုက်ခိုက်ခံခဲ့ရတဲ့ မုန်လိုင်ခက် စစ်ဘေးဒုက္ခသည်တွေဟာ ၂၀၁၁ ခုနှစ် တစ်ကျော့ပြန်တိုက်ပွဲအတွင်းနဲ့ အခုနှစ် အတွင်းမှာ ထွက်ပြေးလာသူတွေ ဖြစ်တယ်လို့ ဒုက္ခသည်အရေး ကူညီပေးနေသူတွေက ပြောပါတယ်။
ကေအိုင်အေ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကတော့ ဒုက္ခသည်စခန်းတိုက်ခိုက်ခံရတဲ့ ဖြစ်ရပ်ဟာ KIA ရဲ့ တော်လှန်ရေးလမ်းစဉ်အပေါ်မှာ ခြိမ်းခြောက်လိုက်တာပဲလို့ ပြောပါတယ်။
“သူတို့က ကျွန်တော်တို့ ကချင်ပြည်နယ်မှာ ကျွန်တော်တို့ KIO ရဲ့ နယ်မြေသာ မကပါဘူး၊ တစ်နိုင်ငံလုံး အတိုင်း အတာနဲ့ဆိုရင် ပြည်သူလူထုကိုပဲ ပစ်တာ။ ရန်သူအချင်းချင်း၊ လက်နက်ကိုင်အချင်းချင်း ပစ်တာမဟုတ်ပဲနဲ့ လက်နက်မဲ့ အပြစ်မဲ့ပြည်သူလူထုကို ပစ်တာ။ ဒါကတော့ စစ်အာဏာရှင်စနစ်ရဲ့ ယဉ်ကျေးမှုတစ်ခုလိုပဲ။ ဝန်ထုပ်ဝန်ပိုးပေးပြီး ခြိမ်းခြောက်တဲ့ ပုံစံလိုပဲ။ ကျွန်တော်တို့ တော်လှန်ရေးလမ်းစဉ် ကို ခြိမ်းခြောက်တဲ့ ပုံစံမျိုးနဲ့ ကိုယ့်ရဲ့ ပြည်သူလူထုကို သတ်ဖြတ်တဲ့ ရည်ရွယ်ချက်လည်း ဖြစ်ပါတယ်"
စစ်ကောင်စီ အသုံးပြုခဲ့တဲ့ လက်နက်အမျိုးအစားဟာ မြန်မာပြည်မှာ တစ်ကြိမ်တစ်ခါ မသုံးဖြစ်တဲ့ ဖျက်အား ပြင်း လက်နက်အမျိုးအစားကို ဒရုန်းကို အသုံးပြု တိုက်ခိုက်ခဲ့တာလို့ သုံးသပ်ထားကြောင်းလည်း ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
လက်နက်အမျိုးအစားအတိအကျသိရဖို့အတွက် ကေအိုင်အေက စုံစမ်းရေးအဖွဲ့ဖွဲ့ပြီး ဆက်လက်စိစစ်နေဆဲပဲလို့ ဆိုပါတယ်။
မုန်လိုင်ခက်ရွာက စစ်ဘေးဒုက္ခသည်စခန်း ဗုံးကြဲတိုက်ခိုက်ရပြီး အသက်သေဆုံးမှုနဲ့ အသက်ရှင်ကျန်ရစ် သူတွေ အကူအညီလိုအပ်နေတာနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ကချင်ပြည်နယ် ပြောရေးဆိုခွင့်ရှိသူ လူမှုရေးဝန်ကြီး ဦးဝင်းရဲထွန်းကို RFA က ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားတာ မရှိပါဘူး။
စစ်တပ်က အာဏာသိမ်းပြီးနောက် စစ်ကောင်စီရဲ့ လက်ချက်ကြောင့် လူအစုလိုက် အပြုံလိုက်သေဆုံးမှုဟာ အနန့်ပါတိုက်ခိုက်မှု၊ ဆယ်ဇင်းရွာ တိုက်ခိုက်ခံရမှုအပါအဝင် ဒီတစ်ကြိမ်နဲ့ သုံးကြိမ်ရှိပြီလို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ (NLD) က အောက်တိုဘာ ၁၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။